(Embarrassment at work) သင်သည် တစ်ခါမှအခက်မကြုံဖူးပါ၊ စိတ်မထိခိုက်ဖူးပါ၊ ဝေဖန်ရှုတ်ချခြင်း မခံရဖူးပါ၊ အလုပ်တွင် အမှားအယွင်း မလုပ်ဖူးပါဟုဆိုလျှင် ထိုအတွေ့အကြုံများကို ခံစားရသည့်သူများကို သင် မည်သို့သင်ကြား နိုင်မည်နည်း၊ မည်သို့ကူညီထောက်ပံ့ပိုးနိုင်မည်နည်း။ လုပ်ငန်းဆိုင်ရာ စိုးရိမ်ကြောင့်ကြမှု၊ သံသယ၊ စိတ်သောကရောက်မှု၊ အပယ်ခံရခြင်းနှင့် အခြားအနေရခက်သော (သို့မဟုတ် နာကျင်မှုပေးသော) တစ်ခဏတာ အချိန်တို့ကို ကိုယ်တိုင်မကြုံတွေ့ဖူးပါက သတ်မှတ်ချက်အရ သင်သည် အခြားလူများ အလားတူကိစ္စရပ်များကို ကြုံတွေ့ရပါက တိကျရှင်းလင်းပြီးအသုံးဝင်မည့်အကြံဉာဏ်ကို ပေးနိုင်မည့်အရည်အချင်း သင့်မှာ မရှိပါ။ သူတို့ မည်သို့ခံစားနေရသည်ကို သင် သိမည်မဟုတ်ပါ။ ထို့ကြောင့် သင်သည် သူတို့အကျပ်ရိုက်ခြင်း ကြုံတွေ့ရသည့်အခါ ထိုးထွင်းအမြင်ဖြင့် အကြံဉာဏ်ပေးရန် မဖြစ်နိုင်ပါ။
သင် ဘိုင်စကယ် မစီးဖူးလျှင် အခြားလူကို မည်သို့ သင်ပေးမည်နည်း။ ဖြစ်ချင်တော့ လုပ်ဖော်ကိုင်ဖက်များကြား (လူသားများအနေဖြင့်) သာမန်တူညီမှုတစ်ခုမှာ ကျွန်မတို့၏ အပြစ်အနာအဆာများဖြစ်သည်။ သို့သော်လည်း ကျွန်မတို့ မလျှော့သောစွမ်းအားဖြင့် ထိုနာကျင်ဖွယ် အမှတ်တရတို့ကို တစ်ဦးထံမှတစ်ဦး ဖုံးကွယ်ရန် ကြိုးစားကြသည်။ အခြားလူတစ်ဦးအခက်အခဲကြုံရသည့်အခါ သင်ပေးနိုင်ရန်လည်းကောင်း၊ ကူညီနိုင်ရန်လည်းကောင်း (ဆိုလိုသည်မှာ သူတို့ မည်သို့ခံစားနေရသည်ကို သေချာသိပြီး သင် ထိုသို့ကြုံတွေ့ခဲ့ရစဉ်က မည်သို့ဖြတ်ကျော်ခဲ့သည်ကို ပြောပြပြီး အကြံဉာဏ်ပေးခြင်း) စွမ်းဆောင်ပေးနိုင်မည့်အရာသည် ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး ရှားရှားပါးပါး မျှဝေခြင်း မရှိသည့်အရာ ဖြစ်နေသည်။
မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။