ဝှက်ဖဲ

ဝှက်ဖဲ အပိုင်း (၅၊ ၆)

ဝှက်ဖဲ အပိုင်း – ၅

လပေါင်း အတော်ကြာတဲ့ တစ်နေ့မှာတော့ သူ့ အိမ်ကို ကိုယ်ရောက်သွားခဲ့တယ်။ သူ့အိမ်သွားဖို့ ကိုယ် ကြိုတင်စိတ်ကူးတော့ မရှိခဲ့ပါဘူး။ ကိုယ်မွေးထားတဲ့ ခွေးကလေးအတွက် အင်္ကျီသွားဝယ်ရင်း အဲဒီဆိုင်နားက ကပ်ရက်က အိမ်ဟာ သူ့အိမ်ပဲဆိုတာ ကိုယ်သတိပြုမိတယ်။ (ဒီလမ်းထဲက ဖြတ်သွားရင်း သူလှမ်းပြလို့ သိထားခဲ့တာပါ။) လမ်းလည်း ကြုံနေတာမို့ ကိုယ် သူတို့အိမ် ဝင်လည်ဖို့ စိတ်ကူးမိတယ်။ သူနဲ့လည်း မတွေ့ရတာ ကြာပြီ။ ကိုယ့်ကို ရုတ်တရက် တွေ့ရရင်တော့ သူ အံ့သြဝမ်းသာသွားမှာပဲလို့တွေးရင်း ကိုယ် သူ့အိမ် ခြံဝန်းထဲကို လမ်းလျှောက်ဝင်သွားခဲ့တယ်။ ကိုယ့် ကားကိုတော့ တစ်ဖက်က ဆိုင်ရှေ့မှာပဲ ရပ်ထားခဲ့တယ်။

ခြံဝန်းတစ်ခုလုံးဟာ သစ်ပင်ပန်းပင်တွေ၊ အလှပန်းအိုးတွေနဲ့ စိမ်းစိုလှပနေခဲ့တယ်။ ခြံတံခါးဘေး မလွယ်ပေါက်က ခပ်ဟဟပွင့်နေပြီး ခြံစောင့်ကလည်း အိပ်ပျော်နေတာမို့ ကိုယ်က တိတ်တိတ်ဆိတ်ဆိတ်ပဲ ခြံထဲဝင်လာနိုင်ခဲ့တာဖြစ်တယ်။ ပန်းချုံနွယ်တွေမှာ ကိုယ် ရောက်လာတော့ ရေပိုက်နဲ့ပန်းပင်တွေကို ရေလောင်းနေသံ စကြားရတယ်။ ကိုယ်က ပန်းချုံကွယ်လေးကနေ ခေါင်းပြူရင်း အသံလာရာဆီ လှမ်းကြည့်မိတယ်။

ဂါဝန်အနီဝတ်ထားတဲ့ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ဆံပင်တိုတိုနဲ့ မိန်းမတစ်ယောက်ကို တွေ့တယ်။ အဲဒီမိန်းမပုံစံက ထွားထွားကျိုင်းကျိုင်း ရှိလှတယ်။ ဘယ်သူများလဲ၊ သူ့ အစ်မလား၊ ကိုယ်ကြည့်နေတုန်း အဲဒီမိန်းမက ဗြုန်းဆို ကိုယ့်ဘက် လှည့်လာတယ်။ ပန်းချုံကွယ်က ကိုယ့်ကိုတော့ မြင်ပုံမရပါဘူး။ မျက်လွှာလေးချပြီး ရေလောင်းနေတယ်။ ကိုယ်က ချုံကွယ်လေးကပဲ အဲဒီမိန်းမကို သေသေချာချာ စိုက်ကြည့်မိတယ်။

ဘုရားရေ.. သူဟာ.. သူဟာ ကိုယ်ဖြင့် အံ့သြလွန်းလို့ အသက်တောင် ထွက်သွားပြီလား အောက်မေ့ရတယ်။ပန်းချုံကွယ်ကလေးကနေ ချောင်းကြည့်ရင်း ကိုယ့်တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး တုန်လှုပ်လာခဲ့တယ်။ ဘုရားရေ… အဖြစ်ဆိုးလှချည်လား။ ကိုယ် အထိတ်ထိတ် အလန့်လန့်နဲ့ ဘုရားအခါခါတမိတယ်။

အဲဒီအချိန်မှာ ကိုယ့်နံဘေးကို လူရိပ်တစ်ခုကပ်လာခဲ့တယ်။ ကိုယ် လှည့်ကြည့်မိတော့ ရည်မွန် ယဉ်ကျေးတဲ့ အမျိုးသမီးကြီးက မျက်ရည်ဝဲနေတဲ့ မျက်ဝန်းအစုံနဲ့ ကိုယ့်ကို ကြည့်ရင်း ..

“သူ့ရဲ့ ဘဝပေးပေါ့ကွယ်… ဘယ်သူ့ကိုမှ လျှောက်မပြောဖို့တော့ အန်တီ အနူးအညွတ် တောင်းပန်ပါတယ်၊ အန်တီက သူ့အမေပါ”

ကိုယ် ခေါင်းအခါခါ ညိတ်မိရင်း ..

“ဟုတ်ကဲ့ … ဟုတ်ကဲ့.. စိတ်ချပါ အန်တီ၊ သမီး ကတိ ပေးပါတယ်၊ သမီးသူ့သူငယ်ချင်းပါ၊ လမ်းကြုံလို့ ဝင်လာမိတာပါ၊ သမီး … သမီးလည်း စိတ်မကောင်း ဖြစ်ရပါတယ် အန်တီရယ်”

ဝှက်ဖဲ အပိုင်း – ၆ ဇာတ်သိမ်း

သူ့ရဲ့ ဝှက်ဖဲလေးကို ကိုယ်သိခဲ့ရပါပြီ။ ဒါပေမယ့် အဲ့ဒီ ဖဲလေးကို ကိုယ် အမြဲ မှောက်ထားခဲ့ပါတယ်။ ကိုယ်ဟာ ကိုယ့်အပေါ် မတုန်မလှုပ်နိုင်လွန်းတဲ့ သူ့အပေါ် ဘယ်လောက်ပဲ ခံပြင်းနေပါစေ ၊ ကိုယ့်အလှအတွက် ဘယ်လောက်ပဲ ယုံကြည်မာန်တက်နေပါစေ အဲ့ဒီ ဝှက်ဖဲလေးကို ဘယ်တော့မှ လှန်ဖြစ်မှာ မဟုတ်တော့ပါဘူး။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

Related Posts