ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလေ

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလေ

ရွာတစ်ရွာတွင်နေထိုင်တဲ့ တရုတ်အဘိုးကြီးတစ်ယောက်စီမှာ မြင်းအိုကြီးတစ်ကောင်ရှိတယ်။ တစ်နေ့တော့ ဒီမြင်းအိုကြီးဟာ ရွာပြင်ကိုထွက်သွားပြီး အဘိုးကြီးအိမ်ကို ရက်အတော်ကြာထိ ပြန်ရောက်မလာလို့ရွာသားတွေက အဘိုးကြီးကို ကံဆိုးရှာတယ်ဆိုပြီး ဝိုင်းသနားကြတယ်။ သူ့ကို လာအားပေးကြတယ်။ ဒီတော့ အဖိုးကြီးက ဘာပြောသလဲဆိုတော့ ‘ကံဆိုးတာလား၊ ကံကောင်းတာလား ဝ မသိဘူး။ ဒါပေမယ့်ဖြစ်သမျှ အကြောင်း အကောင်းချည်းပါပဲ’ တဲ့။ 

တစ်ပတ်လောက်ကြာတော့ အဲဒီမြင်းအိုကြီးဟာ အဘိုးကြီးအိမ်ကို ပြန်‌ရောက်လာတယ်။ မြင်းအိုကြီးနဲ့အတူ မြင်းရိုင်းသုံကောင် လိုက်ပါလာတယ်။ ရွာသားတွေက အဘိုးကြီးကို ကံကောင်းတယ်လို့ ပြောကြပြန်တယ်။ ဒီတော့အဘိုးကြီးက ပြန်‌ပြောတယ်။ ‘ကံဆိုးတာလား၊ ကံကောင်းတာလား၊ ဝမသိဘူးလေ။ ဒါပေမယ့် ဖြစ်လာသမျှအကြောင်း အကောင်းချည်းပဲ’။ 

သိပ်မကြာခင်မှာပဲ အဖိုးကြီးရဲ့အသက် ၂၀ အရွယ် သားလူပျိုလေးဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင် သင်ပေးရင်းနဲ့ မြင်းပေါ်ကပြုတ်ကျလို့ ခြေထောက်တစ်ဖက် ကျိုးသွားပါတယ်။ ရွာသားတွေက အဘိုးကြီးကိုဝိုင်းသနားကြပြန်တယ်။ ဒီတစ်ခါလည်း အဘိုးကြီးက ‘ကံဆိုးတာလား၊ ကံကောင်းတာလား၊ ဝ မသိဘူးလေ။ ဒါပေမယ့် ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ’ လို့ပြန်ပြောတယ်။ 

ရက်အတန်ကြာမှပဲ စစ်တပ်တစ်တပ် အဲဒီရွာကို ရောက်လာတယ်။ လူငယ်အရွယ် ကောင်လေးတွေကို စစ်တပ်ထဲသွင်းပြီး စစ်သားစုဆောင်းဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဖိုးကြီးသားကို ခေါ်မသွားကြဘူး။ ခြေထောက်ကျိုးနေလို့ပါ။ ရွာသားတွေက သူ့ကို ကံကောင်းတယ်လို့ ပြောကြပြန်တယ်။ ထုံးစံအတိုင်း အဘိုးကြီးက ပြောပြန်တယ်။ ‘ကံဆိုးတာလား၊ ကံကောင်းတာလား၊ ဝ မသိဘူးလေ။ ဒါပေမယ့် ဖြစ်သမျှအကြောင်းအကောင်းချည်းပါပဲ’ တဲ့။

လောကကြီးမှာ အမြဲတမ်း အဆိုးဖြစ်နေတယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း အကောင်းချည်း ဖြစ်နေတယ်ဆိုတာ မရှိပါဘူး။ ‘အဆိုးပြီးရင် အကောင်းလာမယ်။ အကောင်းပြီးရင် အဆိုးလာမယ်’ ဆိုတဲ့ လောကဓံသဘောလေးကို သိထားရင် ဒုက္ခနဲ့ကြုံတွေ့တဲ့အခါ ကြံ့ကြံ့ခံနိုင်မှာပါ။ 

စာတစ်အုပ်မှာ ဖတ်ခဲ့ဖူးတဲ့ တရုတ်ပုံပြင်လေး တစ်ခုပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts