အိုင်းရစ်နှင်းဆီ

အိုင်းရစ်နှင်းဆီ(အပိုင်း-3)

ရုတ်တရက် သူ့မျက်နှာလေး ရွှင်လန်းတောက်ပလာသည်။ သို့သော် ခဏချင်းမှာပဲ ပြန်၍ မှေးမှိန်သွားသည်။ သူက ခေါင်းခါသည်။ “မဖြစ်ပါဘူး၊ ကျွန်မမှာ ကလေးတွေ ကြည့်ရဦးမယ်၊ ပြီးတော့ ဖေဖေလဲ ရှိသေး…”

အဲဒါတွေအားလုံး စီစဉ်ပြီးပြီ၊ သီလရှင်တွေက သူတို့ကိစ္စ အားလုံးတာဝန်ယူပေးလိမ့်မယ်၊ မင်းသွားမှ ဖြစ်မယ် ရိုစ့်၊ အဲဒီလို အနားမယူလိုက်ရင် မင်း မကြာခင် လဲသွားလိမ့်မယ်”

“သွားလို့ မဖြစ်ပါဘူး၊ ကျွန်မ အငယ်လေးကို မထားခဲ့နိုင်ဘူး”

“ပြဿနာပါလားကွာ၊ ကိုင်း… ဒါလောက်တောင်ဖြစ်ရင်လဲ အဲဒီအငယ်လေးပါ မင်းနဲ့အတူ ခေါ်သွားကွာ”

သူမ မျက်လုံးတွေ ရွှန်းလက်သွားသည်။ နောက်တစ်နေ့ သူ့အငယ်လေးနှင့်အတူ ရထားတွဲမှာ နေရာချပေးသည့်အချိန်၌ သူ့မျက်လုံးတွေက ဝမ်းသာကြည်နူးရိပ်ဖြင့် ပို၍ပင် တောင်ပနေသေးသည်။ စက်သံတဂျုံးဂျုံးနှင့် ရထားကြီးထွက်တော့ သူက မိုက်ကယ်လေးကို သူ့ ဒူးပိန်ပိန်လေးများပေါ်တွင် တင်၍လှုပ်ကာ တီးတိုးပြောဆို ချော့မြှူရင်း ပါသွားသည်။

သူတို့သွားကြပြီးသည့်နောက်ပိုင်း ကျွန်တော့်မိတ်ဆွေ ကာရိုးလ်မိသားစုထံမှ လှမ်း၍ အကြောင်းကြားသည့် သတင်းစကားတွေက ဝမ်းသာစရာတွေချည်း။ ရို့စ်တစ်ယောက် အတော်ဝဖြိုးလာနေသည့် အကြောင်း။ ခြံမှာလည်း အလုပ်တွေ ကူလုပ်သည့်အကြောင်း။

ရို့စ်ကိုယ်တိုင်ဆီက ပေးပို့လိုက်သည့် ပို့စကတ်များပေါ်မှ သတ်ပုံမမှန်သော စာလုံးများမှာလည်း သူမဘဝတစ်လျှောက် ယခင် တစ်ခါမျှ မရခဲ့ဖူးသည့် စိတ်ချမ်းသာပျော်ရွှင်မှု အငွေ့အသက်တွေ ထင်ဟပ်လျက်ရှိသည်။ သူ့စာများမှာ မပါလျှင် မပြီးသည့်အရာကတော့ ကျေးလက်ပတ်ဝန်းကျင်နှင့် မိုက်ကယ်လေး အလွန်အံဝင်ခွင်ကျ ရှိလှသည့်အကြောင်း ဖြစ်သည်။

တစ်လတာက ခဏလေးလိုပင်။ သို့သော် ပြန်ချိန်နီးပြီဆိုတော့မှ ရို့စ်အတွက် ယမ်းအိုး ထ၍ ပေါက်လေသည်။ ကာရိုးလ်တို့က မိုက်ကယ်လေးကို မွေးစားချင်သည်ဟု ပြောဆိုလာခြင်း။
သူတို့ဇနီးမောင်နှံက လူလတ်ပိုင်းအရွယ်ရှိနေပြီ။ ပစ္စည်းဥစ္စာလည်း ကုံလုံကြွယ်ဝသည်။

သို့သော် သားသမီးတစ်ယောက်မျှ မရှိ။ သူတို့က သည်ကလေးကို ချီရင်း ပိုးရင်း အရမ်းချစ်သွားကြသည်။ ပြီး ကလေးအတွက် သူ့တို့သာ အများကြီး ပို၍ တတ်နိုင်သည်ဆိုတာကလည်း အထင်အရှား။ ဖခင် ဒင်နီကတော့ ဒါ မဟာအခွင့်အရေးပဲ ဟု ယူဆသည်။

သို့သော် ရို့စ်ကိစ္စ စဉ်းစားစရာရှိနေတာလည်း သူသိသည်။ ထို့ကြောင့် သည်ကိစ္စကို ရို့စ်ပဲ ဆုံးဖြတ်ပါစေဟု သူ လွှဲထားလိုက်သည်။ ရို့စ် ဘယ်လိုဆုံးဖြတ်သည်လဲ၊ သည်ဆုံးဖြတ်ချက်အတွက် သူ့အသည်းနှလုံးထဲက ဘယ်လောက် ပေးအပ်ခဲ့ရသည်လဲ ဆိုတာကိုကား တစ်ဦးတည်းပြန်လာသော သူ့ရုပ်သွင်ကို မြင်ရပြီးတော့မှ ကျွန်တော်တို့ မှန်းဆနိုင်ခဲ့သည်။

အိမ်မှာကျန်ရစ်သည့် ကလေးငယ်များနှင့် သူမဖခင်ကို ပြန်လည် တွေ့ဆုံရသည်အတွက်ကား သူ ဝမ်းသားပုံရပါသည်။ သို့သော် ဘူတာမှအိမ်သို့ အပြန်လမ်းတစ်လျှောက်လုံး သူ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ ကြေကွဲဖွယ် အိပ်မက်တစ်ခု မက်နေသည့်နှယ် သူ့အသွင်က ညှိုးလျနေသည်။ လောက်ရန်လမ်း နေအိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင်တော့ သူက လွမ်းဆွတ်တမ်းတစိတ်တွေကို မျိုသိပ်ကာ နဂိုမူလ ဝတ္တရားများကို ပြန်လည် ထမ်းဆောင်မှုပြုလေသည်။

သူက ယခင်ထက်ပင် ပို၍ လူကြီးဆန်လာသည်။ အိမ်မှုကိစ္စတွေကို ပိုအာရုံစိုက် လုပ်ကိုင်လာသည်။ သူမ၏ တိုက်တွန်းမှုကြောင့် ဖခင်ဒင်နီလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်လာပြီး၊ မှတ်မှတ်ရရ တစ်နေ့မှာတော့ သူ လုံးဝအရက်ဖြတ်ပါပြီ ဟူ၍ပင် ကတိကဝတ်ပြုလေသည်။

တကယ်တစ်သက်လုံး ပြတ်မပြတ် မသေချာသော်လည်း အရက်မသောက်ဘဲ နေသည့် အဲသည်ကာလပိုင်းတစ်လျှောက် သူ အလုပ်လည်း မှန်မှန်လုပ်ဖြစ်ခဲ့ရာ ရို့စ်မှာ ယခင်ပေါင်နှံထားသည့် အိမ်အသုံးအဆောင်ပစ္စည်းတွေအားလုံး ပြန်ရွေးလာနိုင်ပြီး၊ သူတို့မြေကြီးထပ်အခန်းလေးက အိမ်နှင့်အသင့်အတင့် ပြန်တူလာသည်။ အပတ်စဉ် လုပ်ခရှင်းပေးသည့် စနေနေ့များတွင် တစ်ခါတစ်ရံ ပိုက်ဆံ တစ်ကျပ်တစ်ပြား အပိုအလျှံရှိလာကာ မီးဖိုစင်ပေါ်ရှိ လက်ဖက်ခြောက်ဘူးထဲ ထည့်စုနိုင်သည်အထိ အခြေအနေ ကောင်းလာသည်။

ဖေမြင့် ရေးသားသော (ဘဝဒဿန ရသစာများ) စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts