ထွက်ပေါက်

အခက်အခဲကြားမှ ထွက်ပေါက်

တစ်ခါက လူဆိုးတစ်ယောက်ကို ရဲတွေက ဖမ်းမိသွားပါ တော့တယ်။ ဖမ်းမိသွားတာနဲ့ ရဲအရာရှိက အမှုနဲ့တ်သက်လို့ မေးမိတာနဲ့ …
“ခင်ဗျား ဘာ့ကြောင့်များ အခုလို ဘဝမျိုးကို ရောက်ရှိသွားတာလဲဗျ … ပြောပြပါဦး”
“ဒီလိုဗျ ကျွန်တော်လူဆိုးဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ကျွန့်တော့် ပထွေးကြောင့်၊ ကျွန်တော့်ပထွေးက ကျွန်တော်တို့ကို ငယ်ငယ်ထဲက နှိပ်စက်တော့ ကျွန်တော်လည်း စိတ်ညစ်ပြီး အရက်တွေသောက်၊ ရန်တွေဖြစ်၊ နောက်တော့ အိမ်က ထွက်ပြေးပြီး အခုလိုဘဝ ရောက်သွားတာပဲ”
“ဒါနဲ့ ခင်ဗျားမှာ မိသားစု ဘယ်နှစ်ယောက် ရှိလဲ”
“ကျွန်တော့် အကိုနဲ့ နှစ်ယောက်ပါ”
“သူကလည်း လူဆိုးတစ်ယောက်ပဲလား”
“ဟာ … မဟုတ်ပါဘူးဗျာ၊ သူက တက္ကသိုလ်ပါမောက္ခ တစ်ယောက်ပါ”
လူဆိုးရဲ့ အဖြေစကားကို ကြားရတာနဲ့ ရဲကအရမ်းကို စိတ်ဝင်စားသွားပါတယ်။ နောက်တစ်ရက်မှာတော့ တက္ကသိုလ်မှာ ရှိတဲ့ ပါမောက္ခထံကိုသွားပြီးတော့ …
“ခင်ဗျား ဘာကြောင့်များ အခုလို ပါမောက္ခဘဝကို ရောက်ရှိတာလဲ စိတ်ဝင်စားလို့ပါ”
“ဒီလိုဗျ ကျွန်တော် ပါမောက္ခဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ကျွန်တော့်ပထွေးကြောင့်ဗျ။ ခင်ဗျားသိတဲ့ အတိုင်းပဲ ပထွေးဆိုတော့ ကျွန်တော်တို့ကို နှိပ်စက်တယ်”
“ဒီတော့ ခင်ဗျား စိတ်ညစ်မှာပေါ့”
“အသေအချာပဲ”
“စိတ်ညစ်တော့ ဘာလုပ်လဲ”
“စိတ်ညစ်တော့ အိမ်မှာမနေချင်ဘူး။ ဒီတော့ ကျွန်တော်က စာကြည့်တိုက်သွားပြီး စာကျက်တယ်။ အားတဲ့အချိန်ဆိုရင်လည်း စာကြည့်တိုက်သွားပြီး စာတွေဖက်တယ်။ ဒီလိုနဲ့ ကျွန်တော် ပါမောက္ခတစ်ယောက် ဖြစ်လာတာပဲ”
အဖြစ်အပျက်လေးကို ဒီနားမှာ အဆုံးသတ်ရအောင်ပါ။
မအောင်မြင်ကြသေးတဲ့ တချို့သောသူတွေရဲ့ ဘဝမှာလည်း အဆင်မပြေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကြားမှာ နေထိုင်ကြီးပြင်း ရပ်တည်ခဲ့ရတာတွေ ရှိပါတယ်။ ပြောရလျှင် အဲ့လိုလူတွေက အများကြီးပါ။
ဒါဆိုလျှင် ဘာ့ကြောင့်များ တချို့က အောင်မြင်ကြပြီး ဘာ့ကြောင့်များ တစ်ချို့က မအောင်မြင်ကြတာလဲ။
အပေါ်မှာရေးပြခဲ့တဲ့ အဖြစ်အပျက်လေးနဲ့ဘဲ ဒီမေးခွန်းကို စဉ်းစားကြည့်ရအောင်ပါ။
အဆင်မပြေတဲ့ ဘဝနဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရတာခြင်း တူပေမယ့်လည်း အဲ့ဒီ အဆင်မပြေမှုတွေထဲကနေ အကောင်းမွန်ဆုံး ရုံးထွက်နိုင်ကြသူတွေက အောင်မြင်ကြပါတယ်။
ဒါဆိုလျှင် အကောင်းမွန်ဆုံး ရုန်းထွက်မှုဆိုတာ လူတိုင်းကို ပေးနိုင်တဲ့ အရာဖြစ်ပြီး၊ တချို့ မအောင်မြင်တာဟာ ထွက်ပေါက်မှားခြင်းကြောင့် ဆိုတာ ထင်ရှားပါတယ်။
ဒါ့ကြောင့် ဘယ်လို အခက်အခဲများနဲ့ ကြုံတွေ့နေပါစေ ထွက်ပေါက် မှန်အောင် ထွက်တတ်ရင် အောင်မြင်ပါတယ်။ ထွက်ပေါက်မှားရင်တော့ လမ်းမှားပဲ ရောက်မှာပါ။

ကိုယ့်ကိုကိုယ်
အလကားလူလို့
သတ်မှတ်ထားသရွေ့
မင်းတန်ဖိုး
မင်းသိရမယ် မထင်နဲ့။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenMoreOnline

Related Posts