ခါးနာခြင်းဖြစ်စေနိုင်သော သင်၏ နေ့စဉ်အပြုအမူများ
သင့်အနေနဲ့ အလေးအပင် မ မဘဲ၊ အားကစားလှုပ်ရှားမှုပြင်းပြင်းထန်ထန် မပြုလုပ်မိဘဲ ခါးနာဝေဒနာခံစားနေရပါသလား။ ဒါဆိုရင် သင်ခါးနာတာက သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ပုံမှားယွင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကြောင့် သင့်ခါးရိုးပျက်စီးနိုင်ပါတယ်။
သွားတိုက်သည့်ပုံစံ မှားယွင်းခြင်း
သင် ဘေစင်ပေါ် ခေါင်းငုံ့ပြီး သွားတိုက်တာက မှားယွင်းတဲ့အပြုအမူပါ။ သင် မတ်တပ်ရပ်နေစဉ်မှာ သင့်ခါးရိုးပေါ်မှာကျရောက်တဲ့ဖိအားက အလိုအလျောက် မြင့်တက်သွားနိုင်ပါတယ်။ သင့်အနေနဲ့ ခါးကုန်းလိုက်စဉ်မှာ ဒီဖိအားက ပိုမိုမြင့်တက်တတ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် အချိန်အကြာကြီး မတ်တပ်ရပ်ချိန်မှာ ခါးရိုးပေါ်ကျရောက်နိုင်မယ့် ဖိအားတွေကို တတ်နိုင်သမျှ လျှော့ချဖို့ လိုအပ်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — သွားတိုက်နေစဉ်မှာ မတ်မတ်ရပ်ပါ။ သင့်လက်တစ်ဖက်အားနေရင် အဲဒီလက်နဲ့ နံရံကို ထောက်ထားပါ။
ပန်းကန်ဆေးသည့် ပုံစံမှားယွင်းခြင်း
သင့်အနေနဲ့ ပန်းကန်ဆေးနေစဉ်မှာ တစ်ဝက်တစ်ပျက် ခါးကုန်းနေတဲ့အနေအထားဖြစ်နေတာကို သင် သတိထားမိမှာ မဟုတ်ပါဘူး။ ဒီအနေအထားကြောင့် သင်ရဲ့ လက်မောင်းနဲ့ ခါးရိုးမှာ ဖိအားတွေ အလွန်အမင်းရရှိသွားနိုင်ပါတယ်။ ခါးရိုးချပ်ပြားတစ်ခုနဲ့တစ်ခုကြား (အထူးသဖြင့် ရင်အုပ်နောက်ဘက်ခြမ်းနေရာ) မှာ ဒဏ်ပိနိုင်ပြီး လက်ပြင်ကြောငုပ်နိုင်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — ပန်းကန်ဆေးနေစဉ်အတွင်း ဒူးခေါင်းအမြင့်ရှိ ခွေးခြေတစ်ခုကို ဘယ်ဘက်ဒူးခေါင်းအောက်မှာ ထားထားပါ။ ခါးရိုးပေါ်က ဖိအားတွေ အလိုအလျောက် လျော့ကျသွားနိုင်ပါတယ်။
မော်တော်ကားဘီးလဲသည့် ပုံစံမှားယွင်းခြင်း
ကားဘီးပေါက်သွားလို့ ကားဘီးအသစ်လဲလှယ်ရပြီဆိုရင် များသောအားဖြင့် ခန္ဓာကိုယ်ကို တစ်ဝက်တစ်ပျက် ကွေးတဲ့အနေအထားနဲ့ ဘီးကို ဖြုတ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက တစ်နေ့တာလုံး ခါးနာနေတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — ကားဘီးနားမှာ ဒူးထောက်ကာ ကျကျနနထိုင်ပြီး ကားဘီးအဖြုတ်အတပ်ပြုလုပ်ပါ။
ဈေးဝယ်အိတ်သယ်သူနည်း မှားယွင်းခြင်း
ဈေးဝယ်တဲ့အခါမှာ ပစ္စည်းတွေ အများကြီးကို အိတ်တစ်အိတ်ထဲ စုထည့်ကာ လက်တစ်ဖက်တည်းနဲ့ ကိုင်တာက ခါးနောက်အောက်ပိုင်း နာကျင်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — သင့်ရဲ့ ဈေးဝယ်အိတ်က အလေးချိန်များနေရင် (အမျိုးသမီးတွေအတွက် နှစ်ကီလိုဂရမ်၊ အမျိုးသားတွေအတွက် ငါးကီလိုဂရမ်) အဲဒီအိတ်ကို ဒူးခေါင်းကွေးပြီး သယ်မရပါမယ်။ ဒါ့အပြင် ဝယ်ထားတဲ့ပစ္စည်းတွေကို အိတ်နှစ်လုံးထဲ မျှထည့်ပြီး လက်နှစ်ဖက်နဲ့ သယ်ယူပါ။
ကြမ်းတိုက်သည့်နည်း မှားယွင်းခြင်း
ကြမ်းတိုက်တဲ့အခါမှာ အရှေ့ဘက်ကို ကုန်းပြီး တိုက်တာက ခါးရိုးဒဏ်ရာ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်၊ ခါးရိုးနဲ့ လက်မောင်းနေရာတွေပါ ဒဏ်ပိနိုင်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — ကြမ်းတိုက်တံအရှည်နဲ့ မတ်တပ်ရပ်ပြီး ကြမ်းတိုက်ပါ။
ရှူးဖိနပ်ကြိုးချည်ရာတွင် မှားယွင်းခြင်း
မတ်တပ်ရပ်နေစဉ်မှာ ခါးကုန်းပြီး တစ်ခုခုကို ပြုလုပ်တာက ခါးရိုးတစ်ခုနဲ့တစ်ခု ချပ်ပြားနေရာအတွက် အလွန်အန္တရာယ်များပါတယ်။ ခါးကို ဒီလိုဖိအားသက်ရောက်မှုတွေ ဖြစ်တာကြောင့် ခါးရိုးပိပြားသွားနိုင်ပြီး အလွန်အမင်း ခါးကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — ခွေးခြေတစ်ခုပေါ် သေချာထိုင်ပါ။ ရှူးဖိနပ်စီးထားတဲ့ခြေထောက်ကို အဲဒီခွေးခြေပေါ်တင်ပြီး ကြိုးချည်ပါ။
ကျောပိုးအိတ်သယ်ယူနည်း မှားယွင်းခြင်း
တချို့လူတွေက စတိုင်လ်လုပ်ပြီး ကျောပိုးအိတ်ကို လက်တစ်ဖက်တည်းနဲ့သာ လွယ်တတ်ကြပါတယ်။ ဓာတ်ပုံရိုက်လို့သာ လှပါတယ်၊ အဲဒီလိုပြုလုပ်တာကြောင့် ခါးရိုးမှာ ဒဏ်ပိနိုင်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — ကျောပိုးအိတ်မှာ ကြိုးနှစ်ဖက်ပါတာကြောင့် ကြိုးတစ်ဖက်စီကို ပခုံးတစ်ဖက်စီမှာထားပြီး လွယ်ပါ။
အမြင့်နေရာမှ အလေးအပင်ပစ္စည်း အောက်ချပုံမှားယွင်းခြင်း
အမြင့်နေရာမှာရှိတဲ့ ပစ္စည်းကို သယ်ယူတဲ့အခါမှာ များသောအားဖြင့် ခြေဖျားထောက်ပြီး ဆွဲယူလေ့ရှိကြပါတယ်။ ဒီလိုလုပ်တာကြောင့် ခါးရိုးဆွဲဆန့်ခံရကာ ဒဏ်ပိနိုင်ပါတယ်။
မှန်ကန်သည့်နည်းလမ်း — သင် သယ်ယူချင်တဲ့ ပစ္စည်းရှိတဲ့နေရာနားမှာ ခွေးခြေချပြီး ခွေးခြေပေါ်တက်ကာ ပစ္စည်းကို မ ယူပါ။ သင် သယ်ယူမယ့်ပစ္စည်းက သင့်ရင်အုပ်နဲ့ တစ်တန်းတည်းအနေအထားမှာ ရှိနေရပါမယ်။
ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။