(Busy bee, but no time free)
သင်အလုပ်ရှုပ်နိုင်သည်၊ အလွန်ရှုပ်နိုင်သည်၊ သို့သော်လည်း ထိရောက်မှုမရှိခြင်းတော့ ဖြစ်နိုင်သည်။
Dr. Steven Covey
ကျွန်မတို့အားလုံး ထိုနေ့မျိုး ကြုံဖူးကြပါမည်။ ရုံးတွင် ဟိုပြေးသည်ပြေး၊ ဖုန်းများဖြေဆိုလိုက်၊ အီးမေးလ်များပို့လိုက်၊ တံခါးများခေါက်လိုက်၊ ထိုနေ့ပြီးဆုံးသွားလျှင် ‘ငါဒီနေ့ ဘာဖြစ်မြောက်အောင် လုပ်နိုင်ခဲ့လဲ။ ငါအလုပ်ရှုပ်နေတာတော့ မှန်တယ်။ ဒါပေမဲ့ ဘာတစ်ခုမှ ပြီးစီးတယ်လို့ မရှိဘူး’။
အကြောင်းမလှစွာဖြင့် ဖက်စ်များ၊ အီးမေးလ်များ၊ အင်တာနက်၊ ဆယ်လူလာဖုန်းများဖြင့် ကျွန်မတို့သည် သတင်းအချက်အလက် လျင်မြန်လှသည့် ကမ္ဘာကို ပေါ်ပေါက်စေခဲ့သည် (သို့မှလည်း ဖြစ်မည်)။ ကျွန်မတို့ ဦးစားပေးမှုများကို အာရုံစူးစိုက်ရန် အချိန်ရမည့်အစား ‘အဲဒီအချက်အလက်ကို ကျွန်တော့်ဆီ အခုရောက်အောင်ပို့ပေးပါ’ ဆိုသည့် ညွှန်ကြားချက်များကို လုပ်ကိုင်ပေးနေရသည်။ ယင်းသည် မြန်ဆန်သောအရှိန်အဟုန်ကို ဖြစ်စေသော်လည်း ယေဘုယျအားဖြင့် ဖြစ်ထွန်းမှုမရှိစေသလို ကျေနပ်မှုလည်း မပေးပါ။
ကုသနိုင်မည့်ဆေးနည်းမှာ အဘယ်နည်း။ အောက်ဖော်ပြပါ အပြောင်းအလဲနှစ်ခုကို စဉ်းစားသုံးသပ်ပါ။
(၁) နံနက်တိုင်း သင့်စားပွဲတွင် ထိုင်ပြီး အောက်ပါဧရိယာလေးခုတွင် သင် မည်သို့ဖြစ်ထွန်းလိုသည်ကို စာရင်းပြုစုပါ
– စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ (အလုပ်တာဝန်များသည် ပုံမှန်အားဖြင့် ဤကဏ္ဍနှင့် သက်ဆိုင်သည်)
– လူမှုရေးရာ၊ စိတ်ခံစားမှု (ဆက်ဆံရေးများ)
– ရုပ်ပိုင်းဆိုင်ရာ (ကာယလေ့ကျင့်ခန်းများ၊ ဆရာဝန်နှင့်ပြရန် ချိန်းဆိုမှုများ၊ အတိုင်းအချင့်နှင့်စားသုံးခြင်း)
– ယုံကြည်သက်ဝင်မှု (ဘာသာရေးယုံကြည်မှုဖြစ်ရန် သေချာပေါက် လိုအပ်ချက်မရှိပါ။ မိမိကိုယ်ကိုမိမိ ပြန်လည်ဆန်းစစ်ခြင်း ပြုလုပ်ခွင့်ပေးသည့် ယုံကြည်မှုဖြစ်လျှင် ရသည်။ ဘာသာရေးလည်း နည်းလမ်းတစ်သွယ် ဖြစ်သည်။)
သင် ဤဧရိယာလေးခုဝန်းကျင်တွင် ‘လုပ်ရန်ရှိ’ စာရင်းကို ပြုစုပါက သင်တစ်ခုခုတော့ ဖြစ်ထွန်းမှုရှိသည်ကို တွေ့လိမ့်မည်။ ‘ငါ ဒီနေ့ဘာမှလည်း အလုပ်မဖြစ်ဘူး’ ဆိုသည့် ပုံစံလက္ခဏာမှ ထွက်နိုင်လိမ့်မည်။ သင်၏မြန်နှုန်းကို လျှော့ချပြီး တစ်နေ့တာအတွက် သင်ပြုစုထားသည့် ‘လုပ်ရန်ရှိ’ စာရင်းကို အကောင်အထည်ဖော်ခြင်းဖြင့် သင်လိုချင်သော အခြေအနေကို ဖန်တီးယူပါ။
(၂) အီးမေးလ်များ၊ တယ်လီဖုန်းခေါ်ဆိုချက်များနှင့် စပ်လျဉ်းပြီးအာသာဆန္ဒမပြင်းပြပါနှင့်။
အီးမေးလ်များကို ချက်ချင်းဖွင့်ဖတ်ရန် လိုအပ်ချက်မရှိသလို တယ်လီဖုန်းခေါ်ဆိုချက်များကို ချက်ချင်း မဖြေကြားနိုင်လျှင် အသံဖမ်းစက်မှ အလိုအလျောက် ဖမ်းယူပေးထားလိမ့်မည်။ ဈေးဝယ်သူ၊ ဖောက်သည်များကို ဝန်ဆောင်မှုပေးသည့် အလုပ်ဆိုလျှင်တော့ ချက်ချင်း တုံ့ပြန်ပါ။ ကျန်လူများသည် အီးမေးလ် မပြန်ကြားမီ အချိန်ယူနိုင်သည်။ တယ်လီဖုန်းများကိုလည်း အချိန်တိုင်းဖြေဆိုရန် မလိုပါ။ ကျွန်မတို့ အများစုသည်အဝင် အီးမေလ်များကို အကြွေးမထားဘဲ ဖွင့်ဖတ်ရန်နှင့် တယ်လီဖုန်းခေါ်ဆိုလျှင် ကောက်ကိုင်ရန် အာသာဆန္ဒပြင်းပြကြသည်။ ဤကဲ့သို့ ချက်ချင်း တုံ့ပြန်သည့်အပြုအမူသည် သင်၏အချိန်ကို ဝါးမျိုပစ်ပြီး သင် လုပ်နေသည့်အလုပ်မှ အာရုံပျက်ပြားစေသည်။ ယင်းသည် ချီးမွမ်းဖွယ်ညဉ်တစ်ခု ဖြစ်သော်လည်း ဖွံ့ဖြိုးစေသင့်သည့် ညဉ်တစ်ခုတော့ မဟုတ်ပါ။
သင့်အနေဖြင့် အကြောင်းအရာတစ်ခုအပေါ် အာရုံစိုက်ရန် ကြိုးစားပါ။ ထို့နောက်မှ အခြားသူများ၏တောင်းဆိုချက်များကို အာရုံစိုက်ပါ။
မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။