ယနေ့ ပြည်ထောင်စု မြန်မာနိူင်ငံတော် အစိုးရသည် လွတ်လပ်၍ တက်ကြွသော နိူင်ငံခြားရေး ဝါဒ ကို ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ၁၉၈၈ခုနစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နေ့စွဲဖြင့် နိူင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်က လက်မှတ်ရေးထိုး၍ နိူင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေငြာချက်အမှတ် ၃/၈၈ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ၁၉၈၈ ခုနစ်အတွင်း ဖြစ်ပွားခဲ့သော အရေးအခင်းများတွင် အချို့သော နိူင်ငံများမှ အသံလွင့်ဋ္ဌာနများ ဆက်စပ်နေသည်ကို လေ့လာသူတစ်ဦး အနေနှင့် တွေ့ရှိရပါသည်။
မြန်မာနိူင်ငံ၏ အနေအထားနှင့် သဘောထားကို အခါအခွင့်သင့်၍ လေ့လာထားသမျှ တင်ပြလိုပါသည်။ ကမ္ဘာပေါ်တွင် ရှိသော မည်သည့်နိူင်ငံနှင့်မဆို တစ်နိူင်ငံတည်း သီးခြား ရပ်တည်၍ မရပါ။ မိမိကဲ့သို့ပင် ကမ္ဘာပေါ်ရှိ နိူင်ငံအသီးသီးတို့သည် အခြား နိူင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် နိူင်ငံအချင်းချင်း ဆက်သွယ်ပေါင်းသင်း ဆက်ဆံကြရပါသည်။
ဤကဲ့သို့ ဆက်ဆံရာတွင် နိူင်ငံများသည် မိမိတို့သက်ဆိုင်ရာ နိူင်ငံအလိုက် ချမှတ်ကျင့်သုံးရန် နိူင်ငံခြား ဝါဒ ကို သတ်မှတ်ပြဋ္ဌာန်း ဆောင်ရွက်ကြပါသည်။ ထိုသို့ သတ်မှတ်ပြဋ္ဌာန်းရာတွင် နိူင်ငံ တစ်ခု၏ နိူင်ငံခြားရေးဝါဒသည် ယင်းနိူင်ငံ၏ ပြည်တွင်းရေး မူဝါဒများကို အခြေခံ၍ မိမိနိူင်ငံ၏ အကျိုးစီးပွားကို ဦးထိပ်ထားကာ ချမှတ်ကြခြင်း ဖြစ်ပါသည်။
မြန်မာနိူင်ငံက လက်ရှိကျင့်သုံးနေသော နိူင်ငံခြားရေးဝါဒသည် မြန်မာနိူင်ငံ၏ ပကတိတည်ရှိနေသော ပထဝီ အနေအထားအရ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အတွေ့အကြုံများ အရ လည်းကောင်း၊ နိူင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးမူများအရ လည်းကောင်း၊ ချမှတ်ကျင့်သုံးနေသည့် လွတ်လပ်၍ တက်ကြွသော နိူင်ငံခြားရေး ဝါဒ ဖြစ်ပါသည်။ ယင်းနိူင်ငံခြားရေးဝါဒသည် မြန်မာနိူင်ငံအတွက် အသင့်လျော်ဆုံးသော နိူင်ငံခြားရေးဝါဒဖြစ်ကြောင်း အခိုင်အမာ ခံယူထားပါသည်။
မြန်မာနိူင်ငံသည် လွတ်လပ်၍ တက်ကြွသော နိူင်ငံခြားရေး ဝါဒ ကို ကျင့်သုံးရာတွင် နိူင်ငံတကာရေးရာများ၌ မည့်သည့်အုပ်စုတွင်မျှ မပါဝင်ဘဲ အမှန်တရားဘက်က အစဉ်တစိုက်ရပ်တည် ဆောင်ရွက်သွားမည်သာ ဖြစ်ပါတယ်။ ကမ္ဘာစစ်ဆန့်ကျင်ရေး၊ နယ်ချဲ့စနစ်နှင့် ကိုလိုနီစနစ် ဆန့်ကျင်ရေးတို့ကို ထောက်ခံပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ နိူင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးတို့တွင် နိုးကြားတက်ကြွစွာ ပါဝင် လှုပ်ရှားမည်သာ ဖြစ်ပါသည်။ ထို့ပြင် ကုလသမဂ္ဂနှင့် ကုလသမဂ လက်အောက်ခံ အဖွဲ့အစည်းများတွင် အစဉ်တစိုက် တက်ကြွစွာ ပါဝင် ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ နိူင်ငံအများနှင့် ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ နိူင်ငံအတွက် အကျိုးရှိစေမည့် စီးပွားရေးနှင့် လူမှုရေး ဆက်သွယ်မှုများကို တိုးချဲ့ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။ အလားတူပင် မြန်မာနိူင်ငံနှင့် ဒေသဆိုင်ရာ နိူင်ငံများအတွက် အကျိုးရှိမည်ဆိုပါက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း လွတ်လပ်၍ တက်ကြွသော နိူင်ငံခြားရေး ဝါဒနှင့်အညီ လိုအပ်သလို ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင်လည်း တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်မှုကို တစ်နိူင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိူင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိူင်ငံ တန်းတူမှု ရှိစေရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်ဟူသော မူကြီးငါးချက်ကို အစဉ်လေးစား၍ ထိန်းသိမ်းစောင့်ရှောက်ကာ လိုက်နာကျင့်သုံးမည် ဖြစ်ပါသည်။
အထူးသဖြင့် အိမ်နီးချင်းနိူင်ငံများနှင့် ဆက်ဆံရာတွင်လည်း အိမ်နီးချင်းကောင်းပီသစွာ မိတ်ဝတ်မပျက် ဆက်ဆံသွားမည်သာ ဖြစ်ပါသည်။ မြန်မာနိူင်ငံသည် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒအရ ကမ္ဘာ့ရေးရာများတွင် လွတ်လပ်စွာဖြင့် ဆုံးဖြတ်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနယ်ပယ်တွင် နိူင်ငံအချင်းချင်း တန်းတူမှုရှိရေးနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှု ရရှိရေးတို့ကို ဦးတည် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့မိသားစုအလယ်တွင် နိုင်ငံတိုင်း၏ ယုံကြည်ကိုးစားမှုနှင့် လေးစားမှုကို ရရှိစေရန် ကြိုးပမ်းပြီး သိက္ခာရှိစွာ ရပ်တည်သွားမည် ဖြစ်ပါသည်။
အမိမြန်မာနိူင်ငံအရေးအခင်းတွင် နိုင်ငံအချို့မှ အသံလွှင့်ဋ္ဌာနများ ဝင်ရောက် စွက်ဖက်မှုကို အမိနိူင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန် အတွက် ရှင်မဟာရဋ္ဌသာရ စာဆိုအကျော်၏ ဘူရီဒတ် လင်္ကာကြီး ဇာတ်ပေါင်းပျို့တွင် “ ဆိုရေးရှိက ဆိုအပ်လှ၏။ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့ ” ဟု ဖွဲ့ဆိုထားသည့် အတိုင်း ဆိုသင့် ဆိုထိုက်သည်တို့ကို ဆိုရပါမည်။
မြန်မာ့ဆိုရိုးစကားတွင်လည်း “ မပြောမပြီး၊ မတီးမမြည် ” ဟူ၍ ရှိပါသည်။ ပြောရန်လည်း ရှိသည့် ကိစ္စတို့ကို ပြောမှသာ ပြီးစီးမည် ဖြစ်ရာ ပြောရမည်သာဖြစ်ပါသည်။ ထို့အတူစည်ကြီးကို မတီးလျှင် မမြည်ပါ။ တီးမှသာ မြည်ပါသည်။ ပကတိရှိနေသော၊ ငြိမ်နေသော စည်ကြီးနှင့် မြန်မာနိုင်ငံသည် တူပါသည်။ စည်ကြီးတီးခတ်လျှင် အဝေးရပ်သို့တိုင်အောင် မြည်ဟိန်းသွားစေပါသည်။ ထို့အတူ ပြောစရာရှိလျှင် မိုးကြီးသည်းထန်စွာ ရွာသွန်းချလိုက်သကဲ့သို့ ပြောဆိုရမည်သာ ဖြစ်ပါသည်။ ပြောသူရှိ၍သာ ပြောဆိုလာရသည်။ ထပ်မံပြီး ယခုထက်ပြောလာပါက ယခုထက်ပို၍ ပြောဆိုမည်သာ ဖြစ်ပါသည်။ ဤသို့ပြော၍ မည်သူ့ကိုမှသာစေ၊ မည်သူ့ကိုမှနာစေ၊ မည်သူ့ကိုထူး၍ချစ်သည် မဟုတ်ပါ။ ပြည်ထောင်စု မြန်မာနိူင်ငံတွင် တိုင်းရင်းသားပြည်သူတို့၌ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမများ ရှိသည်။ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မူဆလင်ဘာသာ စသော အခြားသော ဘာသာတရားများလည်း ရှိပါသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဝါဒနှင့် ပတ်သတ်၍ ထေရဝါဒ၊ မဟာယန၊ ဟိနယာန အစရှိသော ဂိုဏ်းဂဏဝါဒ အမျိုးမျိုး ရှိခဲ့ကြသည်။ တိုင်းရင်းသား မြန်မာပြည်သူတို့သည် ထေရဝါဒကို လိုက်နာကျင့်သုံးကြသူများ ဖြစ်ပါသည်။
ထေရဝါဒဟူသည် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် လေးလအကြာတွင် ရှင်မဟာကဿပ အပါအဝင် ရဟန်း သံဃာတော်မြတ် ငါးရာ ပါဝင်လျက် ပထမ သင်္ဂါယနာ တင်ခဲ့ရာ ထိုမထေရ်မြတ်ကြီးတို့၏ တရားဝါဒကို ထေရဝါဒဟု ခေါ်ပါသည်။ ယနေ့အထိ ထေရဝါဒသင်္ဂယနာကို အထင်အရှားတင်ခဲ့သည်မှာ ခြောက်ကြိမ်မြောက် ရှိခဲ့ပါပြီ။ ထေရဝါဒ ဗုဒ္ဓသာသနာ၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ ပိဋိကတ်သုံးပုံကို သင်္ဂါယနာ တင်ခဲ့ပါသည်။ မြန်မာနိူင်ငံတွင် သာသနာဝင်အစဉ်အဆက် ထေရဝါဒကိုသာ ကျင့်သုံးပါသည်။
ဤထေရဝါဒ၌ ဘိက္ခုဝိနယ – ရဟန်းကျင့်ဝတ်၊ ဂီဟိဝိနယ – လူ့ကျင့်ဝတ်ဟူ၍ ရှိသည်။ ရှင်တော်ဘုရား ဟောကြားတော် မူအပ်သော သိက္ခာအကျင့် သုံးရပ်ရှိရာ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ ဟူ၍ ဖြစ်သည်။ ဗြဟ္မာစိုရ်တရားလေးပါး ဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရား လေးပါး ထွန်းကားသည်။
တိုင်းရင်းသား မြန်မာပြည်သူအများစု၏ မူရင်း စိတ်နေသဘောထားသည် ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ ထေရဝါဒအပေါ် အခြေခံထားသည့် စိတ်နေသဘောထား ဖြစ်ကြောင်း ထင်ရှားစွာ ပေါ်လွင်လာပါသည်။
လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး ဝါဒသည် မေတ္တာတရား သဘောအပြည့်အဝ ပါဝင်နေရာ ပြည်ထောင်စု မြန်မာနိူင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နိူင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်မှုများ ဆက်လက် တည်ရှိနေမည်သာ ဖြစ်ပါသည်။ ရန်သူနိူင်ငံဟု ယူဆသတ်မှတ်ထားခြင်း မရှိပါ။ တည်တံ့ခိုင်မြဲစွာ တည်ရှိနေသည့် စည်ကြီးကို လာ၍ တီးလာပါမူကား မြည်ဟိန်းသံ ထွက်ပေါ်လာမည် ဖြစ်ပါသည်။ ထပ်၍တီးက ပို၍ မြည်လာဦးမည် ဖြစ်ပါသည်။ တိုင်းရင်းသားမြန်မာပြည်သူတို့သည် သူတစ်ပါး၏ ကျေးဇူးတရားကို မမေ့တတ်ပါ။ ကူညီစောင့်ရှောက်ဖူးသူတို့ကို အစဉ်သတိရ ကျေးဇူးတင်မည်သာ ဖြစ်ပါသည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကူညီသူများကိုလည်း မည်သည့်အခါမျှ မေ့ဖျောက်ပစ်မည် မဟုတ်ပါ။
သို့သော် မိမိတို့အပေါ် နိူင်လိုမင်းထက်၊ နိုင့်ထက်စီးနင်း၊ အတင်း အဓမ္မ ပြုကျင့်ခြင်းများကိုကား စည်ကြီးပမာ တုံ့ပြန်မြည်ဟည်း လာမည် ဖြစ်ပါသည်။ မိမိတို့အပေါ် အပေါ်စီးမှနေ၍ မတော်မတရား၊ မဟုတ်မမှန်၊ လုပ်ကြံပြုမူခြင်းများကို လုံးဝလက်မခံပါ။ တိုင်းရင်းသား မြန်မာပြည်သူတို့၌ ရဲရင့် ထက်မြက်သော၊ စူးရှလေးနက်သော၊ တက်ကြွပြင်းထန်သော၊ ယဉ်ကျေးပျော့ပျောင်းသော သဘောထားများ ရှိပါသည်။
ယနေ့သတင်းစာများတွင် ရေးသားနေသော အချက်အလက်များ၌ အမှားအယွင်း၊ အကျအပေါက်များရှိက ပြောပြ ထောက်ပြ နိူင်ပါသည်။ တိုင်းရင်းသားမြန်မာပြည်သူတို့သည် ယဉ်ကျေးမှု အစဉ်အလာ ကြီးမားသော လူမျိုးများတို့သည် ယဉ်ကျေးမှု အစဉ်အလာ ကြီးမားသော လူမျိုးများ ဖြစ်ပါသည်။
စေတနာတရားဖြင့် ပြောပြချက်၊ ထောက်ပြချက်၊ ဝေဖန်ချက်တို့ကို လက်ခံကြိုဆိုမည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်သည် မိမိကိုယ်မိမိ ပြီးပြည့်စုံပြီဟု မယူဆထားပါ။ ထိုသို့သော သဘောမရှိပါ။ လိုအပ်ချက်များ၊ အားနည်းချက်များ ရှိဦးမည်သာ ဖြစ်ပါသည်။ ထိုအချက်များကို ပြင်ဆင်ပြုပြင်၍ ဖြည့်စွက်ချက် အားသာချက် ကောင်းမွန်ချက်များ ဖြစ်ပေါ်လာအောင် အစဉ် ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ လောကတွင် အမှန်တရားနှင့် အမှားတရားဟူ၍ရှိရာ အမှားတရားများကို နည်းနိူင်သမျှ နည်းအောင် ပြုလုပ်၍ အမှန်တရားများကို များပြားနိူင်သမျှ များပြားအောင် အကောင်အထည်ဖော်ကြရစမြဲ ဖြစ်ပါသည်။
မိမိတို့ တိုင်းရင်းသား မြန်မာပြည်သူတို့သည် အရိုင်းအစိုင်းများ မဟုတ်ကြပေ။ စာမတတ်၊ ပေမတတ်၊ ခေတ်ကို မျက်ခြေပြတ် နေသော တောတွင်း ကျောက်ဂူအောင်း ကျောက်ခေတ်လူသားများ မဟုတ်ကြပေ။
မြန်မာပြည်သူတို့၏ စိတ်ဓာတ်သည် အစဉ်မပြတ် စီးဆင်း နေသော်လည်း တည်ငြိမ်လှသော မြစ်ကြီးများစွာတို့နှင့်လည်း တူပါသည်ဟု ထပ်ဆင့် ဥပမာ ပေးလိုပါသည်။ သည်းခံစိတ် ရှိနေချိန်တွင် ဟိမဝန္တာ တောင်တန်းကြီးကဲ့သို့ ရပ်တည်၍ ပြောရေးဆိုခွင့် ပြောရမည့်အချိန်တွင် ကမ္ဘာ့ ငလျင် တော်လည်းဘိသကဲ့သို့ လှုပ်ရှားပေါက်ကွဲ မြည်ဟိန်းမည်သာ ဖြစ်ကြောင်း ထပ်ဆင့်နှိုင်းယှဉ်လျက် ဖော်ပြလိုက်ပါသည်။