hapeye

ရှောင်ရှားသင့်သော အရွယ်အိုမင်းစေနိုင်သည့် အပြုအမူများ

“မှန်ထဲမှာ သင့်ရဲ့ အိုမင်းနေတဲ့ ရုပ်ရည်ကိုမြင်နေရလို့ စိတ်မချမ်းမသာဖြစ်နေပါသလား။ရွယ်တူတွေကြားမှာ သင်က သူများထက် ပိုပြီးရုပ်ရင့်နေတယ်လို့ ထင်ခဲ့ရင် နေ့စဉ်အမူအကျင့်တွေကို ပြုပြင်လိုက်ပါ။”

အဆီလုံးဝမစားသုံးခြင်း

    သင်ဝမှာကြောက်လို့၊ ကျန်းမာရေးပြဿနာဖြစ်မှာစိုးလို့ အဆီတွေကို လုံးဝမစားဘဲ နေတာက မှားယွင်းနေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်( Omega- 3 Fatty Acid) ဟာ အ‌ရေပြားပျော့ပျောင်းပြီး နူးညံ့ဖို့အတွက် လိုအပ်ပါတယ်။သင်ဟာ ဘာအဆီမှ မစားသုံးဘဲ နေမယ်ဆိုရင် သင့်အရေပြားက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သွားမှာပါ။

လျော့တိလျော့ရဲထိုင်ခြင်း

    ကွန်ပြူတာရှေ့မှာ လျော့တိလျော့ရဲ ထိုင်နေတာက သင့်ခါးရိုးကျန်းမာရေး ပြဿနာဖြစ်လာပြီး ခါးကုန်းနိုင်ပါတယ်။ ဒါ့အပြင် သင့်နောက်ကျောက အရိုးနဲ့ကြွက်သားတွေက အလွန်တင်းမာလာပြီး နာကျင်မှုဝေဒနာ ခံစားရနိုင်ပါတယ်။

တစ်နေ့အိပ်ချိန် ၅ နာရီထပ် လျော့နည်းခြင်း

    လူကြီးတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန် ၇-၈ နာရီရှိဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ကို လျှော့ချလိုက်တဲ့အတွက် သင့်ကို ပင်ပန်းပုံပေါက် နေရုံသာမက အသက်တိုနိုင်ပါတယ်။ ဒါ့အပြင် အဝလွန်တာ၊ စိတ်အလိုမကျ တာတွေဖြစ်ပြီး ခန္ဓာကိုယ်ကြံခိုင်မှုတွေ လျော့နည်းသွား နိုင်ပါတယ်။

အရည်ကို ပိုက်ဖြင့် စုပ်သောက်ခြင်း

    အရည်ကို ပိုက်နဲ့စုပ်သောက်တာက အရွယ်အိုမင်းမှုမြန်ဆန်စေနိုင်ပါတယ်။ နှုတ်ခမ်းကိုစုပြီး ရေငုံရတဲ့အတွက် ပါးစပ်တစ်ဝိုက်မှာ အရေးကြောင်းတွေ အမြန်ပေါ်ပေါက် နိုင်ပါတယ်။ စီးကရက်သောက်သူ တွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပါးစပ်တစ်ဝိုက်မှာ အရေးကြောင်းတွေ ပေါ်ပေါက်နိုင်ပါတယ်။ ဒါကြောင့် အရည်ကို ခွက်နဲ့သာသောက်ပါ။

တီဗီကြည့်ချိန်များလွန်းခြင်း

    လေ့လာမှုအရ တီဗီ ကြည့်ချိန် တစ်နာရီကြာတိုင်း အသက် ၂ မိနစ် တိုတောင်းနိုင်တယ်လို့ သိရပါတယ်။ တစ်နေရာထဲမှာ ဆက်တိုက် ထိုင်မနေပါနဲ့။ အလုပ်ထဲမှာဆိုလည်း နာရီဝက်တစ်ခါ မတ်တပ်ရပ်ပြီး လမ်းလျှောက်ပါ။

နေပူထဲ သွားမှသာ နေရောင်ကာလိမ်းဆေး အသုံးပြုခြင်း

   ခန္ဓာကိုယ်က ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့မှုများနေရင် အရွယ်မတိုင်ခင် အိုမင်းမှုတွေ ဖြစ်ပေါ်နိုင် ပါတယ်။ အိမ်အပြင်ထွက်တိုင်း Sunscreen ကိုအသုံးပြုသင့်ပါတယ်။ မိုးရွာရွာ၊ နေပူပူ၊ တိမ်ထူထူ Sunscreen ကို အသုံးပြုပါ။

စိတ်ဖိစီးမှုများလွန်းခြင်း

    စိတ်ဖိစီးမှုများတာက အရေပြားဆဲလ်တွေ ပျက်စီးနိုင်ပြီး အရွယ်အိုမင်းနှုန်းကို မြန်ဆန်စေနိုင် ပါတယ်။ ယောဂကျင့်စဉ်ပြုလုပ်တာ၊ တရားထိုင်တာတွေ ပြုလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။

မိတ်ကပ်အလွန်အကျွံလိမ်းခြင်း

    နေ့စဉ် မိတ်ကပ်များများ လိမ်းတာက မွေးညင်းပေါက်တွေ ပိတ်ဆို့မှုဖြစ်နိုင်ပြီး ဝက်ခြံပေါက်လာ နိုင်ပါတယ်။ မျက်နှာပေါ်က သဘာဝအဆီတွေကို ဖယ်ရှားပစ်လိုက်သလို ဖြစ်တာကြောင့် အရေပြား ခြောက်သွေ့ပြီး အိုမင်းမှု မြန်ဆန်လာနိုင်ပါတယ်။

အချိုစာစားလွန်းခြင်း

    အချိုစာအစားများတာက ကိုယ်အလေးချိန်မြင့်တက်နိုင်ရုံမက မျက်နှာမှာ အရွယ်အိုမင်းမှုမြန်ဆန် စေနိုင်ပါတယ်။ သကြားကြောင့် ခန္ဓာကိုယ်မှာ ပျက်စီးမှု တွေဖြစ်လာပြီး အရေပြားတောက်ပမှုတွေ လျော့နည်း သွားစေပါတယ်။ ဒါ့အပြင် မျက်နှာပွရောင်းရောင်းဖြစ်တာ၊ အရေးကြောင်းတွေ ပေါ်တာတွေ ဖြစ်လာနိုင်ပါတယ်။

မှောက်အိပ်ခြင်း

    သင့်မျက်နှာကို ခေါင်းအုံးနဲ့ဖိပြီး အိပ်တာက ပါးပြင်နဲ့ မေးစေ့ပေါ်မှာ အရေးကြောင်း ပေါ်ပေါက်လာ နိုင်ပါတယ်။ ပက်လက်အိပ်တာက အရွယ်တင် နုပျိုနိုင်ပါတယ်။

အိပ်ခန်းကို နွေးထွေးအောင်ထားခြင်း

    ရာသီဥတု အေးလွန်းတာကြောင့် သင့်အိပ်ခန်းကို နွေးနွေးထွေးထွေး ထားတာက သင့်ကို သက်သောင့်သက်သာ ရှိပြီး အိပ်စက်မှု မြန်ဆန်တယ် ဆိုပေမယ့် အပူချိန်ကြောင့် သင့်အရေပြား ခြောက်သွေ့ပြီး အသားရောင် မည်းညစ်နိုင်ကာ အရွယ်အိုမင်းမှု မြန်ဆန်စေနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက်ရှောင်ရန်အမူအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားသည်။

Related Posts