အမှားလား၊ အမှန်လား

အဖြူလား၊ အမည်းလား

ကလေးဘဝ မူလတန်းကျောင်းတက်နေစဉ်တုန်းက အဖြစ်အပျက်လေးတစ်ခုပါ။ စာသင်ချိန်မှာ ကျွန်တော်နဲ့အနားက သူငယ်ချင်းတစ်ယောက်ဟာ ကိစ္စတစ်ခုအတွက် ငြင်းခုံကြရင်း တစ်ယောက်နဲ့ တစ်ယောက် ထိုးကြိတ်မလို ဖြစ်ကြလို့ ဆရာမက ဝင်ရောက်ဖြန်ဖြေပေးရတယ်။ ဆရာမက ဘာဖြစ်ကြတာလဲလို့ မေးလို့ ကျွန်တော်က ငြင်းတဲ့ကိစ္စမှာ ကိုယ်မှန်တယ်။ သူမှားတယ်လို့ ပြောပြတယ်။ သူကလည်း ကျွန်တော်မှားတယ်။ သူမှန်တယ်လို့ ပြန်ပြောတယ်။

ဒီတော့ ဆရာမက တစ်တန်းလုံးသိအောင် သရုပ်ပြပွဲလေးတစ်ခုလုပ်ပြပါတယ်။ အဲဒီ သရုပ်ပြပွဲလေးဟာ ကျွန်တော့်ဘဝမှာ အဖိုးတန်လှတဲ့ သင်ခန်းစာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆရာမက ကျွန်တော့်ကို သူ့စားပွဲရဲ့တစ်ဖက်မှာ မတ်တပ်ရပ်ခိုင်းလိုက်တယ်။ သူငယ်ချင်းကို စားပွဲရဲ့တခြားဖက်မှာ ရပ်ခိုင်းလိုက်တယ်။ တစ်တန်းလုံးလည်း ဆရာမ ဘာလုပ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတယ်။

ဆရာမက ကတ်ထူးပြားတစ်ခုကို စားပွဲပေါ်မှာ ထောင်လိုက်ပြီး ကျွန်တော့်ကို မေးပါတယ်။ ကတ်ထူပြားဟာ ဘာအရောင်လဲတဲ့။ ကျွန်တော်က အဖြူရောင်လို့ဖြေလိုက်တယ်။ ဆရာမက တစ်ဖက်က သူငယ်ချင်းကို အဲဒီမေးခွန်းပဲ မေးပြန်တယ်။ သူက အမဲရောင်လို့ ဖြေလိုက်တယ်။ ကျွန်တော်က ‘ဟေ့ကောင် အဖြူရောင်ကွ”လို့ အော်လိုက်ပါတယ်။ သူကလည်း “အမဲရောင်ကွ“လို့ ပြန်အော်တယ်။

ဆရာမက လက်ကာပြပြီး တော်ကြစမ်းလို့ လှမ်းအော်လိုက်တယ်။ ပြီးတော့ ဆရာမက ကျွန်တော်တို့နှစ်ယောက် ရပ်နေတဲ့နေရာချင်း လဲခိုင်းလိုက်တယ်။ ပြီးတော့ ဆရာမက စောစောက မေးခွန်းကိုပဲ ပြန်မေးတယ်။ အခုတော့ ကျွန်တော်က အမည်းရောင်လို့ဖြေပြီး သူငယ်ချင်းက အဖြူရောင်ဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့ ဆရာမထောင်ထားတဲ့ ကတ်ပြားဟာ တစ်ဖက်က အဖြူရောင်နဲ့ တစ်ဖက်မှာ အမည်းရောင် ဆေးသုတ်ထားတာကိုး။

ဆရာမက တစ်တန်းလုံးကို ရှင်းပြပါတယ်။ နောင်ကို တစ်ယောက်နဲ့တစ်ယောက် အမြင်သဘောထားမတူကြလို့ အငြင်းအခုံဖြစ်ကြရင် တစ်ယောက်နဲ့တစ်ယောက် နေရာချင်းလဲပြီးမှ ဆက်ငြင်းကြပါတဲ့။ အဲဒီတုန်းက ကလေးမို့ နေရာချင်းလဲကြဖို့ဆိုတာပဲ နားလည်ခဲ့တယ်။ တကယ်တော့ အဲဒီရိုးရှင်းတဲ့ ဥပမာလေးဟာ ဘဝမှာ အင်မတန် တန်ဖိုးရှိတဲ့ သင်ခန်းစာဆိုတာကို အသက်အရွယ်ကြီးလာမှ သဘောပေါက်မိပါတော့တယ်။ အဲဒါဟာ နေရာတကာမှာသုံးနိုင်တဲ့ အမှန်တရားတစ်ခုပါ။

မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ သမီးရည်းစား၊ လင်မယား၊ အပေါင်းအသင်း အချင်းချင်းကြားတွေမှာ အငြင်းပွားနေရင် နေရာချင်းလဲလိုက်ပါ။ ခုံနေရာ ပြောင်းထိုင်ဖို့ ပြောတာမဟုတ်ပါဘူး။ အခြားတစ်ဖက်လူရဲ့ ရင်တွင်းခံစားချက်ကို နားလည်အောင် ကြိုးစားဖို့ပါ။

တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်သွားရင် တစ်ခါတလေ မိမိမှန်တယ်ဆိုတဲ့အမြင်ဟာ မှားနေမှန်း သိလာတတ်ပါတယ်။ အဲဒါဆိုရင် ညှိနှိုင်းအဖြေရှာဖို့ လွယ်ကူသွားပါပြီ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts