အာရုံစူးစိုက်လုပ်မှ အောင်မြင်

အာရုံစူးစိုက်လုပ်မှ အောင်မြင်မှုရမယ်

ဘာအလုပ်ကိုပဲလုပ်လုပ် အာရုံစူးစိုက်လုပ်မှ အောင်မြင်မယ်။ အာရုံထွေပြားနေရင် မအောင်မြင်ဘူးဆိုတဲ့စကား ကြားဖူးကြမှာပါ။ ဒီအဆိုမှန်ကြောင်းရေးပြချင်ပါတယ်။ 

လမ်းဘေးမှာလက်နှစ်ဖက်စလုံးပြတ်နေတဲ့လူတစ်ယောက်တောင်းစားနေတာတွေ့ဖူးတယ်။ သနားကြပါ၊ ပေးကမ်းစွန့်ကြဲကြပါလို့ သနားစရာကောင်းအောင် အော်ပြီး တောင်းစားနေတာမဟုတ်ဘူး။ လမ်းပေါ်မှာဖျာလေးခင်းပြီး ဖျာပေါ်မှာခြေထောက်တစ်ဖက်နဲ့ တရုတ်စာလုံးတွေရေးပြတယ်။ ပန်းချီဆွဲပြတယ်။ ကြည့်တဲ့လူတွေက သဘောကျလွန်းလို့ သူ့ရှေ့မှာချထားတဲ့ ခွက်ထဲကိုငွေစက္ကူတွေ၊ အကြွေစေ့တွေထည့်ပေးကြတယ်။ သူဘာလို့ ခြေထောက်နဲ့စာရေး၊ ပန်းချီဆွဲနိုင်တာလဲ။သူ့မှာရွေးချယ်စရာလမ်းမရှိဘူး။ သူကိုကျွေးမွေးမယ့်သူမရှိတော့ သူ့အားသူကိုးရတယ်။ လက်တွေမရှိတော့ ရှိတဲ့ခြေထောက်ကိုပဲ အားကိုးရတယ်။ သူ့ခြေထောက်ကို အာရုံစိုက်ပြီး လေ့ကျင့်လိုက်တော့ သာမာန်လူတွေမလုပ်နိုင်တဲ့ ခြေစွမ်းပါပြလို့ရသွားတာပါပဲ။ 

မျက်စိမမြင်တဲ့လူတစ်ယောက် ဘတ်စ်ကားဂိတ်မှာ တောင်းစားနေတယ်။ ပါးစပ်ကအော်ပြီးတောင်းနေတာမဟုတ်လား။ ကုလားထိုင်တစ်လုံးမှာထိုင်ရင်း ဂစ်တာတစ်လုံးနဲ့ သီချင်းဆိုပြနေတာပါ။ နောက်ခံအော်ဂင်သံနဲ့ ဒရမ်သံတွေကိုတော့ sound box တစ်လုံးနဲ့ ဖွင့်ထားတယ်။ သူဆိုနေတဲ့ အင်္ဂလိပ်သီချင်းဟာ မူရင်းဆိုတဲ့ တေးသံရှင်ရဲ့အသံနဲ့ တူလွန်းလို့ရယ်၊ သူ့ရဲ့ဂစ်တာတီးကျွမ်းတာတွေကို လူတွေအရမ်းသဘောကျပြီး သူ့ရှေ့မှာချထားတဲ့ ပုံးထဲကိုပိုက်ဆံလေးတွေထည့်ပေးပြီး အားပေးကြတယ်။ ဒီလူလည်းစောစောကလက်ပြတ်နေတဲ့လူလိုပဲ အားကိုးစရာမရှိတော့ ရှိတာကိုအသုံးချတယ်။ မျက်စိမမြင်တော့ သူ့နားကိုပဲ အာရုံစိုက်ရတယ်။ ဒါကြောင့် မူရင်းတေးသံရှင်ရဲ့ဆိုပုံဆိုဟန် အသံအနှိမ့်အမြင့်ကို တသွေမတိမ်း တူအောင် ဆိုနိုင်ခဲ့တာပေါ့။ 

နာမည်ကျော် လက်ဝှေ့ထိုးသတ်သမားတစ်ယောက်ရှိတယ်။ သူဟာ ညာသန်တစ်ယောက်ဖြစ်လို့ သူ့ညာလက်သီးဟာကြောက်ခမန်းလိလိပြင်းတယ်။ ဒါပေမယ့် ဘယ်လက်သီးကအားပျော့လွန်းတယ်။ သူကြိုးစားပြီး ဘယ်လက်သီးပြင်းအောင်လေ့ကျင့်တယ်။ ဒါပေမယ့် ထင်သလောက် မတိုးတက်လာဘူး။ ဒီတော့ သူ့ရဲ့နည်းပြကသူ့ညာဘက်လက်ကိုကြိုးချည်ထားလိုက်ပြီး ဘယ်လက်တစ်ဖက်တည်းနဲ့ပဲ သူ့လေ့ကျင့်ဖော်တွေနဲ့ ယှဉ်ထိုးခိုင်းတယ်။ တစ်လလောက် ဘယ်လက်တစ်ဖက်နဲ့ ထိုးကျင့်လိုက်တော့ နောက်ဆုံး ဘယ်-ညာနှစ်ဖက်လုံးလက်သီးပြင်းလာတယ်။ ယှဉ်ပြိုင်တဲ့လက်ဝှေ့ပွဲတိုင်းနီးပါးအနိုင်ရခဲ့တယ်။ 

ဒါဘာကိုပြသလဲဆိုတော့ ဘာအလုပ်လုပ် အာရုံတစ်ခုတည်းထားပါ။

ကျောင်းသားတွေဟာ ကျောင်းစာတစ်ခုတည်းကိုပဲအာရုံထားရင်အောင်မြင်မှာပဲ။ ဒီလိုမှမဟုတ်ပဲ သီချင်းကလဲဆိုချင်တယ်၊ ကွန်ပြူတာဂိမ်းလေးဆော့ချင်တယ်၊ သူငယ်ချင်းတွေနဲ့ အာလူးထိုင်ဖုတ်ချင်တယ်။ အာရုံတွေများနေရင်အောင်မြင်မှာမဟုတ်ဘူး။ ထိုနည်းတူပဲ စီးပွားရေးလုပ်တဲ့လူတစ်ယောက်ဟာ မိမိစိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုပဲဇောက်ချမလုပ်ပဲ ဟိုလုပ်ငန်းလေး စမ်းလုပ်ကြည့်လိုက် ဒီလုပ်ငန်းလေး ကောင်းနိုးနိုးနဲ့ လျှောက်လုပ်နေရင် အောင်မြင်မှုရဖို့ခက်ခဲပါလိမ့်မယ်။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts