ဝမ်းမြောက်

သင်လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ဝမ်းမြောက် ဝမ်းသာစွာ နှင့် လုပ်ရန်နည်း (အပိုင်း – ၁)

၁၉၁၅ ခုနှစ်လောက်က အမေရိကန်ပြည်တစ်ပြည်လုံး စိတ်မချမ်းမသာ ဖြစ်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ၁၉၁၄ ခုနှစ်မှ အစပြု၍ ဖြစ်ပွားသော ကမ္ဘာစစ်ပွဲကြီးတွင် ဥရောပတိုက်ရှိ ပြည်ထောင်အချင်းချင်းတို့သည် ကမ္ဘာ့သမိုင်းတွင် မကြုံဖူးအောင် တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လျက် ရှိ၏။ ထိုကဲ့သို့ ဒေါသမီးတဟုန်းဟုန်းတောက်လျက်ရှိသော အချိန်အခါတွင် ငြိမ်းချမ်းရေးကို ဆောင်ရွက်၍ ရပါမည်လော။ ရနိုင်မည်ဟု မည်သူမျှ မခန့်မှန်းနိုင်ချေ။ သို့ရာတွင် အမေရိကန်သမ္မတ ဝုဒရိုး ဝီလဆင်သည် မိမိ၏ ငြိမ်းချမ်းရေးသံတမန်တစ်ဦးကို ဥရောပတိုက်သို့ စေလွှတ်၍ နိုင်ငံအသီးသီး၏ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိစ္စကို နှီးနှောစေခြင်းဖြင့် ငြိမ်းချမ်းရေးကို စမ်းသပ်လိုက်၏။

ထိုကိစ္စအတွက် အမေရိကန် ပြည်ထဲရေးဝန်ကြီး ဝီလျံ ဂျင်း နင်း ဘရိုင်ယန် သည် ဥရောပတိုက်သို့ သွားလို၏။ ဤကိစ္စကို ဆောင်ရွက်ခြင်းဖြင့် သူ့ကိုယ်ကို ကမ္ဘာ့သမိုင်းတွင် ထင်ရှားစေလို၏။ သို့ရာတွင် ဝီလဆင်သည် ကာနယ်ဟောက် ခေါ် သူ့မိတ်ဆွေရင်းတစ်ဦးကို ငြိမ်းချမ်းရေးသံတမန်အဖြစ် ခန့်ထားလိုက်၏။ ဤကဲ့သို့ ခန့်ထားလိုက်သည့် အကြောင်းကိုလည်း ဘရိုင်ယန်ကို ကာနယ်ဟောက် ကိုယ်တိုင် ပြောပြရမည် ဖြစ်၏။ ဘရိုင်ယန် စိတ်မဆိုးအောင် ပြောရန်ကိစ္စမှာ မလွယ်ကူလှချေ။ ကာနယ်ဟောက်၏ နေ့စဉ်မှတ်တမ်းထဲတွင် အောက်ပါရေးသားချက်များကို ကျွန်ုပ် တွေ့ရှိရ၏။

ငြိမ်းချမ်းရေး သံတမန်အဖြစ်ဖြင့် ဥရောပတိုက်သို့ ကျွန်ုပ် သွားရမည့်အကြောင်းကို ကြားရသောအခါ ဘရိုင်ယန်သည် အတိအလင်း စိတ်ပျက်သွားလေသည်။ ဥရောပတိုက်သို့ သွားရန် သူကိုယ်တိုင် အစီအစဉ်များကို ပြုလုပ်ပြီးပြီဟု ဘရိုင်ယန်က ပြောပြ၏။ ထိုအခါ ဤကိစ္စတွင် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် သွား၍ သင့်လျော်မည်ဟု သမ္မတမင်းက မယူဆကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ပုဂ္ဂိုလ်ကြီးတစ်ယောက်လုံး သွားခဲ့ပါလျှင် နေရာတကာတိုင်းတွင် အုတ်အော်သောင်းသည်း ဖြစ်၍ ဘာကိစ္စနဲ့ ဒီကိုလာပါလိမ့်ဟု လူတိုင်းတွေးစရာ ဖြစ်မည့်အကြောင်းကိုပါ ကျွန်ုပ်က ပြောပြရလေသည်။

ပြောပြပုံကို အသင်မြင်ပြီ မဟုတ်လား။ ဘရိုင်ယန်၏ ဂုဏ်ဒြပ်သည် ပြုလုပ်ရမည့်ကိစ္စထက် ကြီးမြင့်နေသောကြောင့် ဘရိုင်ယန်ကိုယ်တိုင် သွားလျှင် မသင့်လျော်ဟူသော အကြောင်းကို ကာနယ်ဟောက်သည် ဘရိုင်ယန်ကို ပြောပြ၏။ ဘရိုင်ယန်သည် မိမိကိုယ်တိုင် အလွန်အမင်းသွားလိုပါသော်လည်း ကာနယ်ဟောက် အပြောကောင်းသောကြောင့် ကျေနပ်လိုက်ရ၏။

လောကီရေးရာတွင် ကျွမ်းကျင်ပြီးသားဖြစ်သော ကာနယ်ဟောက်သည် ပေါင်းသင်းဆက်ဆံရာတွင် အရေးကြီးဆုံးသော နည်းတစ်နည်းကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ထိုနည်းမှာ သင် လုပ်စေလိုသောအလုပ်ကို တစ်ဖက်သားသည် ဝမ်းမြောက် ဝမ်းသာစွာ နှင့် လုပ်ချင်အောင် ခိုင်းပါ။

သမ္မတ ဝီလဆင်သည် အစိုးရအဖွဲ့ကို ဖွဲ့ပြီးနောက် ထိုအဖွဲ့တွင် ပါဝင်ရန် ဝီလျံ ဂစ် မက်အဒူး ဆိုသူကို ဖိတ်ကြားရာတွင် အထက်ပါနည်းကိုပင် အသုံးပြုခဲ့ဖူးလေသည်။ ထိုအစိုးရအဖွဲ့တွင် လူတိုင်း ပါဝင်ဆောင်ရွက်လို၏။ သို့ရာတွင် ဝီလဆင်ကမူကား သူ့ကို ထောက်ညှာသောအားဖြင့် သူ၏ အစိုးရအဖွဲ့တွင် ပါဝင်အမှုထမ်းပါဟု မက်အဒူးထံသို့ စာရေးအကြောင်းကြားလိုက်၏။

သို့ရာတွင် ဝီလဆင်သည် ဤနည်းကို သုံးသင့်သည့်အခါတိုင်း အသုံးမပြုခဲ့သည်မှာ ဝမ်းနည်းစရာပင် ဖြစ်၏။ ကမ္ဘာ့စစ်ကြီး ပြီးသည့်နောက် စစ်ပြေငြိမ်းစာချုပ်ကို လက်မှတ်ထိုးရန် ဥရောပတိုက်သို့ သွားစဉ်က  သမ္မတဝီလဆင်သည် တစ်ဖက်ဂိုဏ်းမှ အရေးပါအရာရောက်သော နိုင်ငံရေးခေါင်းဆောင်ကြီးများကို ပင့်ဖိတ်ခြင်းမပြုဘဲ မိမိဂိုဏ်းမှ မထင်ရှားသော သူအချို့ကိုသာ ဥရောပတိုက်သို့ ခေါ်သွားခဲ့၏။ သမ္မတဝီလဆင်သည် တစ်ဖက်ဂိုဏ်းသားတို့ကို အလွန်အရေးကြီးသည့်အခါတွင် နေရာမပေးဘဲ တမင်သက်သက် နှိမ်၍ ထားလိုက်၏။ ထို့ကြောင့် တစ်ဖက်ဂိုဏ်းသားတို့သည် သူ့လက်နှင့်ရေးခဲ့သော အရာဟူသရွေ့ကို ခြေဖြင့် လိုက်ဖျက်ကြ၏။ အထက်ပါ ပေါင်းသင်းဆက်ဆံနည်းကို လျစ်လျူရှုမိသောကြောင့် ဝီလဆင်၏အသက်နှင့် နိုင်ငံရေးသက်တမ်းတို့မှာ တိုသွားရုံသာမက အမေရိကန်သမ္မတ ဝီလဆင် ထူထောင်ပေးခဲ့သော နိုင်ငံပေါင်းချုပ်အသင်းကြီးတွင် အမေရိကန်ပြည်သည် မပါဝင်ဘဲနေခဲ့သဖြင့် ကမ္ဘာ့သမိုင်းတွင် တစ်မျိုးတစ်ဖုံ ပြောင်းလွဲသွားခဲ့လေသည်။

ဒယ်ဘယ်ဒေး ပေ့ဂျ် ပုံနှိပ်တိုက်သည် ဤနည်းကို အမြဲ လိုက်နာလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts