hapeye

သင်ရိုးညွှန်းတမ်း ပုံပြင်

မသိလိုက်ဘဲ မွေးဖွားလာတယ်။
ဘာကြောင့်မှန်းမသိ ထမင်းစားတယ်။
ရယ်လိုက်၊ ငိုလိုက်၊ အိပ်လိုက် ဆော့လိုက်။
ကြီးမားလာတယ်။
ကြီးထွားလာတယ်။
ပညာသင်တယ်။
သူငယ်ချင်း ရတယ်။
ပညာ တိုးတယ်။
ထမင်းစားရင် ညာလက်နဲ့စားပါ။
ဗုဒ္ဓဟူးနေ့ လက်သည်းမညှပ်နဲ့ ခေါင်းမလျှော်နဲ့။
စာမေးပွဲ ဖြေခါနီးရင် ဥမစားနဲ့။
ငါတို့ ပြောသမျှ မှတ်ထားပါ။
လူကြီးတွေကို ပြန်မပြောနဲ့။
လိုက်လျောညီထွေ နေထိုင်ပါ။
စိတ်ထဲရှိသမျှ အကုန်ထုတ်မပြောနဲ့။
စာအုပ်ထဲမှာ အဲ့လိုရေးထားတာပဲ မှန်ပါတယ်။
ဒါကိုတော့ ဒီလိုပဲ မှတ်လိုက်ပါ သား။
အရမ်းကြီးမတွေးနဲ့။
အရေးကြီးတာ အဖြေမှန်ပြီး အမှတ်ကောင်းဖို့။
အခြေခံပါအောင် ယူသွား။
ဆယ်တန်းမှာ အမှတ်ကောင်းရမယ်။
ပြီးရင် တက္ကသိုလ်ကောင်းကောင်းတက်ပါ။
ဝါသနာလား သိက္ခာလား။
အချိန်တန်ရင် ဘွဲ့ရမယ်။
ပြီးရင် အလုပ်တစ်ခုလုပ်။
ပိုက်ဆံများများရှာ။
မိန်းမချောချောယူပြီး
ချစ်စရာကလေးတွေမွေး။
ဘဝကြီးကို တအိအိ ကုန်ဆုံး။
ကလေးတွေကို ကောင်းကောင်းပျိုးထောင်။
ပညာသင်ပေးပါ။
သူတို့ ပြန်လုပ်ကျွေးတာ ငါတို့ မမျှော်ပါဘူးကွာ။
မင်းတို့ဘဝ လမ်းကြောင်းဖြောင့်ဖြူးရင် ပြီးတာပါပဲ။
နှစ်တွေရှည်ကြာပြီး လူတွေကို စိတ်ကုန်။
အတွေးတွေ ပေါက်။
ငါတရားလုပ်မှပဲ။
ငါ ဘော်ဒါတစ်ယောက်တောင် ဘဝကူးရှာပြီ။
ငါရော မနက်ဖြန်ထိ ခံပါ့မလား။
တရားစခန်းဝင်လိုက်။
မြေးတွေကို ထိန်းလိုက်။
တောတော့ မထွက်။
နောက်ဘဝကျ
ချမ်းသာ ရုပ်ချော
ဥစ္စာပေါအောင်
ဒါနသီလ ငါပြုရမည်။
ကာလကြာရှည်
အိုမင်းမစွမ်း
ယို့ယွဲ နွမ်းလျ
ကိုယ်လက်ချိနဲ့
ကုတင်ပေါ်တက်
မျက်ရည်စက်လက်
ငါ့ဘဝကား
တစ်ခန်းရပ်ချေပြီ။
ဘာမှမပါ လက်ဗလာဖြင့်
ငါ၏ပစ္စည်း သားသမီးများ
ငါ နှုတ်ဆက်ကာ
ငါ၏ ပုံပြင်
ပြီးဆုံးချေပြီ။

ဒူးဒူဒါဒါ ဒူဒါးဒါးဒါ။
ဒါဒါဒူးဒူ ဒူဒူဒူး။

Written by Swan Htet (HapEye.Net)

Related Posts