Q ငါးလုံး အကြောင်း

မနေ့က ဂျာနယ်တစ်ခုမှာ ဖတ်ရတယ်။ Q ငါးလုံး အကြောင်း…။ ဆောင်းပါးရှင်က မြန်မာ့ပညာရေးမှာလည်း ” I.Q ဦးတည် စာသင်ကျောင်းများမှသည် Q ငါးလုံး ဉာဏ်ရည်ဖြည့် စာသင်ကျောင်းများ ဖြစ်ဖို့ လိုအပ်ပါသည်” တဲ့။I.Q…( intelligence Quotient)ဉာဏ်ရည်ပြကိန်းလို့ ဘာသာပြန်ကြတယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ အဆင့် တစ်၊ နှစ် စတဲ့ ဒီဂရီ အတိုင်းအတာတွေနဲ့ သတ်မှတ်တာတွေပေါ့။

E.Q( Emotional Quotient)စိတ်လှုပ်ရှားမှုပြ ခံးစားချက်ပြကိန်း ဆိုလို့ရမယ် ထင်ပါတယ်။ တစ်နည်း…E.l ( Emotional Intelligence) လို့လည်း ခေါ်ကြတယ်။ဒီ E.Q လက္ခဏာက ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိကြသလို သူတစ်ပါးရဲ့ စိတ်ကိုလည်း ထပ်တူလို ခံစားပေးနိုင်တယ်။ ကိုယ်ချင်းစာ ပေးနိုင်တယ်ပေါ့။ဆောင်းပါးရှင်က ဒီနေရာမှာ မှတ်ချက်တစ်ခု ချပြတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အာဏာရှင်မှန်သမျဟာ ဒီ E.Q နိမ့်ပါးသူတွေ ဖြစ်ကြတယ်တဲ့။

P.Q( Physical Quotient) ကာယဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု။ ဒါကြောင့်ပဲ အားကစားတွေလည်း လုပ်သင့်တယ်။ ဒါကလည်း ကျောင်းသင်ခန်းစာ တစ်ခုအနေနဲ့သာမက ဘဝတစ်လျှောက်လုံးပါ လုပ်ဆောင်သွားရမဲ့ ကိစ္စမို့ သိပ်အရေးကြီးပါတယ်။

C.Q ( Cultural Quotient)ယဉ်ကျေးမှုဆိုင်ရာ။ ဒါကတော့ လူတွေမှာ မတူကွဲပြားကြတဲ့ ယဉ်ကျေးမှု ဆိုင်ရာတွေကို နားလည်ပေးနိုင်တယ်။ လေးစားမှုလည်း ရှိတယ်။ ဒီလိုမျိုး C.Q အားကောင်းဖို့လည်း လူတိုင်းမှာ သိပ်လိုအပ်တယ်ဆိုတာ ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။

S.Q ( Spiritual intelligence)ကိုးကွယ် ယုံကြည်မှုဆိုင်ရာ။ ဒါကတော့ ကိုယ့် ကိုးကွယ်ယုံကြည်မှုကို မြတ်နိုးသလိုပဲ တစ်ခြားသူတွေရဲ့ ကိုးကွယ်ရာတွေကိုလည်း အသိအမှတ် ပြုပေးနိုင်တယ်။ လေးစားတယ်။ နားလည်မှု ရှိတယ် စတာတွေပေါ့။ဆောင်းပါးရှင်က ဒီနေရာမှာ စောင်းပေး ပြောသွားသေးတယ်။ အဲ့ဒါကတော့ ကျုံ့လာနေပြီ ဖြစ်တဲ့ ကမ္ဘာကြီးမှာ မတူကွဲပြား ခြားနားမှုတွေကို နားလည်ပေးနိုင် လက်ခံပေးနိုင်တဲ့ ဒီ C.Q နှင့် S.Q ဟာ သိပ်အရေးကြီးလာပြီ။ ဒီ Q နှစ်လုံး မြင့်ဖို့ သိပ်လိုအပ်လာပြီလို့ ဆိုတယ်။

I.Q နှင့် E.Q မှာ ဘယ်ဟာက ပိုအဓိကကျလဲ ဆိုတာကို ဆောင်းပါးရှင်က ယူဆပြသေးတယ်။ အဲ့ဒါကတော့… I.Q မြင့်တိုင်းလည်း E.Q မြင့်ကြတာ မဟုတ်ဘူး။ စာတတ်တိုင်းလည်း စိတ်ကောင်း ရှိချင်မှ ရှိကြတာပါ။ ဒါကြောင့်ပဲ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက “စိတ်ကောင်း ရှိဖို့က ပထမ ၊ စာတက်ဖို့က ဒသမ” နေရာမှာထားပြီး ကျောင်းရဲ့ ဆောင်ပုဒ်တွေ လုပ်ထားခဲ့ပုံရတယ်လို့ ဆောင်းပါးရှင်က ကောက်ချက်ချပြတယ်။မြန်မာစကားဖြစ်တဲ့ “ပညာပြည့်ဝ၊ နှလုံးလှသော်” ဆိုတာကလည်း I.Q ရော၊ E.Qပါ မြင့်မားဖို့ လိုအပ်တယ်လို့ ပြောနေတာပါပဲ။

မြန်မာသံတော်ဆင့်မှ “ကိုလင်းထိုက် ( Y.l.T)” ၏ ဆောင်းပါးအာဘော်ကို review သဘောမျိုး ပြန်ရေးထားခြင်း ဖြစ်ပါသည်။

သုတ

openmoreonline

Related Posts