hapeye

ဝိတ်တက်စေနိုင်သည့် နံနက်အိပ်ရာထ အမူအကျင့်များ

“ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစာစားတာနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေဟာ အဝလျွန်တာအတွက် ထိရောက်မှုရှိတဲ့ ဘဝနေထိုင်မှု ပုံစံဆိုတာ ငြင်းပယ်လို့ မရပါဘူး။ ဒီလိုလုပ်နေရင်းနဲ့ပဲ အချို့လူတွေမှာ ဝိတ်မကျနိုင်တာက မနက်အိပ်ရာထချိန်မှာ ပြုမှုတက်တဲ့ အမူအကျင့်တွေ ကြောင့်ပါ။ အိပ်ရာထထချင်း ပြုလုပ်တတ်တဲ့ အမှားတွေကြောင့် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာစားနေရင်တောင်မှ ကိုယ်အလေးချိန် ကျဆင်းသွားရမယ့် အစား အလေးချိန် တိုးလာနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် မြင့်တက်နိုင်တဲ့ မနက်အိပ်ရာထ အမူအကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။”

အအိပ်လွန်ခြင်း

“ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့ဆောင်ပုဒ်အတိုင်း စောစောအိပ်ပြီး စောစောထတာက ကျန်းမာချမ်းသာပြီး ဉာဏ်ပညာ ထက်မြက်နိုင်တယ်ဆိုတဲ့ အယူအဆရှိ ကြပါတယ်။ ဒါတင်မကပါဘူး၊ အိပ်ရာစောစောထတာက သင့်ကျန်းမာရေး အတွက်ရော၊ သင့်ကိုယ်အလေးအချိန် အတွက်ပါ အလွန်ကောင်းမွန်နိုင်ပါတယ်။ အအိပ်များလွန်းတာကြောင့် ကိုယ်အလေးချိန် မြင့်တက်နိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ အိပ်ချိန် ၁၀ နာရီအထက်ရှိသူတွေက အိပ်ချိန် ၇-၉ နာရီကြားရှိသူတွေထက် BMI (ကိုယ်အလေးအချိန် နဲ့အရပ် အချိုးအစားစံ) ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အအိပ်လွန်တာ ဒါမှမဟုတ် အအိပ်နည်းတာ တွေကြောင့် ခန္ဓာကိုယ်အတွင်း အစာစားချင်စိတ်ကို လှုံဆော်တဲ့ ဟော်မုန်းတွေ ပိုပြီးများပြားလာတာကြောင့် အစာပိုစားဖြစ်ကာ ကိုယ်အလေးချိန် တက်လာရတာလို့လည်း ဆိုပါတယ်။ ညစဉ်ညတိုင်း အိပ်စက်ချိန် ၇-၉ နာရီအတွင်း ရရှိဖို့ လိုအပ်တယ်လို့ အိပ်စက်မှုဆိုင်ရာ အမျိုးသားကျန်းမာရေးအဖွဲ့က အကြံပေးထားပါတယ်။

နံနက်စာမစားခြင်း

မနက်စာဟာ နေ့တစ်နေ့ရဲ့ ပထမဆုံးအစားအစာ ဖြစ်တဲ့အတွက် သင်အိမ်ကနေ အိမ်အပြင်မထွက်ခင် နံနက်စာကို မဖြစ်မနေ စားသုံးသင့် ပါတယ်။ မနက်စာကို မစားပဲနေတာက ကိုယ်အလေးချိန် လျှော့ချတဲ့အခါမှ အောင်မြင်မှုရရှိမှာ မဟုတ်ပါဘူး။ မနက်စာကို မစားပဲ နေတာကြောင့် ခန္ဓာကိုယ်ထဲက  ဇီဝရုပ်ဖြစ်စဉ်နှေးကွေး သွားတဲ့အတွက် အဆီလောင်ကြွမ်းနိုင်တဲ့ စွမ်းအင်လည်း လျော့နည်းသွား နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်ကို စားသုံးလိုက်တဲ့အခါ မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အလုပ်ကောင်းမွန်စွာ လုပ်နိုင်ဖို့အတွက် စွမ်းအင်တွေ ရရှိသွားတဲ့အပြင် သွေးတွင်းသကြားဓာတ် အဆင့်လည်း တည်ငြိမ်မှုရရှိ သွားနိုင်ပါတယ်။
ဒါ့အပြင် မနက်စာစားသုံးတာက သင့်ကို အစားကြူးမှုဖြစ်စေတဲ့ ကိုယ်တွင်းကော်တီစော အဆင့်တွေ လျော့ကျသွား နိုင်ပါတယ်။ ၂၀၁၄ခုနှစ်က လေ့လာမူတစ်ခု အရလည်း မနက်စာရှောင်သူတွေက အိပ်ရာမဝင်ခင် သုံးနာရီအလိုခန့်မှာ ညစာစားသုံးသူတွေထက် ခါးအတိုင်းအတာနဲ့ MBI အချိုးအစား ပိုမိုများပြားတယ်လို့ သိရပါတယ်။ မနက်အိပ်ရာ ထထချင်း မနက်စာစားဖို့ အချိန်သိပ် မစောင့်ဆိုင်းပါနဲ့။ အိပ်ရာထပြီး အချိန်အတော်ကြာမှ အစာစားသုံးတာက အစာအိမ်အတွင်း အက်စစ်ထုတ်လုပ်မှုတွေ ပိုမိုများပြားနိုင်ကာ အစာအိမ်အတွင်း အက်စစ်ဓာတ် ထုတ်လုပ်နိုင်မှုတွေ ပိုများနိုင်ကာ အစာအိမ်ရောင်ရမ်းတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

နံနက်စာကို အဆင်သင့်စာများသာ စားခြင်း

မနက်စာကို မစားဘဲရှောင်နေတာက ကိုယ်အလေးချိန် မြင့်တက်နိုင်သလို မနက်စာစားမယ့် အစားအစာကို ရွေးချယ်မှု မှားယွင်းတာကလည်း ကိုယ်အလေးအချိန် မြင့်တက်နိုင်ပါတယ်။ မနက်စာကို အဆင်သင့်စားသုံးလို့ရတဲ့ အစားအစာတွေ (ဥပမာ ကိတ်မုန့်၊ ဝက်အူချောင်း၊ ဒိုးနပ်၊ ဘာဂါလိုမျိုး) စားသုံးတာက အဝလွန်နိုင်တာနဲ့ အလွန်ဆက်စပ်မှုရှိတယ်လို့ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စံအလေး ချိန်ရရှိနိုင်ဖို့အတွက် မနက်စာကို အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ ပါဝင်တဲ့ အစားအစာမျိုးကို ရွေးချယ်ရပါမယ်။ ဒီလိုအစာမျိုးကို စားသုံးပါမှစွမ်းအင်တွေရရှိပြီး ဗိုက်ပြည့်တင်းမှုလည်း ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အုတ်စပါး၊ ဒိန်ချဉ်၊ လက်ဖက်ရည်၊ အခွံမာသီး၊ ပဲနဲ့ သစ်သီး စတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာတွေပါ။

နံနက်အိပ်ရာထ နေရောင်ခြည်မရရှိခြင်း

သင် မနက်အိပ်ရာထခါစမှာ နေရောင်ခြည်ရရှိအောင် အိမ်အပြင်ဘက်ထွက်ပြီး ခံယူလိုက်ပါ။ မနက်အိပ်ရာထမှာ နေရောင်ခြည်ကို မရရှိသူတွေက ကိုယ်အလေးချိန်ကျဆင်းနိုင်ဖို့ မလွယ်ကူလှပါဘူး။ နေရောင်ခြည်ကရတဲ့ UV Ray တွေက အဝလွန်တာကို ချိုးနှိမ်ပေး ပါတယ်။ မနက်ခင်းအချိန်မှာ မိနစ် ၂၀-၃၀ လောက် နေရောင်ခြည်ရရှိရုံနဲ့ BMI ပေါ်မှာ အကျိုးသက်မှုက များစွာ ကောင်းမွန်သွားနိုင် ပါတယ်။

ရေလုံလုံလောက်လောက်မသောက်ခြင်း

မနက် အိပ်ရာထခါစ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီမသောက်ခင်မှာ ရေတစ်ဖန်ခွက် ဒါမှမဟုတ် ရှောက်ရေနွေး တစ်ဖန်ခွက်လောက်ကို အရင်ဆုံးသောက်လိုက်သင့်ပါတယ်။ ရေဓာတ်ရရှိသွားတာကြောင့် ခန္ဓာကိုယ်အပူချိန်နဲ့ အာဟာရဓာတ်ကို ထိန်းချုပ်ပေးနိုင်ပြီး အစာခြေစနစ်က ပိုမိုကောင်းမွန်သွားနိုင်ပါတယ်။ ဒါအပြင် ဗိုက်ပြည့်တင်းမှုကို အမြန်ရရှိစေနိုင်ရန်အတွက် အစာကို လွန်လွန်ကျူးကျူး မစားနိုင်တော့ပါဘူး။ ၂၀၁၀ ပြည့်နှစ်က လေ့လာမှုတစ်ခုအရလည်း အစာမစားခင် ရေတစ်ခွက် သောက်လိုက်တာက ကိုယ်အလေးချိန်ကျဆင်း ဖို့အတွက် အလွန်အသုံးဝင်တယ်လို့ သိရပါတယ်။ ရေသောက်လိုက်တဲ့အတွက် အစာစားတဲ့ပမာဏ လျော့နည်းသွားတာကြောင့်ပါ။

လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်း

သင်ဟာ ကိုယ်အလေးအချိန်ကျဆင်းဖို့အတွက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မနက်ပိုင်းအချိန်က လုပ်ဖို့ အသင့်တော်ဆုံးပါ။ ၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရ မနက်ပိုင်းအချိန်က လုပ်ဖို့အသင့်တော်ဆုံးပါ။ ၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရ မနက်အိပ်ရာထကာစ ဘာအစားအစာမှ မစားသုံးခင်မှာ လေ့ကျင့်ခန်းပြုလုပ်သူ တွေက ခန္ဓာကိုယ်အဆီလောင်ကျွမ်းမှု ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းပြုလုပ် မယ့်အစီအစဉ် မစတင်ခင်မှာ သင့်ရဲ့ ကိုယ်အလေးချိန်ကို တိုင်းထွာဖို့ လိုအပ်ပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှု တစ်ခုမှာပဲ မနက်တိုင်းမှာ မိမိရဲ့ ကိုယ်အလေးချိန်ကို တိုင်းတာသူတွေက ကိုယ်အလေးချိန် လျော့ချရာမှာ အောင်မြင်မှု ပိုမိုရရှိနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သင့်ရဲ့ ကိုယ်အလေးအချိန်ကို နေ့စဉ်တိုင်းတာထားတဲ့ အဖြေကြောင့် သင့်ဘာကြောင့် အလေးချိန် တက်လာရသလဲ ဆိုတာကို သိရှိနိုင်သလို ဘယ်လိုအစားအစာနဲ့ ဘယ်လို လေ့ကျင့်ခန်းတွေကြောင့် ကိုယ်အလေးချိန် ကျသွားရတယ် ဆိုတာကိုလည်း သတိထားမိနိုင်ပါတယ်။
မနက်အိပ်ရာထ လေ့ကျင့်ခန်းပြုလုပ်တဲ့ အခါမှာလည်း အားကစားခန်းမအထိ သွားရောက်ပြီး ပြုလုပ်စရာ မလိုအပ်ပါဘူး။ လမ်းမြန်မြန် လျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ပြေးတာလိုမျိုး လေ့ကျင့်ခန်းတွေကို မိမိအနီးအနား ပတ်ဝန်းကျင်မှာတင် ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ ဆွဲဆန့်လေ့ကျင့်ခန်းကို ပြုလုပ်ဖို့တော့ မမေ့ပါနဲ့။ ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် ကြွက်သားတွေ ပြေလျော့သွားပြီး စိတ်ရွင်လန်းမှု ရရှိနိုင်ကာ တစ်နေ့တာလုံးအတွက် ခန္ဓာကိုယ်က အဆင်သင့် အနေအထားကို ရောက်ရှိ သွားနိုင်တာကြောင့်ပါ။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts