hapeye

အောင်မြင်ခြင်းရဲ့ အမှတ်တံဆိပ်

တစ်ခါက ‘ပတ်ဆန်’ လို့ခေါ်တဲ့ ပညာရှိသူတော်ကောင်းကြီး တစ်ဦး ရှိခဲ့ဖူးပါတယ်။ တစ်နေ့ သူအသက်ကြီးလာတော့ သူ့ရဲ့ တပည့်တွေက သူ့ကို မေးခွန်းတစ်ခု မေးတယ်။
“ဆရာကြီးရဲ့ဆရာက ဘယ်သူပါလဲ”
အသက်ကကြီး ကျန်းမာရေးက မကောင်း၊ ဘဝရဲ့ နောက်ဆုံးအချိန် ရောက်ခါနီးမှ မေးတော့ ဆရာကြီးက …
“မင်းတို့ မေးခွန်းက နောက်ကျနေပြီ”
“ဘာ့ကြောင့်လဲ”
“ငါ့မှာ အချိန်မှ သိပ်မရှိတော့တာ မဖြေချင်ဘူး”
“အချိန်မရှိရင် နာမည်လေးဘဲ ပြောပြပါ” တပည့်ဖြစ်သူက စိတ်မလျော့ပေ …
“နာရီပဲ ပြောရင်တောင်မှ အများကြီးဆိုတော့ ဒါကို ငါက ဘယ်လိုလုပ် ကုန်အောင်ပြောနိုင်မှာလဲ”
“ဒါဆိုရင် ဆရာကြီးရာ အားလုံးမပြောနိုင်ရင်တောင်မှ ဆရာကြီးဘဝမှာ အရေးကြီးပြီး မေ့လို့မရတဲ့ လူသုံးယောက်လောက် ပြောပြပေးပါလား”
“အေး ဒါဆို ပြောပြမယ်၊ ငါမေ့မရတဲ့ ဆရာသုံးယောက်ကတော့ သူခိုးရယ်၊ ခွေးရယ်၊ ကလေးရယ်ပဲ”
“ဗျာ”
သူထင်မှတ်မထားတဲ့ အရာတွေဆိုတော့ တပည့်ဖြစ်သူက စိတ်ထဲမရှင်းဘူး ဖြစ်သွားတယ်။ ဒါကို ‘ဟတ်ဆန်’ က ချက်ချင်း နားလည်လိုက်ပါတယ်။
“ဒီလိုကွ”
တစ်ခါက ငါက ကန္တာရတစ်ခုထဲကနေ မျက်စိလည် လမ်းမှားပြီး ညအချိန်မှာ ရွာလေးတစ်ရွာကို ရောက်သွားခဲ့တယ်။ မှောင်ကမှောင်၊ ပင်ပန်းကပင်ပန်း လမ်းက မသိဆိုတော့ အဲ့ဒီရွာလေးမှာ ခဏတည်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ တစ်ရွာလုံးက အိပ်မောကျနေတဲ့ အချိန်ဆိုတော့ တစ်ယောက်မှကို မတွေ့ဘူး။ ငါလည်း မီးလင်းပြီး အိပ်မပျော်သေးတဲ့ လူတစ်ယောက်များ တွေ့လေမလားဆိုပြီးတော့ လိုက်ရှာလိုက်တာ နောက်ဆုံးတော့ အိမ်တစ်အိမ်ကို ခိုးဝင်ဖို့ ကြိုးစားနေတဲ့ သူခိုးတစ်ယောက်ကို တွေ့လိုက်ရတယ်။
မေးစရာကလည်း မရှိတော့ သူခိုးကိုပင် …
“တည်းခိုစရာအိမ် မရှိဘူးလားမိတ်ဆွေ”
သူခိုးက သူ့ကိုကြည့်ပြီး …
“ခင်ဗျားကြည့်ရတာ ဒီရွာကို မရောက်ဘူးတဲ့ လူဆိုတာ သိသာပါတယ်။ အခုချိန်မှာ ဘယ်အိမ်မှ တည်းခိုလို့ မရနိုင်တော့ဘူး။ ခင်ဗျားတကယ် တည်းခိုချင်ရင်တော့ ကျုပ်အိမ်မှာ လိုက်တည်းပါ။ ကျုပ်က သူခိုးတစ်ယောက်နော်”
သူခိုးက ပွင့်လင်းစွာ ပြောပါတယ်။ ငါလည်း သူခိုးအိမ်မှာ မတည်းချင်ပင်မဲ့လည်း တည်းခိုစရာအိမ်က လုံးဝမရှိလေတော့ သူ့အိမ်မှာဘဲ လိုက်တည်းဖို့ ဆုံးဖြတ်လိုက်တယ်။
သူခိုးက သဘောကောင်းပါတယ်။ နောက်နေ့တွေမှာလည်း အားရှိအောင် သူ့အိမ်မှာနေဦး အားရှိမှ ပြန်ဆိုတာနဲ့ သူ့အိမ်မှာ ငါလည်း နေမိတယ်။ သူခိုးထံမှာ ငါနေရင်း ငါက သူ့အကြောင်းသိခဲ့ရတယ်။ သူက ညဆို ခိုးဖို့ ထွက်သွားတယ်၊ သူပြန်ရောက်လာတာနဲ့ ငါက …
“ဘာတွေရခဲ့လဲ ပြောပါဦး”
“ဒီညတော့ ဘားမှ မရခဲ့ဘူးဗျ၊ ခွေးတွေကဟောင် လကသာဆိုတော့ အဆင်မပြေခဲ့ဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ မနက်ဖြန်ညကျရင်တော့ အဆင်ပြေမှာပါ”
