သူတစ်ပါးပစ္စည်း မခိုးရ

သူတစ်ပါးပစ္စည်း မခိုးရ

လွတ်လပ်ပြီး သိက္ခာရှိတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာဖို့ အရေးကြီးဆုံးက သူတစ်ပါးပစ္စည်းမခိုးရ ဖြစ်တယ်။ ဒီအချက်က အတော်ကျယ်ပြန့်ပြီး ယေဘုယျသဘော ဖြစ်တယ်။ အတိအကျ ကန့်သတ်လို့ မရဘူး။ အဓိကကတော့ မခိုးရဘူးဆိုတာ သူတစ်ပါးပိုင်ပစ္စည်းကို အလိုမတူဘဲ ရယူခြင်း ဖြစ်တယ်။ ပစ္စည်းတင်မကဘူး။ လူကိုလည်း မခိုးရပါဘူး။ ဒီတော့ လူနဲ့ အခြားသူပိုင်ပစ္စည်းတွေကို မခိုးရလို့ အဓိပ္ပာယ်ရတယ်။ ဒါတွေက အကောင်အထည် ပြလို့ရတဲ့ ဟာတွေ။
          အကောင်အထည်ပြလို့ မရတာတွေကို ခိုးတာလည်း ရှိတယ်။ ပထမက ဂုဏ်သတင်းဖြစ်တယ်။ ဒါက လူတစ်ယောက်ရဲ့ ဂုဏ်သတင်း ဖြစ်တယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ပျက်စေခဲ့ရင် ပြန်ဆယ်ဖို့ မလွယ်တော့ဘူး။ ဒါက ခိုးခြင်း တစ်မျိုးပါပဲ။
          ဒုတိယက ဂုဏ်သိက္ခာအပိုင်း Dignity ဖြစ်တယ်။ လူတစ်ဦးချင်းစီမှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာ ရှိတယ်။ ဒီဂုဏ်သိက္ခာ ပျက်စီးအောင် လူပုံအလယ်မှာ အရှက်ခွဲတာတို့၊ မလျော်မကန်နည်းနဲ့ အသရေဖျက်တာကလည်း ခိုးတာပဲ ဖြစ်တယ်။
          တတိယအချက်က ယုံကြည်မှု Trust ဖြစ်တယ်။ အချို့က သူများယုံကြည်လာအောင် လိမ်လည်လှည့်ဖျားတာ ရှိတယ်။ အချို့က ယုံကြည်မှုအပေါ် မူတည်ပြီး အလွဲသုံးစား လုပ်တယ်။ ဒါတွေ အားလုံးဟာ ခိုးတာချည်းပါပဲ။
          နောက်ဆုံးအချက်က အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုများ Intellectual Property ဖြစ်တယ်။ ဒါက အခြားသူတွေရဲ့ တီထွင်မှု၊ စိတ်ကူးစိတ်သန်းများနဲ့ အနုပညာများ ဖြစ်တယ်။ ဒါတွေကို ခွင့်ပြုချက်မရှိဘဲ ယူရင် ခိုးတာပါပဲ။
          လွတ်လပ်သော၊ သိက္ခာရှိသော လူ့အသိုင်းအဝိုင်း ဖြစ်လိုရင် ဘယ်နည်းနဲ့မှ မခိုးပါနဲ့။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts