အခုခေတ်မှာ ဈေးကွက်ရှာဖွေခြင်း (Marketing) ဆိုတဲ့ စီးပွားရေး ဆိုင်ရာစကားလုံးလေးကို ကြားဖူးကြမှာပါ။ အဲဒါကို ရိုးရိုးလေး ရှင်းပြရမယ်ဆိုရင် မိမိပစ္စည်းကို ဝယ်ယူစားသုံးမယ့် ဖောက်သည်ရှာဖွေခြင်းပါ။ မိမိ ပစ္စည်းကို ဝယ်ယူသူရှိဖို့ မိမိပစ္စည်းကို လူသိအောင် အရင်ကြော်ငြာရပါမယ်။ ကြော်ငြာနည်းတွေ အများကြီးရှိပါတယ်။ စရိတ်နည်းနည်းပဲကုန်တဲ့ လူကိုယ်တိုင် လိုက်ပြောကြော်ငြာတာ၊ အင်တာနက်က ကြော်ငြာတာ၊ ကားမှာကြော်ငြာတာ၊ လက်ကမ်းကြော်ငြာစာစောင် ဝေတာတွေရှိသလို ငွေအများကြီး အကုန်အကျခံရတဲ့ ကြော်ငြာဆိုင်းဘုတ်၊ ရေဒီယို၊ တီဗွီ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စတာတွေကနေ ကြော်ငြာရတဲ့နည်းတွေ ရှိပါတယ်။
ကြော်ငြာကောင်းရင် လူတွေကြည့်ကြမယ်။ လူတွေကြည့်မှ ကြော်ငြာတဲ့ပစ္စည်းကို သိကြမယ်။ လူတွေသိပြီး စိတ်ဝင်စားမှုရှိမှ အဲဒီပစ္စည်းကို ဝယ်မှာပါ။ ကိုယ့်ပစ္စည်းရဲ့ အရည်အသွေး ဝန်ဆောင်မှုတွေကလည်း ကောင်းမှ ဝယ်ယူစားသုံးသူများပြီး မိမိလုပ်ငန်း အောင်မြင်မှာပါ။ ကျွန်တော်ပြောပြချင်တာ အဲဒီလိုကြော်ငြာရတဲ့ Marketing အကြောင်းတွေမဟုတ်ပါဘူး။ ကြော်ငြာခအကုန်ခံစရာမလိုတဲ့ Marketing အကြောင်းလေးတစ်ခုပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြန်မာနိုင်ငံကို ခွင့်နဲ့ ခဏပြန်သွားပါတယ်။
ရန်ကုန်ရောက်တော့ အရင်က စင်ကာပူမှာ အလုပ်လုပ်ဖူးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပါတယ်။ သူကပြောပါတယ် “ငါကွာ ဒီလိုအပြီးပြန်လာတာ ၆ လရှိသွားပြီ။ မိသားစုနဲ့ နေချင်တာရယ်၊ ငါစုလာတဲ့ ငွေလေးနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု လုပ်ချင်လို့ကွာ။ ငါလုပ်ချင်တာက စားသောက်ဆိုင် Restaurant လေးဖွင့်ချင်တယ်။ ဆိုင်ဖွင့်ပြီး ငါ့ဆိုင်ကို လူသိအောင် ကြော်ငြာခလည်း အကုန်မခံချင်ဘူးကွာ”လို့ ပြောပြပါတယ်။ ပြီးတော့ တခြားကိစ္စလေးတွေ ဆက်ပြောကြပါတယ်။ လူချင်းမခွဲကြခင် ကျွန်တော်က သူ့ကို ညနေကျရင် ညစာကျွေးမယ် သူ့အိမ်ကို လာခေါ်မယ်လို့ ပြောခဲ့ပါတယ်။
ညနေကျတော့ သူငယ်ချင်းကို စားသောက်ဆိုင်တစ်ခုကို ကားနဲ့ခေါ်သွားပါတယ်။ ဆိုင်းဘုတ်သားသားနားနားနဲ့ လူနေအိမ်ခြေ အတော်များတဲ့ ရပ်ကွက်ထဲမှာဖွင့်ထားတဲ့ တစ်ခုတည်းသော ဆိုင်ကြီးပါ။ ဆိုင်ထဲမှာ စားသောက်နေသူတွေ သိပ်မရှိပါ။ ကျွန်တော်တို့ နှစ်ယောက်လည်း လွတ်နေတဲ့စားတစ်လုံးမှာ ဝင်ထိုင်လိုက်ကြတယ်။ ၁၀ မိနစ်ကြာတဲ့အထိ ဘယ်စားပွဲထိုးမှ လာမမေးကြပါဘူး။ ကျွန်တော်က မနေနိုင်တော့ စားပွဲထိုးတစ်ယောက်ကို လှမ်းခေါ်လိုက်ပါတယ်။ အဲဒီစားပွဲထိုးက မကြားချင်ယောင်ဆောင်ပြီး လှည့်မကြည့်ပါဘူး။ ကောင်တာမှာ ထိုင်နေတဲ့ မန်နေဂျာက လှမ်းပြောလိုက်မှ အဲဒီစားပွဲထိုး ရောက်လာပါတယ်။ ကျွန်တော်လည်း ဘီယာနဲ့ စားစရာတွေ မှာလိုက်ပါတယ်။
အချိန်အတော်ကြီးကြာမှ ရောက်လာပါတယ်။ စားစရာတွေကလည်း အရသာသိပ်မရှိပါဘူး။ မကြာခင်မှာ ဘီယာကုန်သွားလို့ ဘီယာထပ်မှာဖို့ စားပွဲထိုးကို ခေါ်တာ အရင်လိုပဲ မကြားချင်ယောင်ဆောင်နေပါတယ်။ သူငယ်ချင်းက စိတ်မရှည်တော့ဘူး တော်ပြီ။ ပြန်ကြရအောင်ကွာလို့ ပြောတာနဲ့ ပိုက်ဆံရှင်းပြီး ဆိုင်ကထွက်လာခဲ့ကြပါတယ်။ ဆိုင်အဝမှာ လာစားတဲ့ လူတစ်ယောက်က “တော်ပြီကွာ ဒီလောက် သောက်သုံးမကျတဲ့ဆိုင်မျိုး တစ်သက်လာမစားတော့ဘူး”လို့ ပြောသွားသံသဲ့သဲ့ ကြားမိလိုက်တယ်။
သူ့အိမ်ကို ပြန်လိုက်ပို့ပေးတယ်။ လမ်းကျတော့ ကားပေါ်မှာ သူကမေးပါတယ်။ “သိန်းဖေရာ မင်း ဘာလို့ဒီလောက်ဆက်ဆံရေးညံ့၊ အစားအသောက်ကလည်းမစွံတဲ့ ဒီလိုဆိုင်မျိုးကို ခေါ်ရတာလဲကွာ။ ပိုက်ဆံပေးပြီး စိတ်ညစ်ရတယ်။ မင်း မသိရင်မေးပါကွာ။ ငါသိတဲ့ ဆိုင်ကောင်းကောင်းတွေ အများကြီးရှိပါတယ်”။ ကျွန်တော်လည်း ပြန်ပြောပါတယ်။ “သူငယ်ချင်း ငါ ဒီဆိုင်မကောင်းဘူးဆိုတာ ကောင်းကောင်းသိတာပေါ့ကွာ။ အဲဒါကြောင့်လည်း ဒီဆိုင်ကို တမင်ရွေးပြီး မင်းကိုခေါ်လာတာ”။ ကျွန်တော့်စကားကို သူ အရမ်းစိတ်ဝင်စားသွားပြီး ရှင်းပြပေးဖို့ပြောပါတယ်။
ကျွန်တော်ပြောလိုက်တယ်။ “သူငယ်ချင်း မင်းနေ့လယ်က ပြောသွားတယ်လေကွာ။ ရန်ကုန်မှာ စားသောက်ဆိုင်ဖွင့်ချင်တယ်။ စားသောက်ဆိုင်အတွက် ကြော်ငြာခလည်း အကုန်မခံနိုင်ဘူးလို့ ပြောတယ်မဟုတ်လား။ စောစောက ဆိုင်အနေအထားကိုကြည့်ရင် လူစည်ကားတဲ့ရပ်ကွက်မှာ ဖွင့်ထားတယ်။ ဆက်ဆံရေး မကောင်းဘူး။ ဝန်ဆောင်မှု ညံ့တယ်။ အစားအသောက်ကလည်း မစွံဘူး။ မင်း အဲဒီဆိုင်ဘေးမှာ စားသောက်ဆိုင်ဖွင့်လေကွာ။ စောစောက အဲဒီဆိုင်ရဲ့ မကောင်းတာတွေရှောင်ပြီး သူ့ထက်သာအောင်လုပ်လိုက်ရင် သူ့ဖောက်သည်တွေဟာ ကိုယ့်ဖောက်သည်ဖြစ်သွားမယ်လေ။ ကြော်ငြာခတစ်ပြားမှလည်း အကုန်ခံစရာမလိုဘူး”။ သူငယ်ချင်းလည်း သူစဉ်းစားဦးမယ်လို့ပြောပြီး သူ့အိမ်ရောက်တော့ ကားပေါ်က ဆင်းသွားပါတယ်။
နောက်တစ်နှစ်ကြာတော့ ရန်ကုန်ကို ခွင့်နဲ့ တစ်ခေါက်ပြန်ရောက်ပါတယ်။ စောစောက သူငယ်ချင်းနဲ့ပြန်ဆုံပါတယ်။ သူက အခု စားသောက်ဆိုင်ဖွင့်ထားလို့ ကျွန်တော့်ကို ညစာ သူ့ဆိုင်မှာ ကျွေးချင်တယ်။ လာခေါ်မယ်လို့ပြောတယ်။ ညနေကျတော့ သူ့ဆိုင်ကို ရောက်တယ်။ သူ့ဆိုင်ဟာ အရင်ကပြောခဲ့တဲ့ ဆိုင်ညံ့ရဲ့ဘေးမှာ ဖွင့်ထားတာတွေ့ရတယ်။ စားသောက်သူတွေလည်း အပြည့်ပါပဲ။ စားသောက်သူတွေ ကြည့်ရတာလည်း အေးအေးဆေးဆေး စိတ်ချမ်းချမ်းသာသာနဲ့ စားနေကြတာ တွေ့ရတယ်။ အံ့ဩစရာကောင်းတာ က အရင်ဆိုင်မရှိတော့ဘူး။ အဲဒီဆိုင်ကို သူငယ်ချင်းက ဝယ်လိုက်ပြီး ဆိုင်နေရာထပ်ချဲ့ဖို့ လုပ်နေတယ်လို့ပြောပါတယ်။ ရန်ကုန်ပြန်ပြီး စီးပွားရေးလုပ်မယ်လို့ ပြောပြောနေတဲ့ သူငယ်ချင်တွေအတွက် စဉ်းစားစရာ အတွေးလေးပါ။
ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။