hapeye

သင် သူများကို စိတ်အနှောင့်အယှက် ပေးနေပါသလား။

(Are you buggin?)

ကျွန်မတို့ထဲမှ အများစုသည် ကျွန်မတို့မိသားစုနှင့် ကုန်လွန်သော အချိန်နီးပါး ကျွန်ုပ်တို့ လုပ်ဖော်ကိုင်ဖက်များနှင့် ကုန်လွန်သည်ကို တွက်ဆမိကြသည် (အလုပ်တွင် ရှစ်နာရီ၊ မိသားစုနှင့် ရှစ်နာရီ၊ အိပ်ချိန် ရှစ်နာရီ)။ ကျွန်မတို့ မည်သူနှင့်နေထိုင်မည်ဆိုသည်ကို ရွေးချယ်နိုင်သော်လည်း ကျွန်မတို့လုပ်ဖော်ကိုင်ဖက်များကို ရွေးချယ်မရပါ။ သင် အချို့သူများကဲ့သို့ ကံကောင်းပါက သင့်လုပ်ဖော်ကိုင်ဖက်များသည် မိသားစုလို ရင်းနှီးမည်။ သို့သော် ထိုကဲ့သို့သော စံပြအနေအထားမှာပင်လျှင် တစ်ခါတစ်ရံ စိတ်တိုစရာများရှိမည်။ စကားလုံး အရွေးမှားခြင်း၊ တိုပြတ်သော အီးမေးလ်တစ်စောင့်ပို့ခြင်း စသည်တို့ ရှိမည်။ သင်နှင့်အတူ လုပ်ကိုင်သည့် အခြားသူများနှင့် မူလကတည်းက တင်းမာမှုရှိလျှင် ဖော်ပြပါအနေအထားများသည် ပိုပြီး ဖြစ်နိုင်ခြေ ရှိသည်။

ဘာလုပ်ရမည်နည်း။ ဤစာအုပ်တွင် အကြံပြုထားသည့် ဆက်ဆံပြောဆိုခြင်းနည်းလမ်းများနှင့် လူလူချင်းဆက်ဆံမှုဆိုင်ရာနည်းလမ်းများအရ အလေးပေးချက်မှာ သင်ဘာလုပ်နိုင်မလဲဟု စဉ်းစားရန် ဖြစ်သည်။ အခြားတစ်ဖက်မှ ဘာလုပ်နိုင်မလဲဟု မဖော်ပြထားပါ။ အခြားသူများကို ကျွန်မတို့ ပြောင်းလဲနိုင်စွမ်းမရှိပါ (အကြံပြုတိုက်တွန်းနိုင်သော်လည်း ပြောင်းလဲရန်မှာ တစ်ဖက်လူနှင့်သာ ဆိုင်သည်။ ထိုအချက်ကို စိတ်တွင်ထားပြီး သင် သူတစ်ပါးအား စိတ်အနှောင့်အယှက်ပေးခြင်းကို လျော့နည်းနိုင်သမျှ လျော့နည်းစေရန် အကြံပြုချက်အနည်းငယ်ကို ဖော်ပြလိုက်ပါသည်။

(၁)သင့်အသံကို နှိမ့်ထားပါ (Keep your voice down)

သင် တယ်လီဖုန်းပြောနေသည့်အခါ၊ သို့မဟုတ် ဟောခန်းစင်္ကြံတွင် စကားပြောနေသည့်အခါ အသံကျယ်လောင်စွာ ပြောခြင်းသည်အလုပ်ကိုအာရုံစိုက်နေသူတစ်ဦးအတွက် လွန်ကဲသည့် အနှောင့်အယှက်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ ကျယ်လောင်သောအသံကို ကိုယ်တိုင်သတိပြုမိချင်မှပြုမိသည်။ ပြောနေသည့်ခေါင်းစဉ်ကို စိတ်ပါလက်ပါ ရှိမှုကြောင့်လည်းကောင်း၊ အသံကျယ်လောင်စွာ စကားပြောတတ်သည်ကို သတိမထားမိ၍လည်းကောင်း ဖြစ်နိုင်သည်။ သင်တို့ ကိုယ့်ကိုယ်ကိုယ် စကားကျယ်လောင်စွာ ပြောတတ်သူများအဖြစ် မသေချာပါက ထိုသို့ပြောတတ်သည်ဟု ယူဆပါ။ သင့်အသံ မကျယ်လောင်ခြင်းကို သင်သေချာသိထားပါက သင့်လုပ်ငန်းခွင်တွင် သင့်အသံအတိုးအကျယ်ကို မူလတည်းက ဂရုစိုက်မိ၍ ဖြစ်ကောင်းဖြစ်မည်။

(၂) တီးတိုးမပြောပါနှင့် (Don’t whisper)

စကားကျယ်လောင်စွာပြောခြင်းသည် သိသာသည့် အနှောင့်အယှက်ဖြစ်သလို၊ တီးတိုးပြောခြင်းသည်လည်း လူများကို အပြောမတတ်၍ ဆဲသလိုဖြစ်မည်။ ‘ခင်ဗျားတို့ ကျွန်တော့်အကြောင်း ပြောမနေဘူးဆိုတာ ဟုတ်ချင်ဟုတ်မယ်။ ဒါပေမဲ့ အစပိုင်းမှာတော့ ပြောနေတယ်လို့ယူဆလိုက်မယ်’။ တံခါးကို ပိတ်ထားပါ၊ သို့မဟုတ် နားနေခန်းသို့သွားပြောပါ။ အစည်းအဝေးခေါင်းဆောင်နှင့် သင်တန်းဆရာကိုသာမဟုတ်၊ လူတိုင်းကို စိတ်တိုစေသည်။

(၃) ကြားဖြတ်မပြောပါနှင့် (Don’t interrupt)

ယင်းသည် စကားပြောနေသူတစ်ဦးကို ကြားဖြတ်သည်ဟု အဓိပ္ပာယ်ရသော်လည်း အလုပ်လုပ်နေစဉ်၊ သို့မဟုတ် ဖုန်းပြေနေစဉ် ကြားဖြတ်ခြင်းလည်း ဖြစ်နိုင်သည်။ သင် ကြားဖြတ်မပြောမီ ခွင့်တောင်းပါ။ လူအများစုသည် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဖုန်းခေါ်ဆိုသည့်အခါ ထိုအချိန်သည် စကားပြောရန်အဆင်ပြေမှု ရှိ မရှိ မေးဖို့ မေ့နေကြသည်။ ထိုအစား အချိန်ကြာမြင့်သည့် ဆွေးနွေးမှုကို ပြုလုပ်နေသဖြင့် ထိုစကားစမြည်းပြောခြင်းကို ထို့ထက်ပိုအဆင်ပြေမည့်အချိန်မှ ပြုလုပ်ရန်ကြားဖြတ်ပြောဖို့ လိုအပ်ကောင်းလိုအပ်မည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts