အမှိုက်သိမ်းကားနဲ့တူသော လူများ

အမှိုက်သိမ်းကားနဲ့တူသော လူများ

အင်တာနက်မှာ ဖတ်မိလိုက်တဲ့ မှတ်သားလောက်စရာစာလေးတစ်ပုဒ်ပါ။ 

ကျွန်တော် တစ်နေ့တော့ လေဆိပ်ကို သွားဖို့ တက္ကစီတစ်စီးတားပြီးတက်စီးလိုက်ပါတယ်။ တက္ကစီကားဟာ လမ်းတစ်နေရာရောက်တော့ အမည်းရောင်ကားတစ်စီးဟာ လမ်းကြားထဲကနေရုတ်တရက်ထွက်လာလို့ တက္ကစီသမားလည်းသူ့ကားကို ကမန်းကတန်း ဘရိတ်အုပ်ပြီး လမ်းမအလယ်ကို ဆွဲချလိုက်ရတယ်။ နောက်ကလာတဲ့ကားနဲ့တိုက်မိမလိုပါပဲ။ ပွတ်ကာသီကာလေး လွတ်သွားတယ်။ 

တကယ်တော့ လမ်းကြားထဲကထွက်လာတဲ့ကားအမည်းဟာလမ်းမတန်းမှာမောင်းနေတဲ့ကျွန်တော်စီးတဲ့ တက္ကစီကားကို ဦးစားပေးရမှာပါ။ ကားအမည်းမောင်းတဲ့သူကမတောင်းပန်တဲ့အပြင် ကျွန်တော့်တက္ကစီသမားကိုမျက်စိမပါဘူးလား။ သေသွားချင်လို့လားလို့အော်ငေါက်ပြီးဆဲသွားပါသေးတယ်။ 

ကျွန်တော့်တက္ကစီသမားက ဘာပြန်လုပ်သလဲ။ ဟိုလူကိုပြုံးပြပြီးလက်ပြနှုတ်ဆက်လိုက်ပါသေးတယ်။ ကျွန်တော်လည်းသူ့အပြုအမှုကိုနားမလည်လို့မေးလိုက်ပါတယ်။ ‘ ကားဆရာ ခင်ဗျားဘာဖြစ်လို့ လက်ပြနှုတ်ဆက်လိုက်တာလဲဗျ။ ဟိုလူလုပ်လိုက်တာ ခင်ဗျားကားလည်းပျက်စီးသွားနိုင်တယ်။ ကျွန်တော်တို့လည်း ဆေးရုံရောက်သွားနိုင်တယ် မဟုတ်လား’။ 

တက္ကစီသမားက ကျွန်တော့်ကို အခုလို အေးအေးဆေးဆေးပြန်ပြောပြပါတယ်။ ‘တချို့လူတွေဟာ အမှိုက်သိမ်းကား ( Garbage Truck) တွေလိုပဲ။ တစ်နေ့လုံး သူတို့ရဲ့မကျေနပ်တာတွေ၊ စိတ်ညစ်တာတွေ၊ ဒေါသတွေ၊ စိတ်ပျက်မှုတွေကို စုသိမ်းထားပြီး ပွင့်အံထွက်ခါနီးကျရင်သွန်ချဖို့ နေရာတစ်နေရာ လူတစ်ယောက်ကိုရှာတော့တာပဲ။ တွေ့တာနဲ့ အဲဒီဟာတွေကို သူ့အပေါ်သွန်ချတော့မယ်လေ။ စောစောက ငါ့အပေါ် သွန်ချဖို့လုပ်တာလေ။ ငါ့အပေါ်သွန်ချမခံနိုင်လို့ သူလိုချင်တဲ့ တုံ့ပြန်မှု မပေးလိုက်တာပဲ’ တဲ့။ ကောင်းလိုက်တဲ့အယူအဆလေး။ 

သင့်ဘဝမှာ ဒီလိုအမှိုက်သိမ်းကားနဲ့တူတဲ့လူနဲ့ကြုံလာရင် ဘာလုပ်မလဲ။ စောစောက တက္ကစီသမားလို ပြန်မတုံ့ပြန်တာ အကောင်းဆုံးပါ။ ချိုချိုသာသာပြောရင်ပြော၊ ဒါမှမဟုတ် စကားအဖက်လုပ်ပြောမနေဘဲရှောင်ထွက်သွားဖို့ပါ။ ဒီလိုမှမဟုတ်ပဲ အဲဒီလူရဲ့ ဒေါသ စိတ်ဆိုးစကားတွေကို နားထောင်မိပြီးကိုယ့်စီမှာလည်း ဒေါသထွက်လာမယ်။ စိတ်တိုလာမယ်။ စိတ်မချမ်းမသာဖြစ်လာတော့မယ်။ အဲဒါတွေဟာ တစ်ဖက်သားကသွန်ထည့်လိုက်တဲ့ အမှိုက်တွေ ကိုယ့်အပေါ်ပုံကျလာတာနဲ့ အတူတူပါပဲ။ 

ဒါကြောင့် စိတ်ချမ်းချမ်းသာသာနေချင်ရင် အမှိုက်သိမ်းကားလိုလူမျိုးကိုဝေးဝေးကရှောင်ကျဉ်ပါ။ သူတို့သွန်ချလိုက်တဲ့ အမှိုက်တွေကိုလည်း လက်မခံမိပါစေနဲ့။ မိမိကိုယ်တိုင်လည်း အမှိုက်သိမ်းကား မဖြစ်ပါစေနဲ့။ 

‌ဪ…မေ့နေလို့။ facebook မှာနေ့စဉ်သွန်ချနေတဲ့ အမှိုက်တွေလည်းအများကြီးနော်။ သင့်အပေါ် မကျပါစေနဲ့။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှကူးယူဖော်ပြထားပါတယ်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts