74

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည် (အပိုင်း – ၃)

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည် (အပိုင်း – ၃) ~~~~
အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားစဉ်က ထိုပြည်၏ အကျော်ကြားဆုံးသော သတင်းစာဆရာကြီးတစ်ဦးဖြစ်သည့် ဟော်ရေ့စ်ဂရေလီ သည် အမေရိကန်ပြည်၏ သမ္မတလင်ကွန်းနှင့် အပြင်းအထန် သဘောကွဲလွဲခဲ့လေသည်။ လင်ကွန်းအား သတင်းစာထဲမှနေ၍ အပြင်းအထန် ဆဲဆိုကြိမ်းမောင်း ပုတ်ခတ်ရေးသားသဖြင့် လင်ကွန်းသည် သူ့ဘက်သို့ စိတ်ပြောင်းလာလိမ့်မည်ဟူ၍ ဟော်ရေ့စ်ဂရီလေသည် အယူရှိခဲ့၏။ ထို့ကြောင့် အထက်ပါနည်းအတိုင်း လပေါင်း နှစ်ပေါင်းများစွာ ဆူပူရေးသားခဲ့၏။ သမ္မတလင်ကွန်းသည် ဗုသ် ဆိုသူ၏ လက်ချက်ဖြင့် အသက်ထွက်ရရှာသော ညပင်လျှင် သတင်းစာဆရာ ဟော်ရေ့စ်ဂရီလေသည် သမ္မတလင်ကွန်းကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ညစ်ညမ်းစွာ ပုတ်ခတ်ရေးသားခဲ့ဖူး၏။

သို့ရာတွင် ဤသို့ပုတ်ခတ်ရေးသားခြင်းဖြင့် လင်ကွန်းသည် ဂရီလေဘက်သို့ စိတ်ပြောင်းလာရဲ့လား။ မလာဘူး။ ပြက်ရယ်ပြုခြင်း စော်ကားခြင်းဖြင့် မိမိဘက်သို့ပါလာအောင် မည်သည့်အခါမျှ မတတ်နိုင်။ လူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အကောင်းဆုံးနည်းအချို့ကို သင်သည် အလိုရှိခဲ့ပါမူ သူကိုယ်တိုင် ရေးသားထားသော ဘင်ဂျမင် ဖရန်ကလင်၏ အတ္ထုပ္ပတ္တိကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။ အတ္ထုပ္ပတ္တိစာအုပ်များတွင် အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ပါသည်။ စာကြည့်တိုက်ရှိလျှင် ထိုစာကြည့်တိုက်မှ အဆိုပါအတ္ထုပ္ပတ္တိကို ငှားပါ။ မရှိလျှင် ရနိုင်သည့် စာအုပ်ဆိုင်တစ်ဆိုင်မှ ဝယ်ပါ။ အသင်၏မြို့တွင် စာအုပ်ဆိုင် မရှိပါလျှင် ပင်ရင်းတိုက်သို့ တိုက်ရိုက်မှာယူနိုင်ပါသည်။

ထိုအတ္ထုပ္ပတ္တိထဲတွင် ငြင်းချင်သော အလေ့အထကိုပျောက်အောင် မည်ကဲ့သို့ ဖျောက်ခဲ့ရပုံနှင့် မိမိဘက်သို့ပါအောင် ဆွဲနိုင်သော ပရိယာယ်ကောင်းသည့် နိုင်ငံရေးသမားကောင်း ဟူ၍ အမေရိကန်သမိုင်းတွင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်လာအောင် မည်ကဲ့သို့ လုပ်ခဲ့ရပုံတို့ကို ကွက်ကွက်ကွင်းကွင်း ရေးသားထားလေသည်။ ဘင်ဂျမင်ဖရန်ကလင်သည် ငယ်ရွယ်စဉ်အခါက တစ်နေ့သောအခါဝယ် သူ၏ သူငယ်ချင်းတစ်ဦးသည် သူ့ကို တစ်နေရာသို့ လက်တို့ခေါ်သွားပြီးလျှင် အောက်ပါစကားကဲ့သို့ အဓိပ္ပာယ်ရှိသော စကားမျိုး သူ့အား ပြောပြ၏။

‘ဟေ့ကောင်၊ မင်းဟာ သိပ်ခက်တဲ့အကောင်ပဲကွ၊ မင်းနဲ့သဘောချင်းမတူတဲ့ လူတွေအတွက်မှာဆိုရင် မင်းရဲ့ အယူအဆတွေဟာ ပိဿလေးနဲ့ ဘေးပစ်လိုက်သလိုပဲ၊ မင်းဟာတွေက ကောင်းလွန်းလို့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး၊ ကြာတော့ ဘယ့်နှယ် ဖြစ်နေသလဲဆိုရင် မောင်မင်းကြီးသား မရှိတော့မှဘဲ မင်းအဖော်တွေမှာ စိတ်သက်သာရာရတော့တယ်၊ ဘာပဲဖြစ်ဖြစ် မင်းက သိပြီးသားချည်းပဲ ဖြစ်နေတော့ မင်းကို ဘယ်သူကမှ ဘာကိုမှ မပြောတော့ဘူး၊ အစစ်ပဲ၊ ဘယ်သူကမှ ဘာကိုမှ မပြောတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြောရင်ပြောတဲ့သူသာ စိတ်ရှုပ်ပြီး အမောအဖတ်တင်ရုံ ရှိတော့မှာပဲ။ အဲဒီတော့ မင်းခေါင်းထဲမှာရှိတဲ့ လက်တစ်ဆုပ်လောက် အသိဉာဏ်ကလေးဟာလည်း ဘယ်တော့မှ မတိုးတော့ဘူး’ အထက်ပါစကားသည် မှန်ကန်ကြောင်းကို ဘင်ဂျမင်ဖရန်ကလင်သည် သတိရ၏။ သူ့ကိုယ်ကိုသူ မပြင်လျှင် မည်သူနှင့်မျှ ပေါင်းမဖြစ်သည့်အပြင် ဘာကိုမျှလည်း လုပ်မဖြစ်တော့ဟူ၍ ကောင်းစွာဆင်ခြင်မိ၏။ ထို့ကြောင့် မထေမဲ့မြင် ပြုလေ့ရှိသော သူ၏ နှုတ်အမူအရာတို့ကို အမြစ်ကနေ၍ လှန်လေသည်။

‘တစ်ဖက်သား နာကြည်းမည့် တိုက်ရိုက်ဆန့်ကျင်ဘက်အပြုအမူများနှင့် ငါ့ဟာမှ မှန်သည်ဟု ဇွတ်တရွတ် ပြောဆိုခြင်းမျိုးကို ရှောင်ရှားထားရန် ကျွန်ုပ်သည် သန္နိဌာန်ချထား၏။ ထိုမျှမကသေး ‘ဧကန်အမှန်ပဲ’ ‘ဘယ်နည်းနှင့် မလွဲရဘူး’ စသော တစ်ဖက်သား ငြင်းရန်မလိုဟူ၍ အဓိပ္ပာယ်ပေါက်စေသည့် စကားလုံးမျိုးတို့ကို သုံးခြင်းမှ အထူးရှောင်ရှား၍ ‘ဒီဟာ မှန်လိမ့်မယ်လို့ ကျွန်ုပ် ယူဆတယ်၊ ဟိုဟာဖြင့် ဖြစ်နိုင်လိမ့်မယ်လို့ တွေးမိပါတယ်’ အစရှိသော စကားမျိုးကို အသုံးပြုလေသည်။ တစ်စုံတစ်ယောက်သောသူသည် ကျွန်ုပ် မှားသည်ထင်သော စကားတစ်ခွန်းကို ကျွန်ုပ်ရှေ့တွင် ပြောလိုက်မိသည် ဆိုကြပါစို့။ သူ၏ အမှားကို ဖြုန်းခနဲပြင်ရန်အတွက် ကျွန်ုပ်၏ပါးစပ်သည် ယားလျက်ရှိသော်လည်း ထိုဆန္ဒကို မြိုသိပ်ထားလိုက်ပါသည်။ သူ့စကားကို ပြန်၍ဖြေရှင်းမှ အခြားသောကိစ္စတို့တွင် သူ၏အယူအဆသည် မှန်ပါလိမ့်မည်။ သို့ရာတွင် ဤကိစ္စမှာမူကား ကျွန်ုပ်နှင့် သဘောချင်းလွဲနေဟန် လက္ခဏာရှိသည်ဟု ကျွန်ုပ် ထင်ပါသည်’ အစရှိသည်ဖြင့် ပြောပြလေသည်။

