hapeye

မလိုအပ်တဲ့ ဝန်ထုပ်တွေကို လွှတ်ချခဲ့ပါ။

ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီ ရောက်လာတာနဲ့ သူက …
“ဆရာတော် တပည့်တော် အထီးကျန်နေပါတယ်။ နာကျင် ကြေကွဲနေပါတယ်။ နှစ်ရှည်လကြာ လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ၊ ခြေထောက်နှစ်ဖက်မှာလည်း ဆူးဒဏ်ရာတွေ ပြည့်ခဲ့ပါပြီ၊ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ၊ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ၊ ဘာဖြစ်လို့ တပည့်တော်ရင်ထဲက နေရောင်ခြည်ကို တပည့်တော် မတွေ့ရသေးတာလဲ ဘုရား”လို့လျှောက်တင်တယ်၊ အဲဒီအခါမှာ ဆရာတော်က

“ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ” လို့မေးတယ်၊ လူငယ်က …
“အိတ်ထဲက ပစ္စည်းတွေက တပည့်တော်အတွက် အင်မတန်အရေးပါတဲ့ ပစ္စည်းတွေပါ ဘုရား၊ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊ အထီးကျန်တိုင်း စိတ်ရှပ်ခဲ့ရတာတွေ အဲ့ဒါတွေနဲ့ ဆရာတော်ဆီ တပည့်တော် အရောက်လာခဲ့တာပါ ဘုရား” လို့လျှောက်တင်တယ်။

ဒီလိုနဲ့ ဆရာတော်ဟာ လူငယ်ကို ခေါ်ပြီး မြစ်ကမ်းတစ်ခုဆီ ရောက်လာခဲ့တယ်။ သူတို့က လှေတစ်စီးကို လှော်ပြီး မြစ်ကို ဖြတ်ခဲ့ကြတယ်။ တစ်ဖက်ကမ်းပေါ် ရောက်လာတာနဲ့ ဆရာတော်က …
“ဒကာတော် ဒီလှေကို ထမ်းပိုးပြီး ခရီးဆက်ပါ” လို့ဆိုတယ်။ ဒါကို လူငယ်က တအံ့တဩနဲ့ …
“လှေကိုထမ်းပိုးပြီး ခရီးဆက်ရမယ်။ ဒီလောက်လေးတဲ့လှေကို တပည့်တော် ဘယ်ထမ်းပိုးနိုင်မှာလဲ ဘုရား” လို့ပြန်မေးတယ်။
“ဟုတ်ပါတယ်။ ဒီလှေကို ဒကာ မထမ်းပိုးနိုင်ပါဘူး။ ဆရာတော်တို့ မြစ်ကို ဖြတ်တော့ လှေကို အသုံးပြုခဲ့ကြတယ်။

တစ်ဘက်ကမ်းရောက်တာနဲ့ လှေကို ထားခဲ့ပြီး ခရီးဆက်ကြတယ်။ တကယ်လို့ မထားခဲ့ရင် အဲ့ဒီလှေဟာ ဆရာတော်တို့အတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပြီ။ နာကျင်တာတွေ၊ အထီးကျန်တာတွေ၊ ဝမ်းနည်းကြေကွဲတာတွေ၊ မျက်ရည်တွေ ဒါတွေဟာ လူ့ဘဝအတွက် အသုံးဝင်ပါတယ်။ ဘဝကို တိုးတက်ကြိးစားစေတဲ့ အရာတွေပါ။”
ဒါပေမဲ့ … “ဒါတွေကို မမေ့ဘဲ တမ်းတမ်းတတ စွဲလမ်းနေရင်တော့ ဒါတွေဟာ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားတော့တယ်။ ဒါ့ကြောင့် ဒါတွေကို လွှတ်ချပါ။ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေနဲ့ မလေးလံနေပါစေနဲ့”

လူငယ်ဟာ ဆရာတော် မိန့်ကြားတဲ့အတိုင်း ကြီးလေးတဲ့ အိတ်ကိုချပြီး ခရီးဆက်ခဲ့တယ်။ ဒီတစ်ချိန်မှာ သူ့ရဲ့ ခြေလှမ်းတွေမှာ သွက်လက်ပေါ့ပါးလာတာကို ခံစားမိတယ်။ အရင်ကထက် သူ ပိုပျော်ရွှင်လာခဲ့တော့တယ်။

ဘဝမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိတ်ရှုပ်စရာတွေများတယ်၊ မပျော်ရွှင်ဘူးလို့ ကျွန်မတို့ မကြာခဏခံစားကြရတယ်။ ဒါဟာ မလိုအပ်တဲ့ ဝန်ထုပ်တွေကို ကျွန်မတို့ရဲ့ စိတ်က ထမ်းပိုးထားလို့ ဖြစ်တယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့ အလုပ်အကိုင်၊ နေ့စဉ်ဘဝကို ပင်ပန်းနွမ်းနယ် စေပါတယ်။

တကယ်လည်း လူ့ဘဝမှာ ဖယ်ရှားလို့မရနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးများစွာ ရှိတယ်။ ဒီဝန်ထုပ်တွေထဲမှာ မလိုအပ်တာတွေလည်းပါတယ်။ လွန်ကဲတဲ့ လိုချင်တောင်းတမှုတွေ၊ တောင်းဆိုမှုတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေက ဒီဝန်ထုပ်တွေကို ပိုလေးလံစေပါတယ်။ ပိုလျှံနေတဲ့၊ မလိုအပ်တဲ့ ဝန်ထုပ်တွေကို လွှတ်ချလိုက်ပါ။ ဘဝဟာ ရိုးရှင်းပြီး သက်တောင့်သက်တာ ဖြစ်သွားတာကို ခံစားမိပါလိမ့်မည်။ စာရေးဆရာတစ်ဦးက ဒီလိုရေးခဲ့ဖူးတယ်။

ဘဝမှာ မလိုအပ်တဲ့၊ ထမ်းမထားနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဆိုင်ရာဆိုင်ရာဆီ လွှဲထားလိုက်ပါ။ ငွေကြေးကို ဘဏ်ဆီ လွှဲထားလိုက်ပါ။ မေ့လျော့တတ်တဲ့အရာကို မှတ်စုစာအုပ်ဆီ လွှဲထားလိုက်ပါ။ လုပ်စရာအလုပ်ကို တာဝန်ရှိတဲ့ဝန်ထမ်းတွေဆီ လွှဲထားလိုက်ပါ။ ကြိုတင်ခန့်မှန်းမသိနိုင်တဲ့ အနာဂတ်ကို ကံကြမ္မာဆီ လွှဲထားလိုက်ပါ။ ဒီနေ့မပြီးနိုင်တဲ့ ကိစ္စတွေကို မနက်ဖြန်ဆီ လွှဲထားလိုက်ပါ။ စိတ်ရှပ်စရာကို အလိုလို ပျောက်သွားနိုင်တဲ့ ခံစားချက်စီလွှဲထားလိုက်ပါ။

အရွယ်ရောက်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့ ကိုယ်တိုင် ထမ်းပိုးဖို့ လွှဲထားလိုက်ပါ။ ပိုလျှံတဲ့ လွမ်းဆွတ်မှုတွေကို မျက်စိရှေ့က တိမ်လွှာတွေဆီ လွှဲထားလိုက်ပါ။ သည်းမခံနိုင်တဲ့အရာ၊ စိတ်ထိခိုကစရာတွေကို အတွင်းသိ သူငယ်ချင်းတွေဆီ လွှဲထားလိုက်ပါ။ ချစ်သူရဲ့ ကတိသစ္စာတွေကို ချစ်သူကိုယ်တိုင် ထိန်းသိမ်းဖို့ လွှဲထားလိုက်ပါ။ မိမိရဲ့ အပြုအမူ သဘောထားတွေကို တခြားသူအဖိုးဖြတ်ဖို့ လွှဲထားလိုက်ပါ။

အနာဂတ်အတွက် တွေးပူတဲ့ ကိုယ့်အပူကို အနာဂတ်ကို လွှဲထားလိုက်ပါ။ ပင်ပန်းနွမ်းနယ်ခဲ့တဲ့ လမ်းခရီးကို ရေချိုးသန့်စင်ဖို့ လွှဲထားလိုက်ပါ။ စိတ်ပင်ပန်းမှုဒဏ်တွေကို နှစ်ခြိုက်တဲ့ အနားယူခြင်းဆီ လွှဲထားလိုက်ပါ။ မနက်ဖြန်အတွက် ရိတ်သိမ်းမှုကို ဒီကနေ့ရဲ့ ကြိုးစားမှုဆီလွှဲထားလိုက်ပါ။ ချစ်သူခင်သူ ဆုံးရှုံးရတဲ့ ဝေဒနာကို အလိုလိုမေ့လျော့၊ မေ့ပျောက်သွားနိုင်မယ့် အချိန်ဆီ လွှဲထားလိုက်ပါ။
ရင်ဘတ်ထဲက မြေရိုင်းကို  မကြာခဏ သန့်ရှင်းပြုပြင်ပေးပါ။ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချခဲ့ပါ။ နေ့စဉ်ဘဝကို ဖွင့်ဖြိုးတဲ့အားအင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျွန်မတို့ရှင်သန်ကြပါတယ်။

(နိုင်နိုင်းစနေ)

လူဟာ ခရီးတစ်ခုသွားရင်
မလိုအပ်တာကို ယူသွားရင်
လိုအပ်တာကို မယူမိဘူး။
ဒီလိုဘဲ
လိုအပ်တာကို ယူသွားရင်လည်း
မလိုအပ်တာကို မယူမိတော့ဘူး

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts