ဘဝပြသနာများကို ဖြေရှင်းနည်း (အပိုင်း-၄)
ဘဝဒဏ်ကို ရင်ဆိုင်ခြင်း – ဘဝပြသနာများကို ဖြေရှင်းနည်း (အပိုင်း-၄ )- လူတို့သည် ကလေးဘဝတွင် အမှားအယွင်းပြုတတ်ကြသည်။အမှားမပြုမိအောင် မည်သို့ရှောင်ရန်၊ ဂရုစိုက်ရန် နားမလည်တတ်ကြသေးပေ။သို့သော် အသက်အရွယ် တဖြည်းဖြည်း ရောက်လာသည်နှင့်အမျှ မိမိကို အနှောင့်အယှက်ပေးသည့် အခြေအနေများ ကြောင့်ဖြစ်ပေါ်သည့် အခြားသူတို့အတွက် အနှောက်အယှက်များကို လည်းကောင်း၊ သူသည် နားလည်သဘောပေါက်လာ၍ ယင်းသို့ထိန်းချုပ်ရန် နည်းလမ်းများကိုလည်း သိတတ်လာပေသည်။ ယင်းသို့ထိန်းချုပ် နိုင်လေလေ သူ့ အတွက် ကောင်းလေလေဖြစ်ကြောင်းကိုလည်း သိတတ် လာ၏။ အသက်အရွယ် အတန်ကြီးရင့်လာသောအခါတွင်ကား ယခင် သုံးစွဲခဲ့သည့် နည်းဟောင်းများကို ပယ်သင့်သည်ကိုပယ်၊ ပြင်သင့်သည် ကို ပြင်၍ နည်းသစ်များဖြင့် ဘဝဒဏ်ကို တွန်းလှန်ရန် ကြိုးပမ်းသည်။ ယင်းသို့ ကြိုးပမ်းရင်းပင် အချို့သူတို့မှာ ခံနိုင်ရည်ပိုမိုလာ၍ အချို့ သူတို့ ကား အလွယ်တကူ လက်လျှော့အရှုံးပေးတတ်သော ပျော့ညံ့သည့်စိတ်ဓာတ် တို့ ဝင်လာကုန်၏။ အသက်ကြီးရင့်လာသည်နှင့်အမျှ ဦးနှောက်ဆဲလ်တို့လည်း ယိုယွင်း ပျက်စီးတတ်သည်ဖြစ်ရာ ဘဝဒဏ်ကို အသက်ကြီးသူတို့သည် ငယ်ရွယ်သူတို့လောက် ခံနိုင်ရည်မရှိကြပေ။ အသက်ကြီးသည်ခြင်း တူပါကလည်း နှစ်ပေါင်းများစွာ ဘဝဒဏ်ကိုခံရ၍ နည်းအမျိုးမျိုးဖြင့် ဖြေရှင်းရန် အားထုတ်ခဲ့သည့် လူကြီးတစ်ဦးသည် ငယ်ရွယ်စဉ်က ဘဝဒဏ်ကို ပြင်းထန်စွာ ရင်မဆိုင်ခဲ့ရသည့် လူကြီးတစ်ဦးထက် ပို၍ ခံနိုင်ရည်ရှိကြောင်း တွေ့ရပြန်၏။ ငယ်ရွယ်စဉ်က နာကျည်းစရာဖြစ်ရပ်များ၊ ခါးသီးသော အတွေ့အကြုံများ အဖန်ဖန်ခံစားခဲ့ရသူတစ်ဦးသည် အသက်ကြီးရင့်သည့် အပိုင်းသို့ ရောက်သောအခါ ဘဝဒဏ်တို့ကို ပြင်းထန်သည်ဟု မယူဆ တော့ဘဲ သည်းခံနိုင်သောစွမ်းရည်လည်း မြင့်မား၍လာပေသည်။ ဘဝဒဏ်ဟူသည် တစ်ချိန်မဟုတ်တစ်ချိန် ပေါ်စမြဲဖြစ်သည်ဟု ယူဆထားပါက ဘဝဒဏ်နှင့် တကယ်တမ်းရင်ဆိုင်ရသောအခါ ပြင်းထန် စွာ မခံစားရတတ်ပေ။ အဆိုးဆုံးကို မျှော်လင့်၍ ရင်ဆိုင်ရန်အသင့်ရှိခြင်း သည် ဘဝဒဏ်ခံနိုင်ရည်ကို မြှင့်တင်နိုင်စွမ်းရှိပေသည်။