အားနည်းချက်

အားနည်းချက်

သမီးရေ .…. သမီးဟာ တစ်နေ့မှာ မလွဲမသွေ အောင်မြင်ထင်ရှားလာမယ့် သူတစ်ယောက်လို့ ခံယူထားပါ။မေမေ ဒီလိုပြောတော့ သမီး မေမေ့ကို အထင်လွဲနိုင်တယ်ဆိုတာ မေမေသိပါတယ်။ မေမေက သမီးကို ဘဝင်မြင့်တဲ့ မိန်းကလေးမျိုး ဖြစ်စေချင်တာလားလို့ ပြန်မေးကောင်း မေးမယ်။ အဲ့ဒီလိုသဘောမျိုးနဲ့ ပြောတာ မဟုတ်ဘူး သမီး။ မေမေရှင်းပြပါ့မယ်။

သမီးရဲ့ မျက်လုံးလေးတွေကို ခဏမှိတ်ထားလိုက်ပါ။ သမီးကိုယ်သမီး အောင်မြင်ထင်ရှားသူတစ်ယောက်အဖြစ်ပုံဖော်တွေးကြည့်ပါ။ အဆိုတော်၊ ရုပ်ရှင်မင်းသမီး၊ စာရေးဆရာ၊ စီးပွားရေးလုပ်ငန်းရှင်၊ အိုင်တီပညာရှင်၊ အမတ်၊ ဝန်ကြီး၊ သမ္မတ စသဖြင့်ပေါ့ သမီးရယ်။

နယ်ပယ်တစ်ခုခုမှာ သိပ်ထူးချွန်လာရင် သူ့ဂုဏ်သတင်းဟာ ကျော်ကြားထင်ရှားလာမှာပဲ၊ သူ့ ဂုဏ်သတင်းဟာ ပျံ့နှံ့လာမှာပဲ၊ သတင်းဂျာနယ်မီဒီယာတွေက သမီးကို စိတ်ဝင်စားလာကြမယ်၊ အင်တာဗျူးကြမယ်၊ သမီးအကြောင်း ဖော်ပြကြမယ်။ သမီး ပိုပြီး ကျော်ကြားလာမယ်။ ခုခေတ်အပြောအရဆိုရင် cele ဖြစ်လာမယ်ပေါ့ သမီးရယ်။

အဲဒီအခါမှာ သမီးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုဝမ်းမြောက်ပေးမယ့်သူတွေ ရှိသလို သမီးရဲ့ အောင်မြင်မှုကို မလိုတမာနဲ့ သမီးရဲ့ အားနည်းချက်ကို ရှာချင်တဲ့သူတွေလည်း ရှိလာနိုင်တယ်၊ သမီးကို ဖြိုလှဲချင်တဲ့သူတွေလည်း ရှိလာနိုင်တယ် သမီး။

သမီး မအောင်မြင်ခင်အချိန်မှာ အမှားတွေလုပ်ခဲ့ဖူးရင်၊ အောင်မြင်မှုရဖို့ မှားယွင်းတဲ့အလုပ်မျိုးတွေကို လုပ်ခဲ့ဖူးရင် အဲ့ဒါတွေဟာသမီးရဲ့ အားနည်းချက် ဖြစ်လာလိမ့်မယ်။

တချို့လူတွေက သိပ်ကြောက်စရာကောင်းတယ် သမီး။ လူတစ်ယောက် ဘာမှအမှားမလုပ်မိဘဲ အောင်မြင်လာရင်တောင် သူတစ်ပါး အောင်မြင်မှုကို မရှုစိမ့်တဲ့စိတ်နဲ့ ခြေထိုးခံချင်ကြတာလေ၊ အမှားသာ တကယ်လုပ်မိလို့ကတော့ နာလန်မထူအောင် ထိုးနှက်လာကြလိမ့်မယ်။

ဒါ့ကြောင့် သမီးကသမီးကိုယ်သမီး တစ်နေ့မှာ မလွဲမသွေ အောင်မြင်ထင်ရှားမယ့်လူလို့ သဘောထားပြီး ဘဝခရီးလမ်းကို လျှောက်လှမ်းရမယ်။ အဲ့ဒီလို သဘောထားလိုက်တာနဲ့ သမီးအမှားတွေမလုပ်မိအောင် ရှောင်တတ်လာမယ်၊ သမီး အောင်မြင်လာတဲ့တစ်နေ့မှာ အားနည်းချက်မရှိအောင် ထောက်စရာရှာမရအောင် နေတတ်သွားလိမ့်မယ် သမီး။

အောင်မြင်မှုရဖို့ဆိုတာ ခက်ခဲတယ်။ အောင်မြင်မှုကို မှန်မှန်ကန်ကန်ရနိုင်ဖို့ ပိုပြီး ခက်ခဲတယ်။

အစွန်းအထင်း အထိအခိုက်မရှိတဲ့ အောင်မြင်သူတစ်ယောက် ဖြစ်ဖို့ကတော့ အခက်အခဲဆုံးပါပဲ သမီးရယ်။

အောင်မြင်သူဖြစ်လာမယ့် စိတ်ထားမျိုးနဲ့ သမီးရဲ့ ဘဝခရီးကို အစွန်းထင်းမရှိ ဖြတ်သန်းနိုင်ပါစေ။

တစ်နေ့မှာ ခက်ခဲတဲ့အောင်မြင်မှုတွေကို အမှန်တကယ် ရရှိ ပိုင်ဆိုင်နိုင်ပါစေ။

မှန်ကန်သော နည်းလမ်းမျိုးနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေ သမီးရေ။

ပုညခင်

စာရေးဆရာမ ပုညခင် ရေးသားထားသော မိန်းကလေးများသို့ မေတ္တာစကား စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts