ချက်ဆို နားခွက်က မီးတောက်ခြင်း ~~~~
သူ့ကို သူ့သားသမီးငါးယောက်က အဖေလို့ ခေါ်သည်။ သူ့မယားက “ဒီမှာ” လို့ ခေါ်သည်မှာ များသည်။ တစ်ခါတစ်ခါတော့လဲ၊ သူ့မယားက ပါးစပ်မဖွင့်ဘဲ “ဟင်း … ဟင်း” လို့ အချက်ပေးလိုက်လျှင် သူ့ကိုခေါ်သည်ပင် ဖြစ်၏ ဟူ၍ သူအမှတ်သညာ ပြုထားသည်။ သူ့မိဘများကမူကား “ငဘ” ဟု အားပါးတရ အာလုပ်သံကြီးနှင့် ခေါ်လေ့ရှိသည်။ သူ့မိဘများနှင့် ရင်းနှီးသော လယ်ရှင်ဦးသာဂေါင်ကြီးကမူ “ဟေ့ … ငဘ” ဟု မြိန်ရေရှက်ရေ ခေါ်တတ်သည်။ သူ့ထက် ငယ်သူများမှာကား တောဓလေ့ယဉ်ကျေးပျူငှာစွာ “ကိုငဘ” ဟု ခေါ်ကြသည်။
ငဘအဖို့ ထိုနာမည်ကလေးသည် “နားဝင်ပီယ” ဖြစ်ချေသည်။ သူ့အဖို့ ဘာနာမည်ပဲ တပ်ပြီးခေါ်ခေါ် လယ်သမားသည် လယ်သမားပင် ဖြစ်သည် မဟုတ်ပါလော။
ငဘသည် လယ်ရှင်ဦးသာဂေါင်ထံမှ ဧကအစိတ်လောက်ကို တစ်နှစ်လျှင် သီးစားခ နှစ်ရာ့ငါးဆယ်နှင့် လယ်ငှားလုပ်သည်။ ယင်းသို့ လုပ်ကိုင်လာသည်မှာ ဦးသာဂေါင်၏ မိဘအဆက်ဆက် သူ၏မိဘအဆက်ဆက်တို့မှ စ၍ သီးစားဘဝကို အမွေအနှစ်ခံကာ လုပ်ကိုင်လာခြင်း ဖြစ်သည်။ ဦးသာဂေါင်ဆိုသော လယ်ပိုင်ရှင်မှာ ကုန်သင့်သမျှသာ ကုန်ကျရမည်ဟူသော ဝါဒကို လက်ကိုင်ပြုသူ ဖြစ်လေရကား၊ ငါးမူးတန် စာချုပ်စက္ကူပေါ်တွင် ဘယ်သောအခါမှ ရက်စွဲမတပ်ဘဲ၊ ငဘ၏ လက်ဝဲလက်မပုံစံကိုသာ ယူပြီးလျှင် အရှင်အစိုးရမင်းတို့ အသိအမှတ်ပြုပါရန် ခိုင်မာစွာ စာချုပ်ချုပ်ဆိုထားပြီးမှ အလုပ်လုပ်သူ ဖြစ်သည်။ ဒီလို စေ့စပ်မှ ကောင်းသည်။ “နို့မို့ရင် ဘယ်နှယ့်ဗျာ၊ နှစ်တိုင်းနှစ်တိုင်း ပိုက်ဆံငါးမူးကုန်နေမှဖြင့် မခက်ပါလား” ဟု ဦးသာဂေါင်ကြီး ပြောလေ့ပြောထ ရှိသည်။
ငဘ၏ အသိုက်အဝန်းနှင့် ငဘ၏ လောကသည် သူနေသော နောက်ပြန်တိုး လယ်ကွင်းနှင့်ဦးသာဂေါင်နေသော ဆိတ်ကြီးကုန်းရွာ ဖြစ်သည်။ အခြားမြို့ပြကျေးရွာတို့ကို တစ်ရံတစ်ဆစ်မျှ ငဘ မရောက်မပေါက်ဖူးချေ။ ရောက်ဖူး ပေါက်ဖူးဖို့လည်း သူ့အဖို့ လိုမည်မထင်။ ဆိတ်ကြီးကုန်းတက်ပြီး ဈေးဝယ်ရန်အတွက် တရုတ် ‘ထုံအား’ ကုန်စုံဆိုင်ကြီးနှင့် မိတ်ဖွဲ့ထားမိလျှင်၊ ဘယ်မျှသွားဖို့ မလိုပြီ။ အလှူအတန်းရှိ၍ ငွေပိုကလေးများ သုံးလိုလျှင်၊ ဦးသာဂေါင်မသိအောင် စပါးပေးတိတ်တိတ်ပုန်းယူနိုင်ရန် အနပလဲနှင့် သိကျွမ်းရသည်ပင်လျှင်၊ ဂုဏ်ရှိပြီမဟုတ်ပါလော။ ရန်ကုန်တို့ မန္တလေးတို့ဆိုသော မြို့ကြီး၊ ပြကြီးများအကြောင်းကို တစ်ခါတစ်ခါ အစာမကြေသည့် ညမျိုးတွင် အိပ်မက်ထဲ ထည့်၍ မက်လိုက်လျှင်၊ တော်လောက်ပါပြီ။ သူ့မယား မိဖော့နှင့် အကြောင်းပါသည့်နှစ်က သူမှတ်မိသေးသည်။ အဲသည် အခါတုန်းက သူ ဦးသာဂေါင်ကြီး အိမ်သို့ လယ်ငှားစာချုပ်ချုပ်ဖို့ ရောက်သွားသည်။
ထိုအခါက မြို့က လူရည်သန့်တစ်ယောက်ကို တွေ့လိုက်သည်။ ထို လူရည်သန့် ပုဂ္ဂိုလ်က ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော်ကြီးသည် ရွှေတောင်ကြီးလို မို့မို့မောက်မောက်နှင့်၊ အရောင်အဝါတောက်ပြီး ကြည်ညိုဖွယ်ကောင်းလှသည်ဟု ပြောသည်ကို မှတ်သားလိုက်ရဖူးသည်။ လန်ချားနှင့် မော်တော်ကားတို့ ဓာတ်ရထားတို့ တိုက်တွေ၊ တာတွေ၊ အိမ်တွေ၊ ယာတွေ၊ နတ်ဘုံနတ်နန်းတမျှ ဖြစ်ကြောင်း ပြောသံ ကြားဖူးသည်။ ထိုပြောသံကြားနှင့်ပင်လျှင် နောက်ပြန်တိုး လယ်ထဲသို့ ပြန်လာရာ၊ ထိုပြန်လာသောညတွင် ရန်ကုန်မြို့ကြီးကို အိပ်မက်ထဲမှာ ထည့်၍ မက်လိုက်သည်။ တော်တော် ပျော်စရာကောင်းသည်။ လမ်းတွေမှာ ရွှေရောင်တောက်နေသည်။ ဓာတ်မီးတွေ တထိန်ထိန်လင်းနေ၍ နေ့လားညလား ပိုင်းခြား၍ပင် မသိနိုင်။ ရွှေတိဂုံစေတီဆိုတာဟာလည်း ရွှေတောင်ကြီး မိုးထိုးသကဲ့သို့ပင်။
ဓာတ်ရထားဆိုသော သတ္တဝါကြီးများမှာလည်း ယိုးဒယားပန်းခက်တွေ ဝေဝေဆာဆာနှင့် ဘုန်းတော်ကြီး ဦးသောဘိတ မယ်တော်ပျံတုန်းက တွေ့လိုက်ရသော ပန်းရထားကြီးကဲ့သို့ တင့်တယ်ခမ်းနားလှသည်။ ကုလားရွှေ ပြိုးပြိုးပြက်ပြက်နှင့် အတော်ကျက်သရေရှိသည်။ ရွှေရောင်ထနေသော လမ်းမကြီးဘေးတစ်ဖက်တစ်ချက်တွင် ခြောက်ထပ်တိုက်ကြီးများကို ငွါးငွါးစွင့်စွင့်နှင့် တွေ့မြင်ရသည်။ ထိုတိုက်ကြီးတာကြီးတွေအကြားမှာ မြသားပကတိ တအိအိနေသော စပါးပျိုးခင်းကလေးများ လှိုင်းထနေသည်ကို အိပ်မက်ထဲတွင် အထင်အရှားမြင်ရသည်။ ပျိုးခင်းကလေးကနေပြီး၊ ရှေ့သို့ တမျှော်ကြီးကြည့်ပြန်သော် အဆုံးအစမထင်နိုင်သော လယ်ကွင်းကြီးမှာ ရန်ကုန်မြို့သူမြို့သားပိုင် လယ်ကွင်းကြီး ဖြစ်ဟန်တူသည်။ ထိုလယ်ကွင်းကို ကြည့်ရင်း ငေးမောနေရာမှ နွားတစ်ကောင်မှ “ဘွတ်အဲ” ဟု မြည်ကာ ချည်တိုင်ကလွတ်လာသည်ကို ငဘ တွေ့ရသည်။ သည်အတွင်း ခြောက်နှစ်သားအရွယ်ရှိ ငဘ၏ တူကလေးမှာ ဘယ်ကပေါက်၍ လာသည်မသိ၊ “ဘထွေးရေ ကြည့်မောင်းလိုက်ပါဦး” ဟု အော်ပြောသည်။ ထို့ကြောင့် နွားရှိရာသို့ တရှိန်ထိုးလိုက်လိုက်ရာ ငဘ ဗွက်ထဲသို့ ခြေချော်ကျပြီးလဲသည်။ အနီးရှိ ဓာတ်တိုင်တစ်တိုင်ကို လှမ်းပြီး ဖမ်းလိုက်သည်။ ထိုအတွင်း မယ်တော်ပျံ ပန်းရထားနှင့် တူလှစွာသော ဓာတ်ရထားက မြကော်ဇောကြီးခင်းထားသော လယ်ကွင်းကိုဖြတ်၍ အပြေးကလေးလာနေသောကြောင့် ငဘသည် ကြောက်လန့်တကြား ဓာတ်တိုင်ကို ကျပ်တင်းစွာဖက်လိုက်ရာ မယားမိဖော့က “ခွိခွိ” ဟု လယ်အစ်သံနှင့် ညှစ်၍ အော်လိုက်ပြီး “ဒီမှာ – ဒီမှာ ရှင် ဘယ့်နှယ် ကျွန်မလည်ပင်း အတင်း ဖက်ထားတာလဲတော့” ဟု ဆိုသံကြားမှ လန့်နိုးလေတော့သည်။ အဲသည် ညက ရန်ကုန်အကြောင်းစဉ်းစားပြီး အိပ်မပျော်နိုင်ဘဲ လင်မယားနှစ်ယောက် ထိုင်ပြီး စကားပြောလိုက်ကြသည်မှာ ကြက်သာတွန်ရော့စကားမဆုံးသေး။
အင်း … မှတ်မိသေးသည်။ အဲသည်လိုဖြစ်ပြီးနောက် တစ်ညမှာ မဟုတ်လား မိဖော့ ဗိုက်နာသည်ဆို၍ လက်သည် ခေါ်ရသည်။
ငဘတို့အဖေကြီး ကွယ်လွန်ပြီးနောက် ဦးသာဂေါင်ကို မိဘလက်ငုတ်မို့ လုပ်ကိုင်လာခဲ့သည်မှာ ဆယ်နှစ်ကျော်ကျော် ဆယ့်ငါးနှစ်နီးပါး ရှိနေပြီ။ ထိုအတောအတွင်း ငဘအား လှသိင်္ဂ ီဖျင်အင်္ကျီနှင့် ဆီစိမ်ပုဆိုးကလွဲပြီး တစ်ခါမျှ အခြားအထူးအဆန်း အဝတ်အစားကပ်ဖူးသည်မရှိ။ ငဘနှင့် ညားစက မိဖော့က ကောက်စိုက်သမအင်္ကျီ သုံးလေးထည်နှင့် ချွေးခံအင်္ကျီအထူစား သုံးလေးထည် ရှိဖူးသည်။ သရက်ထည်လုံချည်မှာမူ ဆွေတွေမျိုးတွေ ပေးကမ်း၍ ငါးထည် ခြောက်ထည်လောက် ရှိသည်။ သမီးဦး ကလေးမွေးပြီးသည့်နောက် လယ်သမားတို့ဘဝ ကလေးနို့တိုက်ရလွယ်ပြီးလျှင် လယ်လုပ်ရာတွင် ကရိကထမများသော ထဘီရင်ရှားနှင့် နေလာခဲ့သည်မှာ အကျင့်ဖြစ်နေပြီ။ သမီးဦး မိနီမှာ အပျိုဖြန်းပင် ဖြစ်လာပြီ။ သူ့အတွက် ကောက်စိုက်ဖို့ ထဘီထည်လဲရှိလျှင်တော်ပြီ။ အလှူအတန်းသွားဖို့ သူ့အဒေါ်က ပေးသော လုံချည်ဟောင်းတွေစုပြီး ချုပ်ထားသော စပ်ထဘီတထည် သူ့မှာအရှိသားပဲ။ အပျိုဖြန်းမို့ ရှင်မီးအင်္ကျီနှင့်ချည်းနေ၍ မဖြစ်လွန်းမက မဖြစ်တော့မှ မနှစ်က မိဖော့က သမီးဖို့ ချွေးခံနှစ်ထည် ချုပ်ပေးဖူးသည်။ စပါးငါးတင်းလောက်ကျသည်။ သို့ပေမယ့် သမီးချောကလေးမှာ ရှင်မီးအင်္ကျီကို အတွင်းက ထား၍ ထဘီကို အပြင်က ရင်ရှားဝတ်နေသည်က များသည်။ ဦးသာဂေါင့်အိမ်က ဆုချလိုက်သော ဖျင်အပေါ်အင်္ကျီကလေးကို အသစ်စက်စက်မို့ သူ မဝတ်ရက်နိုင်။ သူ့မောင်ကလေး လေးယောက်မှာမူ များသောအားဖြင့် တုံးလုံးနှင့် ဗလာချည်းသာ ဖြစ်သည်။ ဆောင်းတွင်းတွင် ဗျိုက်တောထဲမှ ရသော ထင်းပေါက်စကလေးများသည် ကလေးများအဖို့ အနွေးထည်သိုးမွေးအင်္ကျီများ ဖြစ်ကြကုန်၏။
ဤအဖြစ်သနစ်သည် အသစ်အဆန်းမဟုတ်။ ဘေတို့လက်ထက်တွင် သည်လိုပဲနေထိုင်လာခဲ့ကြသည်မှာ ငဘတို့ အဖေ လက်ထက်ကလည်း ထိုနည်း၎င်းပင်။ ငဘတို့ အဖေ – အဖေ – အဖေ စသည်ဖြင့် တသီတတန်းကြီး လျှောက်ကြည့်လျှင်လည်း ဤနည်းနှင်နှင်၊ ငဘတို့ ဘိုးအေကြီး အလှူအတန်းရှိလျှင် ယောပုဆိုးကြီးကို ပခုံးတင်ကာ ကျောပြင်ကြီး အပြောင်သားနှင့် ဂျပန်ပဝါခေါင်းပေါင်းစ ထောင်လျက် အိမ်ဦးကနေပြီး ဒေါမနဿသဟဂုတ်၊ လက်ဖက်နှင့် ကြက်သွန်ကြော် နာနာထုတ်လာခဲ့သည်ကို ငယ်ငယ်ကတည်းက မြင်လာရသော ငဘမှာ သူ့ဘိုးအေကြီးသည် တကယ့်စည်းစိမ်ရှင်ကြီးပါကလားဟု အထင်ကြီးမိသည်။ လယ်သမားသားသမီး ဖြစ်ပါလျက်နှင့် သူများထက် ငဘက ထူးသည့်အချက်မှာ သူ့ဘိုးအေ-ဘွားအေများ ဤမျှ ပြောင်ပြောင်ရောင်ရောင် နေထိုင်နိုင်ခဲ့ခြင်းကိုကြည့်၍ ယခု သူ ကြီးပြင်းလာသောအခါ လူတစ်လုံး-သူတစ်လုံး လုပ်နိုင်ဖို့ရာ သူ့ဘိုးအေ၏ မူအတိုင်း နေနိုင်အောင် ကြိုးစားရန်ပင် ဖြစ်သည်ဟု နက်နဲစွာ တွေးတောမိခြင်းဖြစ်သည်။
နောက်ပြန်တိုး လယ်ကွင်းသည် ငဘ၏ လောက ဖြစ်သည်။ အရှင်သီပေါမင်းကလေးအား အင်္ဂလိပ်တို့ ဖမ်းသွားသည်ဟု သူ့ဘိုးအေ ဘွားအေများ ပြောသံကို ခပ်ငယ်ငယ်တုန်းက ငဘ ကြားဖူးသည်။ ကုလားတက်သည့်နှစ်ဟု ဆိုလေ့ရှိသည်။ ‘တို့ဗမာပြည်ဟာ အင်္ဂလိပ်လက်အောက်ခံ အင်္ဂလိပ်အစိုးရမင်းတို့ အုပ်ချုပ်တယ်’ ဟု ဆိုစမှတ်ပြုကြသည်ကို ကြားဖူးသည်။ သူ့အဖို့ အင်္ဂလိပ်ဆိုသဟာ စကားအဖြစ်မျှသာ ဖြစ်သည်။ အင်္ဂလိပ်ကို တစ်ခါမျှတည်း မမြင်စဖူး။ တစ်ခါတစ်ခါ ဓနိရည်သောက်လာကြသော ပုလိပ်တော်မင်း ဆယ်အိမ်ခေါင်းမင်းတို့ကိုသာလျှင် အစိုးရဟု ထင်မှတ်နေရသည်။ သူကြီးအိမ်ကို အခွန်ဆောင်တိုင်း ရောက်ဖူးပါ၏။ သူကြီးမင်းက အရှင်အစိုးရမင်းတို့၏ ‘မင်းတိုင်း’ ကို ကျေအောင် ထမ်းရွက်ဖို့ တရားဟောလေ့ရှိသည်ကို နာဖူးပါ၏။ အစိုးရဆိုသဟာ အင်္ဂလိပ်ကိုပဲ ဆိုလိုသလား၊ သူကြီးကိုပဲ ဆိုလိုသလား၊ ဘာလား၊ ညာလားတွေကို ငဘ မတွေးတတ်။ တွေးလည်း မတွေးခဲ့ဖူးချေ။
သို့သော် ၁၃၀၁ ခုနှစ်မှာ လယ်ကွက်ထဲ ကောက်ပင်တွေ အကုန်’ကျ’ပြီး၍ စပါးတွေ တစ်ထောင်ကျော်လောက် တက်အလာတွင် အရှင် အင်္ဂလိပ်အစိုးရမင်းတို့နှင့် ‘ဂျာမနီ’ လူမျိုးတို့ စစ်တိုက်ပြီဟု သတင်းသန့်သန့် ကြားခဲ့ရသည်။ စစ်တိုက်တာလောက်တော့ ငဘအဖို့ ရိုးနေပြီ။ သူ ငယ်ငယ်တုန်းက သည်လိုပဲ စစ်ဖြစ်တယ်ဆိုတာ ကြားဖူးခဲ့ပြီ။ ဦးသောဘိတ ဘုန်းကြီးကျောင်းမထိုင်ရသေးခင် ‘ဆန်တစ်ပြည်လုံးပဲ၊ ဂျာမနီဗုံးကြဲ’ ဟူသော တပေါင်လိုလို၊ စနည်းလိုလို၊ တဝေါလိုလို လင်္ကာကလေးကို ငဘ ဘုန်းကြီးကျောင်းသားဘဝနှင့် ကျောင်းအောက်မှာ ဒိုးထိုးရင်း ရွတ်ဆိုခဲ့ရဖူးသည်။ ဟိုတုန်းကတည်းက အင်္ဂလိပ်ဘုန်းကြီးပုံကို သိပြီးဖြစ်သည်။ ထို့ကြောင့် စစ်ဖြစ်သော်လည်း ဘာမျှထူးခြားမည်မဟုတ်။ တစ်နေ့ကျလျှင် ‘ဂျာမနီ’ တွေ ဆန်တစ်ပြည်သုံးပဲကိန်း ဆိုက်မှာပါပဲ ဟု ငဘက တစ်ထစ်ချ တွက်ပြီးသားဖြစ်သည်။
ယခု ၁၃၀၃ ခုနှစ် ရောက်ပြီ။ အင်္ဂလိပ်နှင့် ဂျပန်စစ်ဖြစ်ဦးမည်ဟု ကြားရပြန်ပြီ။ ဂျပန်ကို ငဘကောင်းကောင်းသိသည်။ သူ ဇလုံပန်းကန်ဝယ်တုန်းက တရုတ်ထုံအား ကုန်စုံဆိုင်ပေါက်ဖော်များက “ဒါ ဂျပန်လုပ်ပဲ” ဟု သူ့ကို ပြောလိုက်ကတည်းက ဂျပန်အကြောင်း သူသိပြီး ဖြစ်သည်။ ဂျပန်လုပ်ကို ဈေးပေါပေါနှင့် ရနိုင်ကြောင်း သူ ကောင်းကောင်းသိသည်။ ထုံအားဆိုင်က ပေါက်ဖော်များ တစ်ယောက်တစ်ခွန်းနှင့် “ချန်းကေစိတ်” “ချန်စိုးလင့်” “ဝန်ကျင်ဝှေ့” စသည့် စကားမျိုးတွေပြောနေစဉ် သူ ဆိုင်ထဲဝင်သွားသည်။ “ဇလုံပန်းကန် ပြစမ်းပါ” ဟု သူဆိုသည်။ ပေါက်ဖော်များက သူ့ကို ဂျပန်ကုန်သပိတ်မှောက်ဖို့ တရားဟောသည်။ “ဂျပန်တွေ စောက်စုံးမကယဘူး” ဟု ခဏခဏ ရေရွတ်သည်။ “လာကြောင့်၊ ကျုပ်တို့ စီပိတ်မှောက်တယ်လေ၊ လှဇလုံတွေ အရင်တုန်းက လက်ကယန်တွေပဲ၊ ဒါလေ မိယန်မိယန် ထုတ်ပြီးရင် နောက်ထပ် မီဝယ်တော့ဖူး။ လာကြောင့် အာနုစော့ရောင်းလာပဲ” ပေါက်ဖော်စုထဲမှ ထုံအားဆိုင်ရှင် တရုတ်ဘုံရုံ လူကြီး ကိုယ်တိုင် အတိအလင်း ဖွင့်ချလိုက်သောကြောင့် ငဘမှာ ဇလုံပန်းကန်သုံးလုံး ပန်းကန်ပြားငါးချပ်တို့ကို တစ်ကျပ်သုံးမူးတစ်ပဲနှင့် ဝယ်ခဲ့သည်။ သူ ဝယ်သည့်အထဲတွင် သည်တစ်ခါ ဈေးအချောင်ဆုံးဖြစ်သည်ဟူ၍ များစွာကျေနပ်နှစ်သိမ့်ခဲ့သည်။ ဇလုံပန်းကန် ပေါပေါရအောင် စီမံဖန်တီးသော ဂျပန်တစ်တွေ ယခု အင်္ဂလိပ်ကို စစ်ကြေညာပြီ။ သည်သတင်းကို ကွင်းထဲက လူတွေမသိခင် သူသိနှင့်ပြီ။ ငဘသည် ဘာမသိ ညာမသိ လယ်သမားဖြစ်သည် မှန်၏။ သို့ပေမယ့် ငဘ လူညံ့ကြီးမဟုတ်ပါ။ ချက်ဆိုနားခွက်က မီးတောက်ပါသည်။ သူ ဤမျှ ဗဟုသုတရှိ၍ ဤသတင်းကို အရင်ဆုံးသိနှင့်ပြီး မဟုတ်ပါလော။ သူသိသမျှကိုလည်း သူ့လယ်တောရှိ သူ့မိတ်ဆွေများကို ကြိုတင်သတိပေးသောအားဖြင့် ဖောက်သည်ချလိုက်ပြီးပါပြီ။
ယင်းသို့လျှင် ဗဟုသုတရှင် ငဘသည် စစ်သတင်းကို သူ၏အဆွေများအား ဖောက်သည်ချနေသော အချိန်အခါကား အဆွေတော် နိပွန်တို့သည် မော်လမြိုင်သို့ ရောက်ရှိကာ ငှက်ပျောသီး လက်ဆောင်ဖြင့် ကူညီအံ့ဟု မောကြီးပန်းကြီး ပြေး၍လာသော တို့ဗမာ အရှင်သခင်အပေါင်းတို့၏ ရင်ဝကို ဖနောင့်နှင့်ဆောင့်နေသော ထုတိသြဘာ မင်္ဂလာ ကျက်သရေအပေါင်းနှင့် ပြည့်စုံသော အချိန်အခါ သမယကောင်းကြီး ဖြစ်ချေ၏တကား။
ချက်ဆို နားခွက်က မီးတောက်ခြင်း