‘ဤသို့ ကျွန်ုပ်၏ ကိုယ်နှုတ်အမူအရာကို ပြင်လိုက်ခြင်းဖြင့် အကျိုးရှိပုံကို ကျွန်ုပ်ကိုယ်တိုင် ထင်ရှားစွာ တွေ့ရှိရလေသည်။ သူများနှင့် စကားပြောဆိုရာတွင် ရှေးကထက်ပိုပြီး လေပေးဖြောင့်လျက်ရှိ၏။ မိမိကိုယ်ကို နှိမ့်ချသောနည်းဖြင့် ကျွန်ုပ် ထင်မြင်ချက်များကို ပြောပြရာ လွယ်လင့်တကူနှင့် နှစ်သက်သူများ၍ ကန့်ကွက်သူ နည်းသည်ကို တွေ့ရလေသည်။ ကျွန်ုပ်ကို မှားသည်ဟူ၍ တစ်ဖက်သားတို့က မြင်ကြသောအခါတွင်လည်း ရှေးကကဲ့သို့ ဂုဏ်ကို ထိခိုက်မည် ဟူ၍ မယူဆတော့ပေ။ ကျွန်ုပ် မှန်သောအခါများတွင်လည်း တစ်ဖက်သားတို့သည် သူတို့၏အမှားများကို စွန့်ပစ်၍ ကျွန်ုပ်ဘက်သို့ လွယ်လင့်တကူ စိတ်ပြောင်းလာကြလေသည်။

‘ကျွန်ုပ်၏ နဂိုစိတ်ထားမှ ထိုကဲ့သို့ ကိုယ်နှုတ်အမူအရာမျိုး ဖြစ်လာအောင် လက်ဦးအစတွင် အတော်ပြင်းပြင်းထန်ထန် ကြိုးစားရပေမည်။ သို့ရာတွင် နောက်ဆုံး ကျွန်ုပ်၏ ဝသီဖြစ်လာသောကြောင့် လွန်ခဲ့သည့် အနှစ်ငါးဆယ်မှ ယနေ့အထိ ငါသာမှန်ရမည်ဟူသော ဇွတ်တရွတ်စကားမျိုး ကျွန်ုပ်ပါးစပ်မှ ထွက်လာသည်ကို မည်သူတစ်ဦးတစ်ယောက်မျှ ကြားလိမ့်မည်ဟူ၍ ကျွန်ုပ် မထင်ပေ။

‘ဥပဒေသစ်များကို တင်သွင်းရာတွင် လည်းကောင်း၊ ဥပဒေဟောင်းများထဲမှ အချို့အချက်များကို ပြင်ဆင်ရာတွင် လည်းကောင်း၊ တိုင်းသူပြည်သားများအား ကျွန်ုပ်ဘက်သို့ ပါအောင် ပြုလုပ်နိုင်ခြင်း၊ ထို့ပြင် ပြည်သူအဖွဲ့များထဲတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာသောအခါ ကျွနု်ပ်နှင့်အတူဖြစ်သော အဖွဲ့ဝင်များအား ကျွန်ုပ်ဘက်သို့ ပါအောင် ပြုလုပ်ခြင်းတို့သည် ကျွန်ုပ်၏ သမာဓိအပြင် အခြားအကြောင်းကြောင့် မဟုတ်ဘဲ အထက်တွင် ဖော်ပြသကဲ့သို့ ကျွန်ုပ်၏ ကိုယ်နှုတ်အမူအရာ ပြောင်းလဲလိုက်ခြင်းကြောင့်ပင် ဖြစ်သည်ဟု ကျွန်ုပ် အယူရှိမိ၏။ အဘယ့်ကြောင့်ဆိုသော် စကားပြောလည်း မသွက်။ စကားလုံးကောင်းရွေးရာတွင်လည်း အလွန်နှေးသည့်အပြင် စကားအထားအသိုမမှန်ဘဲ ညံ့ဖျင်းသော စကားပြောသမား တစ်ယောက်ပင် ဖြစ်သော်လည်း ကျွန်ုပ် ယူဆသောအချက်များသည် နိုင်သည်သာ များလေသည်’ အစရှိသဖြင့် ဘင်ဂျမင်ဖရန့်ကလင်က ပြောကြားဖူးလေသည်။

ရန်သူပေါစေသော ကိန်းသေနည်း မည်သို့ ရှောင်ရမည်

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts