တစ်နေ့မှာ လူငယ်လေးတစ်ယောက်ဟာ မျက်စိကြည့်မကောင်းလို့ သူ့အဖေကိုပြောပြတယ်။
အဖေက သူ့မျက်မှန်ကိုချွတ်လိုက်ပြီး သူ့သားလက်ထဲထည့်ပေးရင်း ပြောလိုက်တယ်။ ‘ငါ့မျက်မှန် တပ်ကြည့်စမ်းကွာ’။ ငါဒီမျက်မှန်တပ်လာတာ ၁၀ နှစ်ရှိပြီ။ အရမ်းကြည့်လို့ကောင်းတယ်ကွ။ ငါ့မှာ အပိုတစ်လက်ရှိလို့ မင်းကိုပေးတာ။ ‘မင်းနဲ့အဆင်ပြေရင်ယူသွား’တဲ့။
သားဖြစ်သူကလည်း အဖေ့မျက်မှန်ကို တပ်ကြည့်လိုက်တယ်။ အရင်ထက်တောင် ပိုမမြင်ရတော့ဘူး။ ဒါကြောင့် သူက ‘ပိုဆိုးသွားတယ်အဖေ၊ ဘာမှတောင် မမြင်ရတော့ဘူး’ လို့ပြောလိုက်တယ်။
အဖေက ‘ဘာဖြစ်လို့လဲ၊ သေသေချာချာကြိုးစားပြီး တပ်ကြည့်စမ်းပါကွာ။ ငါ့အတွက်တော့ ဒီမျက်မှန်က အရမ်းကောင်း အရမ်းကြည်ပဲကွ’ လို့ပြောလိုက်တယ်။
သားက ‘ကျွန်တော်ကြိုးစားတပ်ကြည့်ပါတယ် အဖေရာ။ အားလုံးဝါးနေတုန်းပဲ’။
အဖေက ‘သားကလဲ အကောင်းမြင်စိတ်လေးမွေးမှပေါ့’။
သားက ‘ကျွန်တော် အကောင်းမြင်စိတ်မွေးပြီး ကြည့်ပါတယ် အဖေရာ။ ဘာမှကိုမမြင်ရလို့ပါ’။
အဖေက ‘မင်းငါ့စေတနာကို နားမလည်ဘူးနော်။ ငါ့မှာ မင်းကိုချစ်လွန်းလို့ ကူညီပေးနေတာ’ တဲ့။
ကဲ ဘာဆက်ဖြစ်ကြမလဲ။ တွေးကြည့်ပေတော့။
မိဘတွေလည်း သားသမီးတွေကို ချစ်လွန်းတော့ ကိုယ်ဖြစ်ချင်တဲ့ပုံစံရအောင် အတင်းလုပ်ခိုင်းတတ်ကြတယ်။ သားသမီးရဲ့ ဖြစ်ချင်တဲ့ဘဝ လိုချင်တဲ့ဆန္ဒနဲ့ မကိုက်ညီရင် စောစောက သားအဖဖြစ်ကြသလို နှစ်ဦးနှစ်ဖက်စလုံးအဆင်ပြေကြမှာ မဟုတ်ဘူး။ မိဘကလည်း ငါ့စေတနာကိုသဘောမပေါက်ဘူးဆိုပြီး စိတ်ဆင်းရဲလိမ့်မယ်။ သားသမီးဘက်ကလည်း သူတို့မလုပ်ချင်တာ ဝါသနာမပါတာကို အတင်းလုပ်ခိုင်းတယ်ဆိုပြီး မိဘအပေါ်ကို အပြစ်မြင်လိမ့်မယ်။ အဲဒီလိုမိဘမျိုးမဖြစ်ဖို့ သတိထားစေချင်ပါတယ်။ ကိုယ့်မျက်မှန်ကို သားသမီးကိုအတင်းမတပ်ခိုင်းဖို့ အရေးကြီးပါတယ်။
ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။