အကောင်းကြိုက်လို့ အကြိုက်မကောင်းတဲ့အခါ

အကောင်းကြိုက်လို့ အကြိုက်မကောင်းတဲ့အခါ

အကောင်းကြိုက်လို့ အကြိုက်မကောင်းတဲ့အခါ

သမီးရေ …

သမီးက အကောင်းကြိုက်သူကလေးလား။ မေမေ မေးတာ သမီး နားလည်လားဟင်။ သမီး တန်ဖိုးကြီး အဝတ်အစား အသုံးအဆောင်တွေကို ကြိုက်သလား၊ ကားကောင်းကောင်း စီးချင်သလား၊ အိမ်ကောင်းကောင်းမှာ နေချင်လား၊ အစားအသောက်ကောင်းကောင်း စားချင်သလား။ သမီး ဘယ်လိုဖြေမယ်ဆိုတာ မေမေသိပါတယ်။ ကြိုက်တာပေါ့ မေမေရယ်လို့ သမီးဖြေမယ်မဟုတ်လား။ ဘယ်သူမဆို အကောင်းကြိုက်ကြမှာပဲလေ။ မေမေကိုယ်တိုင်လည်း အကောင်းကြိုက်တာပဲ။ အကောင်းကြိုက်တာဟာ အပြစ်မဟုတ်ပါဘူး။

အကောင်းကြိုက်လို့ အကြိုက်မကောင်းဘူးဆိုရင်တော့ သမီးအပြစ်ဖြစ်သွားပြီနော်။ အကောင်းကြိုက်တဲ့ မိန်းကလေးတချို့ဟာ အကြိုက်မကောင်းကြဘူး သမီးရဲ့။ တချို့မိန်းကလေးတွေဟာ ကောင်းကောင်း ဝတ်ချင်၊ စားချင်၊ သုံးဖြုန်းချင်စိတ်တွေကို မထိန်းချုပ်နိုင်တော့တဲ့အခါ ကိုယ်ကြိုက်တာတွေကို ရအောင် ဖြည့်ဆည်းပေးမယ့် ယောက်ျားတွေနဲ့ တွဲဖို့ ဝန်မလေးကြတော့ဘူး။ အဲ့ဒီယောက်ျားတွေက မကောင်းဘူးဆိုလည်း သူတို့က တွဲကြတာပဲ။ အကျင့်ကောင်းကောင်း မကောင်းကောင်း ပိုက်ဆံရှိလို့ကတော့ လက်ခံတွဲတာပဲ။

အကောင်းကြိုက်လွန်းတော့ ကောင်းတာလေးတွေပေးမယ့် မကောင်းတဲ့ယောက်ျားတွေနဲ့ ပတ်သက်ကြတာပေါ့။ အကောင်းကြိုက်တော့ အကြိုက်မကောင်းနိုင်တော့ဘူးပေါ့ သမီးရယ်။ တချို့ဆို အိမ်ထောင်သည်မှန်း သိသိကြီးနဲ့တောင် တွဲကြ ပတ်သက်ကြတော့တာကိုး။

ကိုယ်မက်မောတဲ့ Branded ပစ္စည်းတွေကို ပိုင်ဆိုင်သုံးစွဲ ရဖို့အတွက် ကိုယ့် Brand ကို အပျက်ခံလိုက်ရတယ်ဆိုတာ ဘယ်လောက်နှမြောစရာကောင်းသလဲ။

ကိုယ်က Branded တွေ မသုံးစွဲနိုင်ပေမဲ့ ရိုးသားကြိုးစားတဲ့ သိက္ခာရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတယ်ဆိုရင်ပဲ ကိုယ်တိုင်က Brand တစ်ခု ဖြစ်နေပြီလေ။ အဲ့ဒီ Brand လေးကို ဘာလို့ အပျက်ခံမလဲ။

သမီးကိုယ်တိုင်က အကောင်းကြိုက်ရင် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ကြိုးစားရင်းနဲ့ သမီးကြိုက်တဲ့ အကောင်းတွေကို ပိုင်ဆိုင်ဖို့ သမီးကိုယ်တိုင် ကြိုးစားပါ။ အကောင်းတွေရဖို့ သမီးရဲ့ Brand ကို အပျက်မခံပါနဲ့။

Brand ကြိုက်လို့ ကိုယ့် Brand အပျက်ခံလိုက်ရပြီဆိုရင် Brand မရှိတဲ့ ပစ္စည်းကို ဘယ်သူကမှ ဈေးကြီးပေးပြီး အပိုင် မဝယ်ချင်ကြတော့ဘူး။

ကိုယ်တိုင်က Branded ဖြစ်နေပြီဆိုရင်တော့ ဘယ်သူမဆို ဈေးကြီးပေးပြီး ဝယ်ချင်ကြမှာပဲ။ အဲဒီတော့မှ ခေါင်းခေါက်ရောင်းလိုက်ရုံပဲပေါ့ သမီးရယ်။ မေမေပြောတာ သမီး သဘောပေါက်ပါတယ်နော်။

         လောကမှာ မိန်းကလေး သုံးမျိုးရှိတယ် သမီးရဲ့ ၊ 
တစ်မျိုးက ကောင်းတာလေးတွေ ပိုင်ရဖို့ ကိုယ်တိုင်ကြိုးစားတယ်။ 
တစ်မျိုးက ကောင်းတာလေးတွေရဖို့ ကိုယ့်ဘဝကို စတေးကြတယ်။ 
တစ်မျိုးက ကောင်းတာလေးတွေ ရအောင် မကြိုးစားနိုင်ပေမဲ့ ကိုယ့်ဘဝကိုလည်း မစတေးဘဲ ကိုယ်ရနိုင်တဲ့ သင့်တင့်ရာလေးတွေနဲ့ပဲ ရောင့်ရဲကျေနပ်ကြတယ်..။

သမီးရော ဘယ်လို မိန်းကလေးထဲမှာ ပါသလဲ။ အကောင်းကြိုက်လို့ အကြိုက်မကောင်းသူတော့ မဖြစ်စေနဲ့နော် သမီး။

စာရေးဆရာမ ပုညခင် ရေးသားထားသော မိန်းကလေးများသို့ မေတ္တာစကား စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts