သဘာဝ

သဘာဝ သတ္တုရည်ဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း

အသားအရေကို စိုပြေလှပစေဖို့ သစ်သီးဖျော်ရည်တွေကို သောက်သုံးကြသလို ရောဂါလည်းကင်း၊ ကိုယ်ရေလည်းစစ်၊ အသားအရေလည်း လှတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သဘာဝ ဟင်းသီးဟင်းရွက် သတ္တုရည်ကိုလည်း နှစ်သက်လာကြတာကို လေ့လာမိပါတယ်။ ဟင်းသီးဟင်းရွက် သတ္တုရည်ဟာ ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် တစ်ရှူးများအတွက် လိုအပ်တဲ့ အာဟာရ အင်ဇိုင်းနှင့် ဒြပ်စင်တွေကို ရစေနိူင်ပါတယ်။ ဟင်းသီးဟင်းရွက် သတ္တုရည်ဟာ သန့်ရှင်းလတ်ဆတ်မယ်ဆိုလျှင် အလွန်ကို အကျိုးရှိပါတယ်။ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ သတ္တုဓာတ်တွေဟာ ဟင်းသီးဟင်းရွက် တွေက ရရှိပြီး အန္တရာယ်ကင်းစွာ အာဟာရ ဖြစ်စေပါတယ်။


ဒါကြောင့် ဗီတာမင်နှင့် သတ္တုဓာတ်ချို့တဲ့လျှင် ဟင်းသီးဟင်းရွက် အစိမ်းစားခြင်းထက် သတ္တုရည် ပြုလုပ်ပြီး သောက်လိုက်ခြင်းဖြင့် လွယ်ကူ လျင်မြန်စွာ ဖြည့်ဆည်းပေးနိူင်မှာ ဖြစ်ပါတယ်။ သတ္တုရည်ပြုခြင်း အကြောင်းရင်းကတော့ အလွယ်တကူ အစာကြေစေပြီး အာဟာရ ဖြစ်လွယ်စေတဲ့ အတွက်ပါ။ အကောင်းဆုံး အာနိသင်ကတော့ ခန္ဓာကိုယ်တွင်း သန့်စင်သွားစေခြင်းပါပဲ။

ဟင်းသီးဟင်းရွက်မှန်သမျှ အခါးအရသာ တချို့ကလွဲပြီး ကောင်းမွန်တဲ့ သတ္တုရည်၊ ဖျော်ရည်ပြုလုပ် သောက်သုံးနိူင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေရဲ့ အစိတ်အပိုင်းကိုလိုက်ပြီး ဖျော်ရည်အမျိုးမျိုး ပြုလုပ် သောက်သုံးနိူင်ပါတယ်။
•    အသီးများမှ ထုတ်ယူသည့် သတ္တုရည် (ဥပမာ – ခရမ်းချဉ်သီး၊ သခွားသီး)
•    အစိမ်းရောင်အရွက်မှ ထုတ်ယူသည့် သတ္တုရည် (ဆလပ်ရွက်၊ ဂေါ်ဖီ၊ ဟင်းနုနွယ်)
•    အမြစ်မှ ထုတ်ယူရရှိသည့် သတ္တုရည် (မုန်လာဥနီ၊ မုန်လာဥဝါ၊ အာလူး၊ ကြက်သွန်နီ) စသည်တို့ ဖြစ်ပါတယ်။

သတ္တုရည်များ၏ အစွမ်းများ

ဟင်းသီးဟင်းရွက် သတ္တုရည်တွေဟာ ခန္ဓာကိုယ်အတွင်း ချို့ယွင်းမှုတွေ အတွက် ဆေးဖက်ဝင် စွမ်းအင် အပြည့်အဝရှိပြီး ထိရောက်စွာ ပြုစုပေးနိူင်ပါတယ်။ ဝမ်းမှန်စွာ သွားစေခြင်းဖြင့် ခန္ဓာကိုယ် အတွင်းအင်္ဂါများကို သန့်စင်သွားစေပြီး ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ စိတ်ငြိမ်စေပြီး ကောင်းစွာ အိပ်ပျော် စေနိူင်စွမ်းလည်း ရှိပါတယ်။ သွေးအားတိုးစေပြီး နဗ်ကြောများကို သန်မာစေသည့် သတ္တုရည်များလည်း ပါဝင်ပါတယ်။ အာနိသင် မတူညီတဲ့အတွက် မိမိနှင့် သင့်လျော်ကိုက်ညီရာကို ရွေးချယ်ဖို့တော့ အဓိက လိုအပ်ချက် ဖြစ်ပါတယ်။

မတူညီသော စွမ်းအင်နှင့် ဆေးဖက်ဝင်မှု

–    ဟင်းနုနွယ် သတ္တုရည်ဟာ ကျောက်ကပ်ရောဂါအတွက် အလွန်အကျိုးရှိ ပါတယ်။ အိပ်မပျော်သူ အတွက် ဆေးဖက်ဝင် ပါတယ်။
–    မုန်လာဥနီက သွေးအားကောင်းစေပြီး နဗ်ကြောများ နိုးကြားစေပါတယ်။
–    ကြက်သွန်နီကတော့ ချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ သွားကြားမှ သွေးထွက်ခြင်းအတွက် အကျိုးပြုပါတယ်။
–    ကြက်သွန်ဖြူကိုတော့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်း၊ ဆီးချိုရောဂါ၊ ဦးနှောက် အမြှေးရောင်ရမ်းခြင်းတို့အတွက် အသုံးပြုနိူင်ပါတယ်။ ကြက်သွန်ဖြူ သတ္တုရည်ဟာ သွေးထဲမှာ ရှိတဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး သွေးခဲမှုကို ကာကွယ်ပေးရာတွင်လည်း အကျိုးသက်ရောက်မှု ရှိပါတယ်။
–    ကြက်သွန်မြိတ်၊ ပဲနံ့သာရွက်က အစာမကြေ၊ လေချဉ်တက်ခြင်းကို သက်သာစေပါတယ်။

ဆေးဖက်ဝင် အလှပြုပြင်ပုံ။

ဟင်းသီးဟင်းရွက်တွေရဲ့ အမျှင်တွေဟာ အူကို ကျယ်ပြန့်စေပြီး ရေနဲ့ ပရိုတင်းကို စုပ်ယူကာ အညစ်အကြေးများကို မစင်အဖြစ် စွန့်ထုတ်နိူင်ဖို့ အားပေးပါတယ်။ ဒါကြောင့် ဝမ်းချုပ်တဲ့ အကျင့်မရှိအောင် စွမ်းဆောင်ပေးနိူင်ပြီး အသားအရေကို စိုပြေ ကြည်လင်နေစေခြင်း ဖြစ်ပါတယ်။ သည့်အပြင် အူလမ်းကြောင်း တစ်လျှောက်လုံး အတွင်းထဲမှာ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ ကင်းစင်သွားစေနိူင်စွမ်းလည်း ရှိပါတယ်။ အနာရောဂါ ကင်းစင်စွာ နေနိုင်တာကြောင့် အရေပြားပေါ်မှာ အပြစ်အနာအဆာတွေ ကင်းပျောက်စေပြီး ထပ်မံမပေါက်အောင် ကာကွယ်နိူင်ပါတယ်။ ဆဲလူးလို့စ်အသွင်ရှိနေတဲ့ အမျှင်တွေဟာ ကိုလက်စထရောတွေကို အလွယ်တကူ ဖယ်ရှားပေးနိူင်တာကလည်း ကိုယ်ရေစစ်ပြီး အသားလှဖို့ အားရစရာ ဖြစ်ပါတယ်။ သွေးကြောကျဉ်း၍ မာခြင်း၊ သွေးတိုးခြင်း၊ ဝမ်းချုပ်ခြင်း အတွက် မုန်လာဥနီ၊ ဂေါ်ဖီထုတ်၊ မုန်လာဥဝါ၊ သခွားသီး၊ ပဲနှင့် ပဲကြီးတို့ကို စားသုံးသင့်ပါတယ်။


ဒါပေမဲ့လည်း အူရောင်နေတယ်ဆိုရင်တော့ ဆဲလ်လူးလို့ ပါဝင်မှု နည်းတဲ့ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ အာလူးနှင့် အရွက်သတ္တုရည် များကိုသာ သောက်ပေးသင့်ပါတယ်။

ခရမ်းသီး၊ မုန်လာဥနီ၊ ဖရုံသီး စတဲ့ အသီးတွေမှာ ပက်ပတင် ပါဝင်တဲ့အတွက် ရေမှာ ပျော်ဝင်ပြီး ဗက်တီးရီးယား တချို့နှင့် အဆိပ်အတောက် အချို့ကို သေစေပြီး ခန္ဓာကိုယ် အပြင်သို့ ထွက်စေပါတယ်။ ပက်ပတင် ပါဝင်၍ ရောဂါပိုးများကို ကာကွယ်နိူင်စွမ်းရှိပြီး နုပျိုသက်ရှည်ကျန်းမာစေတဲ့ ဟင်းသီး ဟင်းရွက် တွေထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥနှင့် မုန်ညှင်းထုပ်တွေကလည်း ရှေ့တန်းက ပါဝင်ပါတယ်။

အထူးသတိပြုရမည့် အချက်

ဟင်းသီးဟင်းရွက်တွေကို သတ္တုဖျော်ရည်အနေနဲ့ သောက်သုံးနေသူများ အထူးသတိထားစရာ ကတော့ ဖျော်ရည်တစ်မျိုးစီမှာ မတူညီတဲ့ အာနိသင်တွေရှိပြီး မိမိတို့ရဲ့ ကိုယ်ခံစွမ်းအားသတ္တိနှင့် ကိုက်ညီမှု ရှိ မရှိ သိဖို့ လိုပါတယ်။
အရွက်သတ္တုရည်တွေက နဗ်ကြောတွေကို သက်တောင့်သက်သာ ရှိစေပြီး စွန့်ပစ်ပစ္စည်းများနှင့် အဆိပ်အတောက်များကို နဗ်ကြောများမှ အဝေးသို့ ဖယ်ရှားသန့်စင်ပစ်ပါတယ်။ အရွက်သတ္တုရည်ကို အစာစားပြီး နာရီဝက်တစ်ကြိမ် သို့မဟုတ် ပိုပြီးတော့လည်း သောက်သုံးနိူင်ပါတယ်။ အရွက်သတ္တုရည်ကို တစ်ကြိမ် သို့မဟုတ် ပိုပြီးတော့လည်း သောက်သုံးနိူင်ပါတယ်။ အရွက်သတ္တုရည်ကို အစာမစားမီ မသောက်နဲ့။ အထူးသဖြင့် အသီးဖျော်ရည်များနှင့် အချိန်နီးကပ်စွာ မသောက်ရန် အရေးကြီးပါတယ်။ အရွက်စိမ်းသတ္တုရည်ကြောင့် မအီမသာဖြစ်ခြင်း ကို ကြုံရတတ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်အတွင်း သန့်စင်ခြင်းနှင့် ရောဂါကုသဖို့ဖြစ်စေ၊ ကိုယ်ရေစစ်လိုတဲ့အတွက်ဖြစ်စေ ဟင်းသီးဟင်းရွက်သတ္တုရည်နှင့် ဖျော်ရည်တွေကို သောက်မယ်ဆိုလျှင် တစ်မယ်ချင်း တစ်မျိုးချင်း သောက်သုံးတာက အန္တရာယ် အကင်းဆုံးဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်ကို သစ်သီးဖျော်ရည်တွေနဲ့ ရောပြီး သောက်လို့ရပေမဲ့လည်း အမြစ်သတ္တုရည်နှင့် ရောမသောက်ဖို့ လိုပါတယ်။ အမြစ်သတ္တုရည်တွေဖြစ်တဲ့ မုန်လာဥနီ၊ ဥဝါ၊ ကြက်သွန်နီ၊ အာလူးတွေကို သီးခြားသောက်သုံးခြင်းက အကောင်းဆုံး၊ အထိရောက်ဆုံးနှင့် စိတ်အချရဆုံး ဖြစ်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts