ဝှက်ဖဲ

ဝှက်ဖဲ အပိုင်း (၃၊ ၄)

ဝှက်ဖဲ အပိုင်း – ၃

ကော်ဖီဆိုင်ထိုင်ဖို့ သူနဲ့တွေ့တဲ့အခါ ကိုယ်ကပဲ ခင်ခင်မင်မင် ဆက်ဆံရတယ်။ စကား စရတယ်။ အဲဒီတော့မှ သူက ရင်းရင်းနှီးနှီး ပြောရဲဆိုရဲလာတယ်။ ဒီလိုနဲ့ပဲကိုယ်တို့နှစ်ယောက်ဟာ ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ရတယ်။

“ဒီပုံအတိုင်းဆို နင့်အလှဒဏ်ကို သူ ကြာကြာ မခံနိုင်ပါဘူး ငါအတပ်ပြောရဲတယ်၊ သူ မကြာခင် နှင့်ကို ချစ်ရေး ဆိုလိမ့်မယ်”

သူငယ်ချင်းတွေက ဟောကိန်းထုတ်သလိုများ ဖြစ်လာလေမလားလို့ ကိုယ်ကျိတ်ပြီး မျှော်လင့်ရတာ မောလို့တောင်နေပါပြီ။ သူကတော့ ကိုယ့်ကို ခုထိ ချစ်စကား ရိပ်ယောင် မပြသေးတာ စိတ်တိုစရာပဲ။ ဒါပေမယ့် သူက တရင်းတနှီးတော့ စကားဆိုတတ်တယ်။ ဥပမာ ကိုယ်က ဗြူတီပါလာမှာ ဆံပင်ပေါင်းတင် ခေါင်းသွားလျှော်ပြီး သူနဲ့တွေ့ရင် သူက ကိုယ့်ဆံပင် ပျော့ပျော့ရှည်ရှည်လေးတွေကို သဘောတကျ ကြည့်ရင်း ..

“ဆံပင်တွေက သိပ်လှတာပဲနော် .. ဘာခေါင်းလျှော်ရည်နဲ့ လျှော်တာလဲ၊ ကိုယ့်ဘာသာ လျှော်တာလား ဆိုင်မှာ သွားလျှော်တာလား”

“ဆိုင်မှာ သွားလျှော်တာလေ”

“ဟုတ်လား … ဒါကြောင့် ပိုလှတာ ထင်တယ်၊ ဗြူတီ ပါလာတွေက အရမ်းကောင်းတယ်၊ ကျွန်တော်လည်း ဆိုင်မှာပဲ သွားလျှော်တယ်။ ဒီတစ်ခါ အတူတူ သွားလျှော်ကြရအောင်လေ”

ဒါဟာ ကိုယ်နဲ့နီးစပ်ခွင့်ရအောင် အခွင့်အလမ်းတစ်ခု ကြံစည်တာများလားလို့ တွေးပြီး ကိုယ် တော်တော်ရင်ခုန်သွားတယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ကိုယ်နဲ့ အတူ ခေါင်းသွားလျှော်တိုင်း သူက ကိုယ့်ကို ဂရုမစိုက်ဘဲ အလှအပ ပစ္စည်းတွေဘက်ကိုပဲ အာရုံရောက်နေတယ်။ မျက်နှာသန့်စင်ဖို့၊ မျက်နှာပေါင်းတင်ဖို့၊ ဆံပင်ထိန်းသိမ်းဖို့ စသဖြင့် နည်းလမ်းတွေ၊ ပစ္စည်းပစ္စယတွေနဲ့ ပတ်သက်ပြီး ဆိုင်ရှင်မမကို အသေးစိတ် မေးမြန်းနေတယ်။ ကိုယ်က သူ့စိတ်ဝင်စားမှုကို တအံ့တသြနဲ့ … ။

“အလှကုန်ပစ္စည်းတွေ အင်ပို့လုပ်ချင်လို့လားဟင်” လို့ မေးမိတော့ သူက “မဟုတ်ပါဘူး” လို့ပဲ ခပ်တိုးတိုး ဖြေခဲ့ပါတယ်။

ဝှက်ဖဲ အပိုင်း – ၄

ဒီလိုနဲ့ပဲ သူနဲ့ကိုယ် ခင်မင်ခဲ့ကြတာ နှစ်တွေ ကြာညောင်းခဲ့ရတယ်။ သူကတော့ ကိုယ့်ကို ခုချိန်ထိ ချစ်ရေး မဆိုခဲ့ပါဘူး။ ဒါနဲ့ ကိုယ်တို့သူငယ်ချင်းတွေမှာ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ များလာခဲ့ရတယ်။

“သူ့မှာ ရည်းစားရှိပြီးသားမို့လို့လားမှ မသိတာ”

“ရှိရင် သူတို့တွဲမှာပေါ့ … အခု သူက မိန်းကလေးဆိုလို့ နင်တစ်ယောက်နဲ့ပဲ တွဲနေတာ”

“သူ့ရည်းစားက နိုင်ငံခြားရောက်နေသလားမှ မသိတာ”

“နိုင်ငံခြားရောက်နေလည်း ဒီမှာ နင်နဲ့သူ တွဲနေတာကို တစ်ဆင့်စကားနဲ့ သိသွားမှာပေါ့၊ သူ့ကို ပြဿနာ လုပ်မှာပေါ့”

အံ့တော့ အံ့သြစရာပဲနော် … နင်နဲ့ရင်းနှီးခင်မင်ပြီး ဒီလောက်အကြာကြီး ရည်းစားစကားမပြောဘဲ နေနိုင်တာဆိုလို့ သူတစ်ယောက်ပဲ တွေ့ဖူးသေးတယ်”

“မတွေးကောင်းတွေးကောင်း တွေးရရင် သူ တိတ်တိတ်ပုန်း အိမ်ထောင်တွေ ဘာတွေ ကျထားသလားမှမသိတာ၊ ဥပမာ .. သဘောမတူတဲ့ ဆင်းဆင်းရဲရဲ ပညာမတတ် မိန်းမမျိုးနဲ့”

မသေချာဘဲ ရမ်းမထင်ကြပါနဲ့ဟယ်”

အချိန်ကြာလာလေ သူဟာ ကိုယ့်အတွက် ရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်လာလေပဲ။ သူဟာ ကိုယ့်အပေါ် အရင်ကထက် ရင်းရင်းနှီးနှီး ဆက်ဆံပေမယ့် သူ့မျက်ဝန်းတွေက ရိုးစင်းတဲ့ အရိပ်အငွေ့တွေက ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုတွေကို ဖြည်းဖြည်းချင်း ဖဲ့ချွေတိုက်စားနေခဲ့တယ်။ နောက်ဆုံးတော့ မသေချာမှုတစ်ခုအတွက် ရင်မမောချင်တဲ့ ကိုယ်ဟာ သူနဲ့ပတ်သက် ပြီး ဘာကိုမှ မမျှော်လင့်ဘဲ မောင်နှမလို ရိုးရိုးသားသား ဆက်ဆံဖို့ဆုံးဖြတ်ချက်ချခဲ့ရတယ်။ သူကတော့ သူ့ ရဲ့ ယောက်ျားလေး အပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး သွားသွားလာလာနဲ့ပဲ သူ့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း ကိုယ့်အပေါ်လည်း အခင်မင်မပျက် ဆက်ဆံခဲ့ပါတယ်။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

Related Posts