တ် ရင့်ကျက်တည်ငြိမ်ခြင်း

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း (အပိုင်း-၄)

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း (အပိုင်း-၄) – ကိုယ့်ကိုယ်ကို ထိန်းသိမ်းချုပ်တည်းခြင်း

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း (အပိုင်း-၄) – ကလေးငယ်တို့သည် မိမိကိုယ်ကို ထိန်းသိမ်းချုပ်တည်းနိုင်စွမ်း မရှိပေ။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းချုပ်တည်းခြင်းဆိုသည်မှာ တစ်စုံတစ်ဦးက သင်ကြား‌ပြသပေး၍ ရသည်မဟုတ်။ လူတစ်ယောက်အဖို့ ကိုယ်ကာယအပိုင်းက အသက်နှင့်အမျှ ကြီးထွားဖွံ့ဖြိုးလာသကဲ့သို့ စိတ်ပိုင်းကပါ ဖွံ့ဖြိုးတိုးတက်လာလျှင် မိမိကိုယ်ကို ထိန်းချုပ်တတ်လာသည်။ လူတစ်ဦးတစ်ယောက်သည် တရှုးထိုးလှုပ်ရှားမှုကို သိစိတ်နှင့်ယှဥ်၍ ထိန်းချုပ်ပါက စိတ်လိုက်မာန်ပါ အပြုအမူကိုလည်း ထိန်းချုပ်နိုင်၏။ ယင်းသို့ထိန်းချုပ်နိုင်ပါမှ လိုဘမပြည့် အခြေအနေတို့၌ပင် ဣန္ဒြေမပျက် တည်ကြည်စွာ ပြုမူနိုင်မည် ဖြစ်ပေသည်။

စိတ်လိုက်မာန်ပါ ပြုခြင်းဆိုသည်ကား လူတစ်ယောက်သည် မိမိလုပ်ချင်သည့်အလုပ်ကို ချိန်ဆစဥ်းစားခြင်းမပြု တဇွတ်ထိုးလုပ်ခြင်းဖြစ်၏။ ဒေါသကြောင့် ရိုက်ပုတ်ဆဲဆိုမိခြင်း၊ ကြောက်ရွံ့၍ ထွက်ပြေးခြင်း၊ စိတ်မကျေနပ်၍ အော်ဟစ်ငိုကြွေးခြင်းတို့ကား တော်၏ မတော်၏ မစဥ်းစားပဲ စိတ်လိုက်မာန်ပါလုပ်မိခြင်းတို့၏ သာဓကများပင်တည်း။ စိတ်လိုက်မာန်ပါပြုခြင်းသည် ပြုလုပ်သူအတွက်ရော၊ ခံရသူအတွက်ပါ မကောင်းလှပေ။ မိမိကျူးလွန်မိသော အမှားကို သတိရသောအခါတွင်ကား အချိန်နှောင်းခဲ့ပေပြီ။ နောင်တဟူသည် နောင်မှတခြင်းပေတည်း။

စိတ်ဓာတ်ရင့်ကျက်သူတို့ကား တစ်စုံတစ်ခု မပြုလုပ်မီ ခေတ္တဆိုင်းငံ့၍ စဥ်းစားဆင်ခြင်ပြီးမှ ပြုမူ၏။ “နှိုင်းနှိုင်းချိန်ချိန် သုခမိန်” ဟူသော စကားသည် အချည်းနှီးမဟုတ်။ စိတ်လိုက်မာန်ပါ မပြုမိစေရန် နှိုင်းဆချင့်ချိန်ဖို့ သတိပေးသောစကားတည်း။

လိုဘမပြည့်ခြင်းကို သည်းခံနိုင်ခြင်းသည်လည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်နည်းတစ်ခုပင် ဖြစ်၏။ ကလေးငယ်တို့အနေဖြင့် လိုချင်သည်ကို မရသောအခါ စိတ်ဆိုး စိတ်ကောက်ခြင်း ရန်လို၊ ရန်ထောင်ခြင်း၊ တအီအီ ငိုကြွေးခြင်း၊ သုန်မှုန်ခြင်း၊ ခိုင်းသည်ကိုမလုပ်ပဲ ခေါင်းမာခြင်းတို့ဖြင့် တုံ့ပြန်တတ်ကြ၏။ သို့သော် အသက်ကြီးရင့်လာသည်နှင့်အမျှ ယင်းအပြုအမူတို့ လျော့နည်းသွား၍ အနှောင့်အယှက်တို့ကို တည်ကြည်စွာ ရင်ဆိုင်နိုင်သောအဆင့်သို့ ရောက်မည်ဖြစ်၏။

အရွယ်ရောက်ပြီးကာစမူ စိတ်ဓာတ်မရင့်ကျက်သူတို့ကား မိမိလုပ်ချင်သည်ကို တိုင်းဆစဥ်းစားခြင်းမပြုဘဲ စိတ်လွတ်လက်လွတ် လုပ်လိုက်တတ်ကြသည်။ မိုက်ရူးရဲဆန်တတ်ကြပေသည်။ ထို့ကြောင့်လည်း အမြဲတစေ မှားယွင်းမှု၊ နောင်တရမှုတို့သာ ရင်ဆိုင်ကြရပေသည်။

စာရေးဆရာ ‌ဒေါက်တာကျော်စိန် ရေးသားထားသော သင့်ဘဝတွက်တာ အသုံးချ စိတ်ပညာ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts