စကားနှင့်ဆိုင်သော နီတိကထာများ
၁။ လောဘကြီးသူစကားပို
ဒေါသကြီးသူစကားတို
မောဟကြီးသူ စကားအို
ကောဓကြီးသူ စကားယို
မာနကြီးသူ စကားမို။
(ညောင်ပင်သာဦးပုည၊ သြဝါဒကထာ)
၂။ အမိယုတ်သောသူသည်
မကောင်းသောစကားရှိသည်ဖြစ်၏။
အဖယုတ်သောသူသည်
မကောင်းသော အမူအကျင့်ရှိသည်ဖြစ်၏။
မိဘနှစ်ပါးစုံယုတ်လျှင်မူကား
မကောင်းသောစကားရှိသည်လည်းဖြစ်၏။
မကောင်းသောအမူအကျင့်ရှိသည်လည်းဖြစ်၏။
(လောကနီတိ)
၃။ လောကတွင် … ရေအတိမ်အနက်ကို
ကုမုဒြာကြာကို မြင်သဖြင့် သိအပ်၏။
အမျိုးယုတ် မြတ်ကိုကား
ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။
ပညာရှိ မရှိကိုကား
ဆိုသောစကားဖြင့် သိအပ်၏။
မြေကောင်း၊ မကောင်းကိုကား
မြက်ညှိုး မညှိုးကိုမြင်သဖြင့် သိအပ်၏။
(လောကနီတိ)
၄။ တံတားအို-မှောင်ခိုမလျှောက်နှင့်
စကားဆို-တောင်လိုမမှောက်နှင့်
တံတားအိုမှောင်ခိုလျှောက်က ကျိုးတတ်၏။
စကားဆိုတောင်လိုမောက်က ညှိုးတတ်၏။
(ညောင်ပင်သာဦးပုည)
၅။ သူယုတ်မာသည် ချစ်ဖွယ်သောစကားကိုလည်းပြော
ဆိုတတ်၏။ ဤကဲ့သို့ ချစ်ဖွယ်သောစကားကိုပြော
ဆိုတတ်ရုံမျှနှင့် ယုံကြည်စွာချစ်ကျွမ်းဝင်ရာ
အကြောင်းမဟုတ်ချေ။
ထိုသူ၏လျှာဖျားတွင် ပျားရည်သည်တည်၏။
စင်စစ်သော်ကား ထိုသူ၏နှလုံးတွင်
လတ်တလောသေစေတတ်သော အဆိပ်သည် တည်သည်ဖြစ်၏။
(စာဏကျအမတ်ကြီး၏နီတိ)
၆။ ထင်တိုင်းလည်းနှိပ်၍ မဆိုနှင့်။
ဝင်တိုင်းလည်းသိပ်မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည်။
ဝင်တိုင်းလည်း သိပ်၍ မျိုက အန္တရာယ်များတတ်သည်။
(ဖိုးသူတော်ဦးနု)
၇။ စကားနှင့်အစား၊ သည်နှစ်ပါးမှာ
အစားမညီသော် … တရုတ်ရုတ်။
စကားမညီသော် … အရှုပ်ရှုပ်။
ချည်ရှုပ်နွယ်ရှုပ်ကို သုတ်သင်နိုင်သူများ၏
စကားရှုပ်ကို သုတ်သင်နိုင်သူရှား၏။
(လုံးတော်ဆရာတော်ဘုရား)
၈။ နေ့တိုင်းစား၍မဝနိုင်သည်မှာ … အစား။
နေ့တိုင်းပြော၍ မတတ်နိုင်သည်မှာ စကား။
(မြန်မာစကားပုံ)
၉။ တရားမကြိုက်၊ လျှာဒုစရိုက်နှင့်
လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း
သူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော့။
(မဃဒေဝလင်္ကာသစ်)
၁၀။ မျက်ကွယ်တွင် ကျေးဇူးကို ချေတတ်သောစကားကို ဆိုသူ၊
မျက်မှောက်တွင် ချစ်ဖွယ်သောစကားကို ဆိုတတ်သောသူ၊
ထိုသို့သဘောရှိသည့် အဆွေခင်ပွန်းကို အဆိပ်အိုးတွင်
ပျားကောင်ကိုကြဉ်ရာ ဘိသကဲ့သို့ ကြဉ်ရာ၏။
(ဓာမဏကျအမတ်)
၁၁။ ချိုသာသောစကားတို့သည် မေတ္တာဓာတ်မှ စီးဆင်းလာ၏။
ထိုစကားတို့သည် လှည့်ပတ်ဖြားယောင်းခြင်းကင်း၍
ကောင်းမြတ်သောသူတို့၏နှုတ်တွင် တည်ပေ၏။
၁၂။ ပြုံးရွှင်သောမျက်နှာဖြင့် ပြောအပ်သော ချိုသာသည့်စကားသည်
ကြည်သာစွာပေးအပ်သော လက်ဆောင်ထက် သာလွန်သည်။
၁၃။ ပြုံးရွှင်သောမျက်နှာထားဖြင့် ချိုသာစွာ ပြောတတ်သော
နှလုံးသည်းပွတ်မှ ပွင့်လျှံလာသည့်စကားသည်
ကောင်းမြတ်ခြင်း စစ်စစ်ပင်ဖြစ်သည်။
၁၄။ စိတ်နှလုံးကို ပြုံးရွှင်စေတတ်သော စကားကို ဆိုသူတို့တွင်
ဝမ်းနည်းခြင်းတိုး၍ ဆင်းရဲရသော ဒုက္ခသည် မကျရောက်နိုင်ပေ။
၁၅။ နှိမ့်ချသောစိတ်ထားနှင့် ချိုသာသောစကားတို့သည်
လူတို့၏ အဆင်တန်ဆာများ ဖြစ်သည်။
ထိုအရာမှ လွဲ၍ အခြားမဟုတ်နိုင်။
၁၆။ ကောင်းသောအကြံအစည်နှင့် ကောင်းသောစကားတို့ကို
ဆိုသူတွင် အပြစ်တို့သည် လျှော့ပါး၍ အကျိုးတို့သည်
တိုးပွားလာလိမ့်မည်။
၁၇။ ချိုသာကြင်နာသော စကားသည် ဤဘဝတွင် မှန်ကန်ခြင်းကိုဖြစ်စေ၍ နောင်တမလွန်တွင် ကုသိုလ်အကျိုးပေး
ထွန်းကားစေ၏။
၁၈။ ချိုသာသောစကားသည် ကိုယ်ကျိုးရည်ရွယ်ချက်မပါသည့်အပြင် ဤဘဝမျိုးတွင် လည်းကောင်း၊ နောင်တမလွန်တွင်
လည်းကောင်း၊ ကြည်ရွှင်မှုကို ဖြစ်စေ၏။
၁၉။ ချိုသာသောစကား၏ ကြည်ရွှင်စေတတ်ခြင်းကို သိရှိသူသည် အဘယ်ကြောင့် ကြမ်းတမ်းသောစကားကို
သုံးပါမည်နည်း။
၂၀။ သဘောကြိုက်ညီနိုင်သောအချိန်တွင် သဘောမကြိုက်ညီနိုင်သော စကားကို ဆိုခြင်းသည် မှည့်သောအသီးကို
ရနိုင်ပါလျက် မမှည့်သောအသီးကို တမင်စားသုံးခြင်းနှင့် တူ၏။
၂၁။ အကြင်သူသည် တော်တည့်မှန်ကန်သောစကားကို မပြောဘဲလျက် ဒုစရိုက်မှုများတွင် ကျင်လည်၍
မနေစေကာမူလည်း၊ ထိုသူအား (ဤသူအား-ကုန်းမချောသူတည်း) ဟူ၍ အပြောခံရမှကောင်းမြတ်၏။
၂၂။ တစ်စုံတစ်ဦး၏ ရှေ့မှောက်တွင် အကြင်သူအား ပြုံးရွှင်စွာဆက်ဆံ၍ ကွယ်ရာတွင် သူ၏ပျက်စီးကြောင်းကို