ဒီလိုနဲ့ နောက်နေ့ညမှာလည်း သူဘားမှ မရခဲ့ပါဘူး။ သူက ဘားမှသာမရခဲ့တာ သူ့နှုတ်ကတော့ …
“မနက်ဖြန် ကြိုးစားဦးမယ်” ဆိုတာချည်းပဲ၊ နောက်တော့ ငါသူနဲ့ လမ်းခွဲပြီး တရားအလုပ်ကို အားထုပ်တဲ့ အခါတိုင်း တရားမရသေးရင် စိတ်ဓာတ်တွေကျနေရင် ပျင်းနေရင် သူ့ကို သတိရတယ်။
“ထပ်ကြိုးစား ဦးမယ်” ဆိုတဲ့ စကားနဲ့ အညီ နေခဲ့တာ နောက်ပိုင်း အဆင်ပြေသွားတယ်။ ဒါ့ကြောင့် သူခိုးဟာ ငါ့ဆရာပါပဲ။
ဒုတိယဆရာက ခွေးတစ်ကောင်ပါ။
တစ်ခါက ငါဟာ ခရီးတစ်ခုသွားနေရင်း ရေအရမ်းဆာလာတာနဲ့ ရေကန်တစ်ခုမှာ ရေသောက်ဖို့ ဆင်းလိုက်တယ်။ အဲ့ဒီ အချိန်မှာပဲ ခွေးတစ်ကောင်ကလည်း ငါ့လိုပဲ ရေဆာလို့ ရေကန်ကို ရောက်လာတယ်။ ရေကန်ထဲက ရေတွေကလည်း ကြည်လင်နေတာပဲ။ ခွေးလေးဟာ ရေသောက်ဖို့ ငုံ့အကြည့် ရေကန်ထဲက သူ့ရဲ့ပုံကိုမြင်ပြီး နောက်ခွေးတစ်ကောင် ရေကန်ထဲမှာ ရှိတယ်ထင်ပြီး ဟောင်ပါတော့တယ်။
သူ့ဟောင်သံကို သူက ကန်ထဲက ခွေးတစ်ကောင်က ထပ်ဟောင်တယ်ထင်ပြီး ထပ်ထပ်ဟောင်ရင်းနဲ့ တဖြည်းဖြည်းစိတ်တိုလာပုံ ရပါတယ်။ နောက်ဆုံးမှာတော့ အဲဒီခွေးဟာ ရေကန်ထဲက ခွေးကို ရင်ဆိုင်မယ် စိတ်ကူးပြီး ရေကန်ထဲကို ခုန်ချလိုက်တာ နောက်ဆုံးတော့ ရေကန်ထဲမှာ နောက်ခွေးတစ်ကောင် မရှိတာကို သိသွားတယ်။
ဒါ့အပြင် ပူပြင်းတဲ့နွေရာသီမှာ ရေလည်းသောက်ပြီးသား ဖြစ်သလို ရေပါချိုးပြီးသား ဖြစ်သွားတယ်။ ဒါဟာ သူ့အခက်အခဲလို့ ထင်ထားတဲ့ အရာကနေ အခွင့်အရေးဖြစ်သွားတာပါ။
ငါလည်း အဲဒီခွေးကို ကြည့်ပြီးတော့ အခက်အခဲဆိုတာ တကယ် ရင်ဆိုင်ကြည့်ရင် အခွင့်အရေးအဖြစ် ပြောင်းလည်းသွားတာကို သိလိုက်ရပါတယ်။
တတိယဆရာကတော့ ကလေးငယ်လေးပါ။
တစ်ခါက ငါဟာ မြို့လေးတစ်မြို့ကို မှောင်တဲ့အချိန်မှ ရောက်သွားတယ်။ ငါရောက်သွားတဲ့ အချိန်မှာ ကလေးငယ်လေးတစ်ဦးက မီးအိမ်လေးကိုင်ပြီး ထွန်းလာတာတွေ့တာနဲ့ …
“ဒီမီး ဘယ်ကရတာလဲ” ဟု စချင်တာနဲ့ မေးလိုက်တယ်၊ ငါ့မေးခွန်းဆုံးတာနဲ့ တစ်ခါတည်း ကလေးငယ်က သူ့မီးအိမ်ကို ချက်ချင်းမှုတ်လိုက်ပြီး …
“အခု မီးဘယ်ရောက်သွားပြီလဲ”
သူ့မေးခွန်းဆုံးတာနဲ့ ငါဟာ တစ်ခုခုကို စိတ်ထဲက သိလိုက်တယ်။ အဲ့ဒါကတော့ အရေးမပါတာကို အရာလုပ်ရင် ဘားမှ မဖြစ်ဘူးဆိုတာပါပဲ။
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ အောင်မြင်ချင်တဲ့သူဆိုတာ …
၁။ သူခိုးလို အထပ်ထပ်ကြိုးစားရမယ်။
၂။ ခွေးလို အခက်အခဲကို ထိပ်တိုက်ဖြေရှင်း ရမယ်။
၃။ ကလေးလို အရေးမပါတာကို အရေးမလုပ်ရဘူး ဆိုတာပါပဲ။

ခရီးသွားလို့
လမ်းမသိရင် မေးရတယ်၊
ဒါပေမဲ့ ကိုယ်မေးတဲ့သူက
လမ်းမပြတတ်ဘူးဆိုရင်တော့
ပိုပြီးတော့ နှောင့်နှေးပါတယ်။

 သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts