ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (က) (အပိုင်း - ၁)

ဆော့ခရတ္တိ၏ အဆွေခင်ပွန်း အယူအဆ (က) (အပိုင်း – ၁)

နိဒါန်း

ဖော်ပြလတ္တံ့သော စာပိုဒ်များသည် လိုင်စီကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ လိုင်စီကထာသည် လက်ခီကထာကဲ့သို့ လည်းကောင်း၊ ခါမိဒိကထာကဲ့သို့လည်းကောင်း ပလေးတိုးစာရေးစအခါက ရေးခဲ့သော ကထာဖြစ်၏ဟု ယူဆကြသည်။

လိုင်စီကထာစာတမ်းဖြစ်လာပုံသည် ဤသို့ဖြစ်သည်။ တစ်နေ့သောအခါ ဆော့ခရတ္တိသည် အက်သင်းမြို့ နပန်းအတတ်သင်ကျောင်းအနီးသို့ ရောက်လာရာ လူငယ်တစ်စုနှင့် တွေ့သည်။ သူသိသော ဟိပေါ်သာလိက နပန်းအတတ်သင်ကျောင်းဝိုင်းအတွင်း၌ လူငယ်အများအပြားရှိနေကြောင်း၊ အကြည့်အရှု အဟောအပြောကိစ္စအလို့ငှာ သူနှင့်အတူ ဆော့ခရတ္တိ လိုက်လာသင့်ကြောင်း ပြော၍ ဖိတ်ခေါ်သည်။ ထိုအခါ ဆော့ခရတ္တိက ဟိပေါ်သာလိ၌ အချစ်တော်သူငယ်ချင်း ရှိမရှိမေးရာ ဟိပေါ်သာလိ၏ သူငယ်ချင်းတစ်ဦးဖြစ်သော တီစိပ က၊ ဟိပေါ်သာလိသည် လိုင်စီအမည်ရှိသော သူငယ်တစ်ဦးကို ချစ်ခင်သဖြင့် မိတ်ဖွဲ့ရန် အားထုတ်နေကြောင်း၊ သူ၏မိတ်ဖွဲ့ပုံသည် လိုင်စီကို မြှောက်ပင့်၍ ကဗျာရေးဖွဲ့ခြင်းဖြစ်ကြောင်း၊ သူ့ကဗျာများကို ခဏခဏ သူရွတ်ပြတတ်သဖြင့် နားငြီးလှပြီဖြစ်ကြောင်း ပြောပြသည်။ ထိုသို့ ပြောပြရာမှအစ ဆော့ခရတ္တိသည် လိုင်စီနှင့်တစ်ကြိမ်၊ လိုင်စီ၏ သူငယ်ချင်းတစ်ဦးဖြစ်သော မီနီဇိနနှင့် တစ်ကြိမ် ပေါင်း နှစ်ကြိမ် ပြောဟောဆွေးနွေးသည်။ ထိုဆွေးနွေးချက်တို့ကို အကြောင်းပြု၍ ပလေးတိုးသည် လိုင်စီကထာကို ရေးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။ ထိုဆွေးနွေးချက်တို့ကို ပလေးတိုးက တစ်ဆင့် စကားမှတ်သား၍ ဆော့ခရတ္တိက ပြန်ပြောလေဟန် ရေးသားထားခြင်းဖြစ်သည်။

ဖော်ပြလတ္တံ့သော စာပိုဒ်တို့တွင် ရှေးဦးစွာ လိုင်စီနှင့် အလွန်မိတ်ဆွေဖွဲ့ချင်သော ဟိပေါ်သာလိကို ဆော့ခရတ္တိက ဆုံးမသည်။ အဆုံးအမစကားတို့၏ အာဘော်မှာ မိတ်ဆွေကောင်းတို့မည်သည်မှာ မြှောက်၍ပင့်၍ ပြောသည်ထက် အသိအလိမ္မာ တိုးပွားရာ တိုးပွားကြောင်းကို ညွှန်ပြတတ်ရသည်ဟူသော အချက်ဖြစ်သည်။ ထို့နောက် ဆော့ခရတ္တိသည် လိုင်စီနှင့် ပြောဟောသည်။ ပြောဟောချက်၏ အာဘော်မှာ လူတကာ၏ မိတ်ဆွေကောင်းဖြစ်ချင်လျှင် လူတကာ၏ အကျိုးကို ဆောင်ရွက်ရသည်။ အကျိုးရှိအောင် ဆောင်ရွက်ရာတွင် မိမိပြုသော အမှုကိစ္စအကြောင်းကို မိမိကိုယ်တိုင်က ကောင်းစွာ တတ်သိနားလည်ခြင်း ရှိအပ်သည်ဟူသော အချက်ဖြစ်သည်။ အောက်ပါစာပိုဒ်တို့တွင် မိတ်ဆွေကောင်းတို့၏ သဘောတစ်ခုသည် ကောင်းရာသို့ ညွှန်တက်၍ အကျိုးရှိအောင် ပြုတတ်သော သဘောဖြစ်၏ဟု လည်းကောင်း၊ ထိုသဘောနှင့် ပြည့်စုံလာအောင် ဝိဇ္ဇာအသိတရား ရှိအပ်သည်ဟုလည်းကောင်း ဆိုထားသည်ကို ဆင်ခြင်ရန် ဖြစ်သည်။

စာပိုဒ် (က)

ထိုအခါ ကျွန်ုပ် (ဆော့ခရတ္တိ) က ပြောသည်မှာ
အချင်း ဟိပေါ်သာလိ၊ အသင် ချစ်ခင်သဖြင့် အသင် မိတ်ဖွဲ့ချင်သော လိုင်စီငယ်အကြောင်းကို အသင် ကဗျာဖွဲ့ချင်လျှင်လည်း ဖွဲ့နိုင်ပါ၏၊ သို့ရာတွင် ကဗျာကို ကျွန်ုပ် နားမထောင်ချင်ပါ၊ ကဗျာ၏ အာဘော်ကိုသာ ကျွန်ုပ် သိချင်ပါ၏။ သို့မှသာ အသင်ချစ်သော လိုင်စီငယ်က အသင့်ကို ပြန်ချစ်အောင် အသင် အားထုတ်ရာ၌ အသင် အသုံးပြုခဲ့သော ချဉ်းကပ်ပုံ နည်းပရိယာယ် သင့် မသင့် ကျွန်ုပ် ချိန်ဆနိုင်မည် ဖြစ်သည်။ အသင်ဆိုခဲ့သော အဖွဲ့အနွဲ့တို့၏ အာဘော်ကို ပြောပါဘိ။

ထိုအခါ ဟိပေါ်သာလိက ပြန်ပြောသည်မှာ
အချင်း ဆော့ခရတ္တိ၊ တိစိပက ပြောပါလိမ့်မည်၊ ကျွန်တော် ပြောသမျှဆိုသမျှကို နားထောင်ရလွန်းသဖြင့် သူ့မှာ နားပူလှပါပြီဟု တိစိပသည် အသင့်ကို တိုင်ခဲ့သည် မဟုတ်ပါလော။ သူ တိုင်သည့်အတိုင်း မှန်သည်ဖြစ်လျှင် ကျွန်တော် ပြောသမျှ ဆိုသမျှကို သူ မှတ်မိရလိမ့်မည်၊ လုံးစေ့ပါဒ်စေ့ သူပြန်ပြောနိုင်ရမည် ဖြစ်သည်။ တိစိပကို အပြောခိုင်းပါလော့။

ထိုအခါ တိစိပက ဆိုသည်မှာ
ဆော့ခရတ္တိ၊ ကျွန်ုပ်ကပင် ပြောပါမည်။ ပြောရမည်မှာ ရယ်စရာပင် ကောင်းတော့သည်။ ဟိပေါ်သာလိသည် သူတစ်ဖက်သတ်ချစ်နေသော သူ့အချစ်တော် လိုင်စီငယ်ကို သူ ချစ်လည်းချစ်သည်၊ ပြန်ချစ်အောင်လည်း သူ မပြုတတ်၊ သူဆိုသမျှသည် သူသူငါငါ ထပ်တလဲလဲ ချီးကျူးဖွဲ့ဆိုဖူးသော အကြောင်းများသာ ဖြစ်သည်။ လိုင်စီငယ်၏အဖဖြစ်သော ဒီမိုခရတ္တ၏ ဂုဏ်ကို သူ ထပ်၍ ချီးကျူးသည်။ လိုင်စီငယ်၏ အဘိုးဖြစ်သူဂုဏ်ကို သူ ထပ်၍ ချီးကျူးသည်။ လိုင်စီငယ်၏ ဘေးကြီး၊ ဘီကြီးတို့၏ ဂုဏ်ကို သူ ထပ်၍ ချီးကျူးသည်။ ထိုသူတို့ မည်မျှ ကြွယ်ဝကြကြောင်း၊ ထိုသူတို့၌ မြင်းကောင်း မည်မျှ ရှိကြကြောင်း၊ ဂရိပွဲတော်၌ ကျင်းပလေ့ရှိသော ရထားပြိုင်ပွဲများ၌ လည်းကောင်း၊ မြင်းအစီးပြိုင်ပွဲများ၌လည်းကောင်း ထိုသူတို့ မည်မျှအစွမ်းရှိ၍ မည်သည့်အောင်ပန်းတို့ကို ဆွတ်ခူးနိုင်ကြကြောင်းတို့ကို သူ ထပ်တလဲလဲ ချီးကျူးသည်။ ကမ္ဘေကမ္ဘာက ဂုဏ်ဟောင်းဂုဏ်ဆွေးတို့ကိုပင် အတင်းဆွဲသွင်း၍ ချီးကျူးလိုက်သေးသည်။ မနေ့တစ်နေ့ကပင် သူစပ်သော ကဗျာထဲ၌ အာဇာနည်သူရဲကောင်း ဟာကျူလီကို ချီးကျူးရင်း လိုင်စီငယ်၏ ဘိုးဘေးဘီဘင်တို့ကို ထည့်၍ ချီးကျူးခဲ့သေးသည်။ ထိုဘိုးဘေးဘီဘင်တို့သည် ဟာကျူလီ၏ ဆွေတော်မျိုးတော်များ ဖြစ်ကြောင်း၊ ဟာကျူလီကြွလာသောအခါ ထို ဘိုးဘေးဘီဘင်တို့က ကြိုဆိုတော် မူကြကြောင်း၊ ဟာကျူလီဆိုသည်မှာ ဒေဝါဓိပတိ ဇုနတ်မင်းကြီး၏ သားတော် ဖြစ်ကြောင်း ရောက်တတ်ရာရာ ကပေါက်ချိကပေါက်ချာ သူ စပ်ဆိုခဲ့သည်။ သူ့စကားတို့သည် ယုံတမ်းစကား နာကြားပြင်းစရာ၊ နားရှိ၍သာ နာလိုက်ရသည်။

စာပိုဒ် (ခ)

တိစိပက ထိုသို့ပြောပြသောအခါ ကျွန်ုပ်က ဟိပေါ်သာလိကို ဤသို့ ဆိုပါသည်။

အချင်း ဟိပေါ်သာလိ၊ အသင်သည် လိုင်စီငယ်၏သဘောကို မသိသေးခင်ကပင် ကိုယ့်ဂုဏ်ကို ကိုယ်ဖော်၍ ကိုယ့်ကိုယ်ကို ကိုယ်ချီးကျူးခဲ့သည်မှာ တော်ရော့လား ဟိပေါ်သာလိ။

ထိုအခါ ဟိပေါ်သာလိက ဆိုသည်မှာ
အချင်း ဆော့ခရတ္တိ၊ မည်သို့ ဆိုလိုက်ပါသနည်း။ ကျွန်တော်၏ကဗျာများတွင် ကိုယ့်ဂုဏ်ကို ကိုယ်ဖော်၍ ကိုယ့်ကိုယ်ကို ကိုယ်ချီးကျူး၍ မဆိုခဲ့ရပါတကား။

ဟိပေါ်သာလိ၊ ထိုသို့ပင် အသင် အထင်ရှိနေသလော။
ဆော့ခရတ္တိ၊ အသင်က မည်သို့ ထင်သောကြောင့်နည်း။
ရှင်းပြမည်၊ အသင်စပ်ဆိုသော လိုင်စီငယ်ဘွဲ့ကဗျာများသည် အသင့်ကိုယ်ကို အသင် ချီးကျူးခဲ့သော ကိုယ်ရည်သွေးကဗျာများသာ ဖြစ်ကြပါ၏။ လိုင်စီငယ်က အသင့်ကို သဘောကျခဲ့သည် ရှိခဲ့သော် အသင့်ကဗျာများသည် အသင့် အဖို့ ဂုဏ်တစ်ပါးပင် မဟုတ်ပါလော၊ အသင့်ကိုယ်ကို အသင် ချီးကျူးရာ မရောက်ပြီလော။ သို့ရာတွင် အသင်၏ မြှောက်ပင့်ဘွဲ့ကြောင့် လိုင်စီငယ်သည် အသင့်အနားကိုပင် မသိချင်ဖြစ်ခဲ့သည်ရှိသော် သူ့ကို မြှောက်၍ပင့်၍ ဆိုခဲ့သမျှသည် ရယ်ဖွယ်ကြီးသာ ဖြစ်ချိမ့်မည်၊ ထို့ကြောင့် ဟိပေါ်သာလိ၊ မိတ်ဖွဲ့သည့်ကိစ္စတွင် အသိအလိမ္မာရှိသောသူသည် မိတ်ဖြစ်သူနှင့် မိတ်မဖြစ်သေးခင် မြှောက်ပင့်၍မဆိုရာ။ အဘယ့်ကြောင့်ဆိုသော် မည်သို့ဖြစ်လာမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် စိုးရိမ်စရာတစ်ခု ရှိပေသေးသည်။ ချစ်ခင်အပ်သောသူတို့သည် အချီးအကျူး အမြှောက်အပင့်ကို ခံကြရသည်ဖြစ်လျှင် ဘဝင်မြင့်လာတတ်ကြသည်၊ ထိုသို့ မဖြစ်နိုင်ပြီလော။

ဖြစ်နိုင်ပါသည်။

ထိုသူတို့သည် ဘဝင်မြင့်လာကြလေလေ မိတ်အဖွဲ့ရခက်လေလေ မဖြစ်နိုင်ပြီလော။

ဖြစ်နိုင်ပါသည်။

အကြင်မုဆိုးသည် ခြောက်ခြင်း လှန့်ခြင်းဖြင့် မိမိ အလိုရှိသော သားကောင်ကို အဖမ်းရခက်အောင်ပြု၏၊ ထိုမုဆိုးကို အသင် မည်သို့ ဆိုမည်နည်း။

မလိမ္မာသောမုဆိုးဟု ဆိုရမည်ပါ့။

ချော့ရမည့်အစား စကားတို့ဖြင့်လည်းကောင်း၊ ကဗျာတို့ဖြင့်လည်းကောင်း သူတို့စိတ်ဆိုးအောင်ပြုလျှင် ပြုသူ၌ ဉာဏ်မရှိရာရောက်မည် မဟုတ်ပါလော။

ဟုတ်ပေ၏၊ ဉာဏ်မရှိရာ ရောက်မည် မုချ။

အချင်း ဟိပေါ်သာလိ၊ လိုင်စီငယ်ကို အသင် ချီးချီးမြှောက်မြှောက် စာဖွဲ့ခဲ့ရာတွင် အသင် မှားသလော မှန်သလော၊ အကယ်၍ ကိုယ့်စာကြောင့် ကိုယ်ဒုက္ခရောက်ရသည်ဖြစ်လျှင် ထိုစာကိုဆိုသော စာဆိုသည် စာဆိုကောင်း ဟုတ်ပါတော့မည်လော။

စာဆိုကောင်း မဟုတ်နိုင်တော့ပါ။ အချင်း ဆော့ခရတ္တိ၊ ထို့ကြောင့်ပင် ကျွန်တော်သည် အသင့်ထံမှ အကြံဉာဏ်တောင်းရခြင်း ဖြစ်သည်။ ကျွန်တော်သည် လိုင်စီငယ်နှင့် မိတ်ဖြစ်ချင်ပါ၏။ မိတ်ဖြစ်လာအောင် မည်သို့သောစကားကို ဆို၍ မည်သို့သောအမှုကို ပြုသင့်ပါသနည်း။ အကြံပေးစမ်းပါဦး ဆော့ခရတ္တိ။

ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ
ဟိပေါ်သာလိ၊ ထင်သလောက်လွယ်မည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်ထံသို့ လိုင်စီငယ်ကို ရအောင် ခေါ်ခဲ့ပါ။ ကျွန်ုပ် သူနှင့် စကားပြောကြည့်မည်။ သူ့သဘောကို သိရသောအခါ သူ သဘောကျအောင် မည်သို့သော စကားကို ဆိုသင့် မဆိုသင့် ကျွန်ုပ် ပြောနိုင်မည်ထင်သည်။

(ဆော့ခရတ္တိက ထိုသို့ဆိုသောအခါ တိစိပသည် ဆော့ခရတ္တိကို နပန်းအတတ်သင်ကျောင်းထဲသို့ ခေါ်သွားသည်။ ဟိပေါ်သာလိလည်း လိုက်သွားသည်။ ကျောင်းခန်းမထဲတွင် များလှစွာသော ဂရိလူငယ်တို့သည် နပန်းလေ့ကျင့်ခန်းမစမီ ပွဲပေးနေကြသည်။ အချို့လည်း အန်ကစားနေကြသည်။ အချို့လည်း ဝိုင်းကြည့်နေကြသည်။ ဝိုင်းကြည့်နေသူများတွင် လိုင်စီငယ် ပါသည်။ လိုင်စီငယ်သည် ပဒေသရာဇ်အနွယ်ဖြစ်သည်။ လူချောလူလှ ဖြစ်သည်။ စိတ်ကောင်းနှလုံးကောင်း ရှိသည်ဟု ကျော်စောသည်။ ဆော့ခရတ္တိတို့ လူစုသည် ခန်းမအတွင်းတွင် နေရာတစ်ခုကိုရွေး၍ ဝိုင်းထိုင်ကြသည်။ အတန်ကြာသော် လိုင်စီငယ်၏ သူငယ်ချင်းတစ်ဦးဖြစ်သော မီနီဇိနရောက်လာ၍ ဝင်ထိုင်သည်။ ထိုအခါ လိုင်စီငယ်လည်း လိုက်လာ၍ ဝင်ထိုင်သည်။ ကစားဖော်အချို့လည်း ရောက်လာကြ၍ ထိုင်သူက ထိုင်သည်။ မတ်တပ်ရပ်လျက် ကြည့်သူက ကြည့်သည်။ ဟိပေါ်သာလိသည် စိတ်မလုံသဖြင့် ရပ်နေကြသူတစ်စု၏ နောက်နားသို့ ရွှေ့သွားသည်။)

စာပိုဒ် (ဂ)

ထိုအခါ ကျွန်ုပ်သည် မီနီဇိနဘက်သို့ လှည့်၍ စကားစသည်မှာ

ဒီမော်ဖုန်၏ သားငယ်၊ အသင်တို့နှစ်ဦးတွင် မည်သူက အသက်ကြီးသူနည်း၊ မည်သူက အသက်ငယ်သူနည်း။

ဆော့ခရတ္တိ၊ ပြဿနာဖြစ်နေသည်။ ကျွန်တော်နှင့်လိုင်စီသည် အငြင်းအခုံဖြစ်နေကြရသည်။

ထိုသို့တပြီးကား၊ မည်သူက ပို၍မြတ်သနည်းဟု မေးလျှင်လည်း အသင်တို့ အငြင်းအခုံဖြစ်ကြရဦးမည် ထင်သည်။

ဟုတ်ပါသည်၊ အငြင်းအခုံ ဖြစ်ကြရပါလိမ့်ဦးမည်။

မည်သူက ပို၍ချောသနည်းဟု မေးလျှင်ကော အငြင်းအခုံ ဖြစ်ကြဦးမည်လော။

ထိုအခါ လုလင်ပျိုနှစ်ဦးသည် ရယ်ကြပါတော့သည်။ ထိုအခါ ကျွန်ုပ်က ဆက်ပြန်သည်မှာ
ကောင်းပြီ၊ မည်သူက ပို၍ ကြွယ်ဝသနည်းဟု ကျွန်ုပ် မမေးတော့ပါ။ အဘယ့်ကြောင့်ဆိုသော် အသင်တို့နှစ်ဦးသည် အဆွေခင်ပွန်း ဖြစ်နေသောကြောင့်ပင်။ ဟုတ်ပါ၏လော။

ဟုတ်ပါသည်၊ အဆွေခင်ပွန်းဖြစ်ကြပါသည်ဟု နှစ်ဦးစလုံးကပင် ကျွန်ုပ်ကို ပြောကြပါသည်။ ထိုအခါ ကျွန်ုပ်က

ရွေ့၊ ဟုတ်ပြီ၊ အဆွေခင်ပွန်းကောင်းတို့မည်သည် မည်သူက မည်သူ့ထက် သာသည်ဟု မရှိစကောင်း၊ အတူတူချည်းသာ ဖြစ်သည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

Related Posts