အသက် ၄၀ မတိုင်မီ ရပ်တန့်သင့်သော ကျန်းမာရေးဆိုးဝါးနိုင်သည့် အပြုအမူများ

အသက် ၄၀ မတိုင်မီ ရပ်တန့်သင့်သော ကျန်းမာရေးဆိုးဝါးနိုင်သည့် အပြုအမူများ

“ ငယ်စဉ်အခါက သင်ဟာ အသက်ရှည်ရှည်နေရလိမ့်လို့ ထင်ကောင်းထင်ခဲ့မိမှာပါ။ ဒါပေမယ့် တဖြည်းဖြည်း အသက်ကြီးလာတဲ့ အခါမှာတော့ ဒီအထင်တွေက အမှန်မဟုတ်ဘူး ဆိုတာကို သဘောပေါက်လာလိမ့်မယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် အသိနောက်ကျ သွားလို့ မိမိမှာ ငြိတွယ်နေတဲ့ ဝေဒနာတွေ ပိုဆိုးရွားလာမှာကို စိုးရိမ်တတ်သူတွေအနေနဲ့ အသက် ၄၀ မတိုင်ခင်မှာ အခုဖော်ပြထားတဲ့ ကျန်းမာရေးအတွက် ဆိုးရွားတဲ့အပြုအမူတွေကို ရပ်တန့်လိုက်ပါ။”

အပြာရောင်အလင်းတန်းများကို မရှောင်ခြင်း

ဟားဗတ်စ်တက္ကသိုလ်မှ ၂၀၁၁ ခုနှစ်က လေ့လာမှုအရ တီဗီနဲ့ ကွန်ပျူတာက ထွက်လာတဲ့ အပြာရောင်အလင်းတန်း (Bule Ray) တွေက အမျိုးအစား ၂ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ရောဂါနဲ့ အိပ်မပျော်တာအပါအဝင် ရောဂါတချို့ဖြစ်နိုင်ခြေမြင့်မားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူတွေ၊ တီဗီကြည့်ချိန်များသူတွေအနေနဲ့ တစ်နာရီကြာတိုင်း ၁၀ မိနစ်ခန့် လမ်းထလျှောက်ပါ။

သွားသာတိုက်ပြီး သွားကြားပွတ်ကြိုးကို အသုံးမပြခြင်း

လူအများစုက သွားပဲ တိုက်ပြီး သွားကြားပွတ်ကြိုးကို အသုံးမပြုတက်ကြပါဘူး။ သွားကြားပွတ်ကြိုးအသုံးပြုပါမှ သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ သွားကြား ထဲမှာရှိတဲ့ ဒီအညစ်အကြေးတွေက ကြာလာရင် သွားချေးဖက်တွေဖြစ်ပြီး ကျောက်အဖြစ် ပြောင်းလဲသွားကာဖယ်ရှားရခက်ခဲသွားနိုင်ပါတယ်။ သွားဖုံးရောဂါက အသက် ၄၀ အရွယ်ရောက်သူတွေမှာ အဖြစ်များတတ်ပေမယ့် အချို့လူတွေမှာ ၃၀ အရွယ်ထဲက စတင်ဖြစ်ပေါ်တတ်ပါတယ်။ သွားဖုံးရောဂါနဲ့ နှလုံးရောဂါဆက်စပ်မှုရှိတယ်ဆိုတာကို  လေ့လာမှုအများအပြားအရ သိရပါတယ်။

အစာနပ်ရှောင်ခြင်း

ပိန်ချင်လို့ နေ့ခင်းဘက်မှာ အစာနပ်ရှောင်တာတွေ ပြုလုပ်တာက အလွန်မှားယွင်းတဲ့အပြုအမှုပါ။ အစာရှောင်တာ ကိုယ်အလေးချိန်ကျဖို့ မကူညီနိုင်တဲ့အပြင် စားသောက်ဆိုင်ကအလွယ်တကူ ရရှိနိုင်တဲ့အသင့်အစားအစာတွေကို ပိုပြီးစားမိတာ ဒါမှမဟုတ် အဆာလွန်တာကြောင့် အစာကို မတန်တဆ စားမိတာတွေဖြစ်တတ်ပါတယ်။ ဒါအပြင် အစာမစားတာကြောင့် ဇီဝရုပ်ဖြစ်ပျက်နှုန်းနှေးကွေးသွားပြီး အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားလာပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာစားတာက ကိုယ်အလေးအချိန်ကျဆင်းဖို့ အတွက် ကူညီနိုင်ရုံသာမက စွမ်းအင်နဲ့ အာရုံစူးစိုက်မှုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်ခြင်း

လူအများစု ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်ကြတာက မိမိမှာ ရောဂါရှိနေမှန်း သိရှိမှာကို ကြောက်ရွံ့နေတာနဲ့ ငွေကုန်ကြေးကျများမှာ ကြောက်တာကြောင့်ပါ။ တစ်ကယ်တမ်း ရောဂါဖြစ်လို့ ဆေးရုံတက်ရမယ်ဆိုတော့မှ ဆေးမစစ်မိခဲ့တာကို နောင်တရတတ်ကြပါတယ်။ တစ်နှစ်တစ်ခါ ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူတာက ရောဂါရှိခဲ့ရင်လည်း နုစဉ်အခါမှာ တွေ့ရှိနိုင်တာမို့ကုသရလွယ်ကူနိုင်ပါတယ်။
အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရမယ့် အဖြစ်မျိုး မရောက်ရလေအောင် အသက် ၄၀ မတိုင်ခင်ကတည်းက နှစ်စဉ် ကျန်းမာရေး ပုံမှန်စစ်ဆေးမှု ခံယူပါ။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts