ဝိဓူရဇာတ်တော်ကြီး

မဟော်သဓာဇာတ်တော်ကြီး

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိတ္ထီလာပြည်၌ ဝိဒေဟရာဇ်မင်းကြီး စိုးစံသည်။ ထိုမင်း၌ သေနက၊ ပက္ကုသ၊ ကာမိနဒ၊ ဒေဝိန္ဒ အမည်ရှိသော အမတ်ကြီးလေးဦးရှိသည်။ ထိုပြည်၏ ရှေ့ဘက် ပါစိနယဝမဇ္ဈဂုံးရွာ၌ သိရိဝဍ္ဎသူဌေး၏ မယား သုမနဒေဝီတွင် မဟောသဓာ သုခမိန်ဖြစ်သည့် သားငယ်ကိုဖွားမြင်သည်။

ထိုသားငယ်သည် ဖွားစကပင် နတ်ဆေးလုံးကိုင်လျက် စကားပြောသည်။ ထိုဆေးလုံးဖြင့် လူအများရောဂါ ငြိမ်းချမ်းကြသည်။ ဆေးလုံးကို မဟောသဓာဟု အမည်မှည့်သည်။

၇နှစ်အရွယ်သို့ရောက်သော် မဟောသဓာသတို့သားသည် ဆန်းကြယ်သော ဇရပ်တစ်ဆောင်နှင့် ရေကန်တစ်ခုကို စီမံပြုလုပ်သည်။ မဟောသဓာ ဖွားဦးကပင် မင်းကြီးသည် အိမ်မက်မြင်မက်ထားသည့်အပြင် မဟောသဓာ၏ပညာသတင်း ကြားသောကြောင့် မင်းကြီးသည် ပညာရှိခန့်ထားရန် သေနကအမတ်ကြီးကို တိုင်ပင်သည်။ သေနကအမတ်ကြီးသည် ဝန်တိုသဖြင့် ပညာရှိမဟုတ်သေးကြောင်း တင်လျှောက်သောကြောင့် နန်းတော်သို့မခေါ်ဆောင်သေးဘဲ ငံ့နေရသည်။

မဟော်သဓာသတို့သားသည် ပါစိနယ ဝမဇ္ဈဂုံးရွာ၌ပင် စွန်ချီသောသားတစ်ကို ရအောင်ပြုလုပ်ခြင်း၊ နွားခိုးမှု၊ လည်ရွယ်ခိုးမှု၊ ခြည်ထွေးခိုးမှု၊ သားခိုးမှု၊ မယားခိုးမှု၊ ရထားခိုးမှု စသည့်၇ခုသော အရေးတို့တွင် တရားမျှတအောင် စီရင်သည်။ ထိုသတင်းတို့ကို မင်းကြီးကြားလေသော် မဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးအား တိုင်ပင်သည်။ အမတ်ကြီးက ရှေးနည်းတူ လျှောက်ထားသဖြင့် ဆိုင်းငံ့ခဲ့သည်။ အမတ်ကြီး၏ တင်လျှောက်ချက်အရ မင်းကြီးကဖြေဆိုစေသော ရှားလှံတံ၏ အရင်းအဖျားကို ရှာစေသည့် ပြဿနာ၊ ဦးခေါင်းခွံ နှစ်ခုကို ကြည့်၍ ယောက်ျား၊ မိန်းမ ခွဲခြားစေသည့် ပြဿနာ၊ မြွေအဖိုအမကို ခွဲခြားစေသည့် ပြဿနာ၊ ဦးခေါင်း၌ ပို့ပါသော သတ္တဝါကို ဆက်စေသည့် ပြဿနာ၊ ပတ္တမြားကို ကြိုးသစ်တပ်စေသော ပြဿနာ၊ နွားလားကို သားဖွားစေသော ပြဿနာ၊ ထမင်းချဉ် ပြဿနာ၊ သဲလွန် ပြဿနာ၊ ရေကန် ပြဿနာ၊ ဥယျာဉ် ပြဿနာတို့ကို အံ့ဩဖွယ် ကောင်းအောင် ဉာဏ်စွမ်းထက်မြတ်စွာ ဖြေရှင်းပေးသည်။

မင်းကြီးလည်း မဟောသဓာ၏ ပညာကို ချီးကျူးလျက် နန်းတော်သို့ ခေါ်ယူကာ အကြိမ်ကြိမ် ချီးမြောက်ပူဇော်သည်။ တခါသော် မင်းကြီး၏ မိဖုရား ဥဒုမ္ဗရဒေဝီသည် မင်းကြီးနှင့်အတူ ထွက်လာတော်မူစဉ် ငယ်လင် သူယုတ်အား မြင်၍ ပြုံးမိသည်ကို မင်းကြီးက အထင်လွဲသဖြင့် သတ်မည်ပြုရာ မဟောသဓာ သုခမိန်၏ တင်လျှောက်ချက်ကြောင့် အသက်ချမ်းသာရာ ရလေသည်။ ထိုအခါမစ၍ မဟော်သဓာအား မိဖုရားက မောင်ငယ်အရာထား၍ ချစ်ခင်စွာ ချီးမြောက်သည်။ မင်းကြီးကလည်း အဿပြာ တစ်သိန်းပူဇော်လေသည်။

ထို့နောက် မဟောသဓာ သုခမိန်သည် ခွေးနှင့်ဆိတ် ပြဿနာ၊ ပညာနှင့် ဥစ္စာ အမြတ်ပြဿနာ စသည်တို့ကိုလည်း ဖြေကြားသည်။ ယင်းတို့အားဖြင့် မဟောသဓာသည် အသက်၁၆နှစ် သို့ရောက်သော် ဥဒုမ္ဗရဒေဝီလည်း သင့်မြတ်သော သတို့သမီးနှင့် ထိမ်းမြားရန် ပြောရာ မဟောသဓာက မိမိအလိုအလျောက် ရှာဖွေလိုကြောင်းဖြင့် ခွင့်တောင်း၍ အပ်နှင့်ချည်ခင်တို့ကို ဆောင်လျက် ဆင်းရဲသားအပ်ချုပ်သမား အသွင်ဖြင့် ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားသည်။

ဥတ္တရယဝမဇ္ဈဂုံးရွာတွင် စည်းစိမ်ပျက်သော သူဌေးဟောင်းလင်မယားတွင် အမရာမည်သော သမီးတစ်ယောက် ရှိသည်။ ဇနီးလောင်းအရှာသွားသော မဟောသဓာသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏အိမ်သို့ မဟောသဓာသွားသည်။ ထို့နောက် အပ်ချုပ်သည့်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထို့နောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအာ လျှောက်ထား၍ ဆောင်ယူလက်ထပ်သည်။

ထို့နောက် အမတ်ကြီးလေးပါးသည် မဟောသဓာကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟောသဓာသည် တောင်မစ္ဈဂုံးရွာသို့ အလွတ်ရှောင်တိမ်းရလေသည်။ ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီးလေးဦးတို့ ကြံစည်သောအပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအားအမှန်ကို လျှောက်ထားစေသည်။ ယင်းသို့အခါတွင် ထီးချက်စောင့်နတ်သမီးက ပုစ္ဆာလေးရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟော်သဓာအား ရှာဖွေစေလျက် အိုးထိမ်းသည် အိမ်မှပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟောသဓာ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။

ထို့နောက် လျှို့ဝှက်အပ်သော ကိစ္စကို မည်သူအားမျှ မပြောရာဟူသော ပြဿနာတွင် သေနက အစရှိသော အမတ်ကြီးတို့ အရေးရှုံးနိမ့်သည်မှ မဟောသဓာ သုခမိန်သည် ဝိဒေဟရာဇ်တိုင်းကြီးကို ဘုရင်ကြီးကိုယ်စား စီမံခန့်ခွဲလေသည်။
တစ်ခါသော် ဥတ္တရာပဉ္စာလရာဇ်ပြည်မှ စူဠနီဗြဟ္မဒတ်မင်းသည် အတိုင်းတိုင်း အပြည်ပြည်ကို သိမ်းယူပြီးနောက် မိတ္ထိလာပြည်ကို စစ်ပြုသည်။ ဝိဒေဟရာဇ်မင်းသည် မဟောသဓာ အစီအမံအဆောင်အရွက်ဖြင့် ရန်သူကို တွန်းလှန်နိုင်သည့်အပြင် နောက်ဆုံး၌ ထိုဗြဟ္မဒတ်မင်း၏ သမီးတော် ပဉ္စလစန္ဒီမင်းသမီးကို ဥမင်လိုဏ်ခေါင်းအတွင်းမှ ဆောင်ယူကာ ဝိဒေဟရာဇ်မင်းကြီးနှင့် လတ်ဆတ်စေသည်။ စူဠနီဗြဟ္မဒတ်မင်း၏ အတိုင်ပင်ခံ ကေဝဋ်ပုဏ္ဏားသည် မဟောသဓာအား ပရိယာယ်အရာတွင် မမှီနိုင်ဘဲရှိ၍ အရှက်ကြီးစွာရလေသည်။

မဟောသဓာသည် နောင်အခါ စူဠနီဗြဟ္မဒတ်မင်းထံ၌ ခစား၍ အသက်ထက်ဆုံး ကြီးမြတ်သောစည်းစိမ်ကို ခံစားရသည်။

10 Previous Life Of Buddha Edited By Buddha Knowledge Application

Related Posts