ပြောခြင်းမှာမူကား ဒုစရိုက်မှုတကာတွင်လည်းကောင်း၊ ကိုယ်ကျင့်ပျက်စီးခြင်းတို့တွင်လည်းကောင်း အကြီးဆုံးဖြစ်၏။
၂၃။ လိမ်လည်လှည့်ဖြား၍ ကုန်းချောနေရခြင်းထက်၊ သေရသည်က မြတ်၏။ အဘယ်ကြောင့်ဆိုသော် သေရခြင်းတွင်
ဂုဏ်ရှိသေးသောကြောင့်ဖြစ်၏။
၂၄။ တစ်ပါးသူ၏ ရှေ့တည့်တည့်မှ မညှာမတာပြောတတ်စေကာမူလည်း၊ ထိုသူ၏နောက်ကွယ်တွင် အပြစ်ကို
မဆင်မခြင်ဘဲ မပြောအပ်ပေ။
၂၅။ တော်တည့်မှန်ကန်မှုများကိုသာ ဂုဏ်တင်၍ နှုတ်က ပြောနေတတ်၏။ အနှစ်မပါဘဲ ဗလာသဘောကို တစ်ပါးသူ၏
အကြောင်းအား ကွယ်ရာတွင် ပြောဆိုနေမှ သိရလိမ့်မည်။
၂၆။ သူတစ်ပါး၏မကောင်းသတင်းကို လွှင့်နေသူအား ထိုသူ၏ ကိုယ်ကျင့်တရားကိုလည်း စုံစမ်း၍၊ မကောင်းသတင်း
အလွှင့်ခံရတတ်သည်။
၂၇။ ကုန်းချောစကားဆိုရ၍ ပျော်ရွှင်ရယ်မောနေသူတို့သည် မိတ်ဆွေဖွဲ့ခြင်းအမှုကို မပြုတတ်ကြသောကြောင့် မကြာမီ
မိတ်ဟောင်းများ၏ ဖယ်ကြဉ်ခြင်းကိုလည်း ခံရတတ်၏။
၂၈။ မိတ်ဆွေရင်းများ၏ အကြောင်းကို စကားတင်းဆိုမြဲဖြစ်သော သူတို့သည် တစ်စိမ်းတစ်ရံသူတို့အကြောင်းကိုမူကား
အဘယ်ကဲ့သို့ မပြောဘဲရှိမည်နည်း။
၂၉။ ဤကမ္ဘာကြီးသည် လူကောင်းများအပြင် မကောင်းမှုဖြင့် မကောင်းသောစကားပြောတတ်သူတို့၏ အလေးချိန်ကိုပါ
ထမ်းရွက်ထားရလေသည်။
၃၀။ လူတို့သည် အခြားသူအား အပြစ်မြင်တတ်သကဲ့သို့ မိမိတို့အပြစ်ကို မြင်တတ်ပါက ကုန်းချောမှုဟူသော ဒုစရိုက်မျိုး
ပေါ်ပေါက်ရန် မရှိနိုင်ပေ။
၃၁။ အကြင်သူသည် တစ်ပါးသူတို့ မနှစ်သက်သော စကားဖျင်းတို့ကို ပြောခြင်းဖြင့် လူအားလုံး၏ ဝိုင်းပယ်ခြင်းကို
ခံရတတ်၏။
၃၂။ လူအများ၏ရှေ့တွင် စကားဖျင်းကို ပြောဆိုခြင်းသည် မိတ်ဆွေများအား မညှာမတာပြောခြင်းထက် ဆိုးရွား၏။
စကားဖျင်းများစွာ ပြောဆိုနေပါက ထိုသူ၏ ဂုဏ်သိက္ခာလိုအပ်နေကြောင်းကို အများကဆိုကြလိမ့်မည်။
၃၃။ ပရိတ်သတ်ဗိုလ်ပုံအလယ်တွင် သိမ်ဖျင်းသောစကားတို့ကို ပြောဆိုသူသည် အကျိုးထူးမရသည့်အပြင်
ကောင်းမှုဟူသမျှ မိမိထံမှ ရှောင်ရှားသွားလိမ့်မည် ဖြစ်၏။
၃၄။ ဂုဏ်သိက္ခာရှိပြီးဖြစ်သော ပုဂ္ဂိုလ်ပင်လျှင် သိမ်ဖျင်းသောစကားတို့ကို ပြောဆိုပါက ဂုဏ်အင်နိမ့်သွားတတ်သည်။
သိမ်ဖျင်းသောစကားကို ပြောသူတို့အား လူအန္ဓဟု ခေါ်ဆိုသည်။
၃၅။ အကြောင်းထူးခြားခြင်းမရှိသည့်စကားကို ပြောလိုက ပြောပါ။ ပညာရှိတို့အဖို့ အကျိုးမပြီးသည့်စကားကို မပြောခြင်းက
ပိုသင့်မြတ်၏။
၃၆။ စကားတစ်စုံတစ်ရာပြောဆိုရမည်ဆိုသော် အကျိုးရှိသည့်စကားကိုသာ ဆိုပါလေ။ အကျိုးမရှိသည့် စကားများကို
အပိုမပြောပါနှင့်။
၃၇။ အပြစ်ကင်း၍ ပညာနုံနဲ့မှုမရှိသော ပညာရှိတို့သည် အကျိုးမရှိသော စကားကို မေ့လျှော့၍မျှပင် မဆိုကြ။ ထိုစကား
ပြောဆိုရာတွင် လိမ္မာပါးနပ်ဖို့နှင့်-နှုတ်မှ မထွက်မီ ဆင်ခြင်စဉ်းစားရာ၏။ နှုတ်ထွက်စကားကိုလည်း မှန်ကန်တည်မြဲ
စေရာ၏။ စကားအလိမ္မာသည်-ယဉ်ကျေးခြင်း အနုပညာပင်တည်း။
လူ့ကျင့်ဝတ်စည်းကမ်းအရ မိမိနှင့် မသက်ဆိုင်သော အရာဝတ္ထု၊ ပစ္စည်း၊ အလုပ်အကိုင်များတွင် ပါဝင်ပက်သက်ခြင်းမရှိစေရန် သတိပြုရှောင်ကြဉ်ရမည်။ မိမိနှင့်ဆိုင်သောကိစ္စ ဖြစ်စေကာမူ မိမိအား သိစေလိုသော အခါမှသာလျှင် သိရမည်။ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းကို မပြုအပ်ပေ။ အခွင့်ကိုစောင့်၍ မေးမြန်းသင့်မှ မေးမြန်းရမည်ဖြစ်၏။
အခြားသူများ၏ စာရွက်စာတမ်းများ၊ အိတ်၊ ဖုန်း စသည်တို့ကို အခွင့်မရှိဘဲ မကိုင်သင့်။ စောင်းငဲ့၍ပင် မကြည့်အပ်၊ စည်းကမ်းဣန္ဒြေကြီးသူပီပိ ကျင့်ကြံနေထိုင်ပါ။ မိမိဆောင်ရွက်ရန် ဝတ္တရားရှိပါက မညည်းညူအပ်ပေ။ ညည်းတွားတတ်သူသည် မည်သည့်နေရာမှ အသုံးမဝင်ချေ။ ခေါင်းဆောင်ကောင်းလည်း မဖြစ်နိုင်ပေ။ အနှောင့်ယှက်ဖြစ်စေရုံသာမက အခြားသူတို့၏စိတ်တွင် မနှစ်မြို့ခြင်းဖြစ်စေမည်ကို သတိပြုသင့်၏။
မည်သည့်အခါမဆို မျက်နှာကို ရွှင်ပျစွာထားတတ်သော အလေ့အကျင့်ကောင်းကို ပြုလုပ်ပါ။ မကောင်းသောဘေးဒုက္ခနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် စိတ်မညစ်ဘဲ မှတ်ထားရန် သင်ခန်းစာတစ်ခုဟုသာ မှတ်ယူပါ။ မျက်နှာထားရွှင်ခြင်းသည် ပတ်ဝန်းကျင်၏ခင်မင်မှုကို တိုးစေ၏။ စကားပြောရာတွင်လည်း ယဉ်ကျေးသိမ်မွေ့သောအမူအရာသည် လူချစ်လူခင်ပေါများစေပါသည်။
“နှုတ်ချိုသျှိုတစ်ပါး၊ နှုတ်ကောင်းလျှင် ပြည်စိုး၊ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ” စသည် စကားပုံများမှာ စကားအရာလိမ္မာစေမှု၏ အခရာပင် ဖြစ်သည်။