ရုပ်ရှင်ဒိုင်ယာလော့တစ်ခွန်းက ဒီလိုဆိုတယ်…။
“ဘဝရဲ့အဆုံးကို ရောက်သွားတဲ့အခါ ငါတို့ဟာ တူညီသွားကြတယ်။ ငါတို့ အိုမင်းသွားကြမှာပဲ။ အကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါ ပြောတတ်ကြမှာပါပဲ။ ဒါပေမဲ့ ရိုးသားကြင်နာတဲ့ လူတစ်ယောက်နဲ့တော့ တစ်သက်တာကို ဖြတ်သန်းဖို့လိုတယ်” တဲ့…။
လူ့ဘဝတစ်သက်မှာ လူနှစ်မျိုးနဲ့ တွေ့ဆုံကြရတယ်။ တစ်မျိုးက ကိုယ့်ကိုငိုစေတဲ့သူ၊ နောက်တစ်မျိုးက ကိုယ့်ကိုပြုံးရယ်စေတဲ့သူ။ ဒီလူနှစ်မျိုးရဲ့ ခြားနားချက်က ကိုယ့်ကို ငိုစေတဲ့သူက ကိုယ်ချစ်တဲ့သူဖြစ်ပြီး ကိုယ့်ကို ပြုံးရယ်စေတဲ့သူက ကိုယ့်ကိုချစ်တဲ့သူဖြစ်တယ်။
ငယ်ရွယ်ချိန်တုန်းက ကိုယ်တို့ဟာ မရနိုင်တဲ့အရာကိုမှ ခေါင်းမာမာနဲ့ နှစ်သက်တတ်ခဲ့တယ်။ ပိုးဖလံ မီးတိုးတာဟာ ဘာအကျိုးမှမရှိဘူးဆိုတာကိုလည်း သိသိနဲ့ ဘာကိုမှမငဲ့ဘဲ စမ်းကြည့်ချင်ခဲ့ကြတယ်။ သူ့ကြောင့် ကိုယ့်နှလုံးသားမှာ ဒဏ်ရာအနာတရဖြစ်မှ တကယ်တော့အချစ်ဟာ ဒီလောက်ပင်ပန်းဖို့မလိုမှန်း ကိုယ်သိလိုက်ရတယ်။
အချစ်ဆိုတာ လူကို ပျော်ရွှင်စေတဲ့အရာပါ။ လူကို ဝမ်းနည်းကြေကွဲစေတဲ့အရာ မဟုတ်ပါဘူး။
လူတစ်ယောက်နဲ့ အတူပေါင်းသင်းဆက်ဆံရခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲလို့ ကိုယ်သေချာတွေးကြည့်မိတယ်။
အချင်းချင်း သံသယဝင်ဖို့၊ အချင်းချင်း စိတ်မချမ်းမြေ့ဖြစ်စေဖို့ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်။ အချင်းချင်း အငြိုးထား အမုန်းပွားဖို့ဆိုတာက ပိုမဖြစ်နိုင်ဘူးမဟုတ်လား။ ဘဝမှာ ကိုယ်တို့စိတ်အားငယ်ချိန်မှာ သူ့ကို သတိရလိုက်မိတာနဲ့ အလိုလို အင်အားပြည့်သွားစေတာမျိုးလေ…။
ဘဝတစ်သက်က ရှည်လျားပါတယ်။ ဒီတစ်သက်မှာ ဘယ်သူနဲ့အတူ နေမယ်ဆိုတာက ပိုအရေးကြီးပါတယ်။ ကိုယ့်ကိုပြုံးရယ်စေတဲ့လူတစ်ယောက်ကို ချစ်ပါ။ အကြောင်းက… ဒီလောကမှာ ကိုယ့်ကို ထမင်းဖိတ်ကျွေးမဲ့သူများပေမဲ့ ကိုယ့်ကိုချက်ပြုတ်ကျွေးတဲ့သူ နည်းလို့ပါ။ ကိုယ့်ကို မျက်ရည်ကျစေမဲ့သူများပေမဲ့ ကိုယ့်မျက်ရည်ကို သုတ်ပေးမယ့်သူ နည်းလို့ပါ။ ကိုယ့်ကို ချစ်တယ်လို့ ပြောတဲ့သူ များပေမဲ့ ကိုယ့်ကို အမြဲချစ်နေမဲ့သူ နည်းလို့ပါ။
အချစ်ဆိုတာ တစ်ဟုန်ထိုးဖြစ်ပေါ်လာတဲ့ လှုံ့ဆော်မှု မဟုတ်ပါဘူး။ နှစ်ယောက်သား မနုပျိုတော့တဲ့ အချိန်မှာတောင် ကိုယ့်ကို ကလေးငယ် တစ်ယောက်လို သူကြင်နာယုယနိုင်နေသေးတာက အချစ်ပါပဲ။
နောင်နှစ်ပေါင်းများစွာ ကြာတဲ့အချိန်ထိ သူက စနောက်လိုက်၊ ကိုယ်က ရယ်မောလိုက်နဲ့… အဲဒါကမှ အချစ်ရဲ့ တစ်ကယ့်လှပတဲ့ပုံရိပ်ဖြစ်ပါတယ်။
ဆရာမနိုင်းနိုင်းစနေ ရေးသားထားသော “ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။