hapeye

ပြုပြင်ပြောင်းလဲသင့်နေသည့် နံနက်အိပ်ရာထ အမူအကျင့်များ

“ မိမိရဲ့ အမူအကျင့်တွေကို ပြုပြင်ဖို့အတွက် အလွန်ခက်ခဲမူရှိနိုတယ်။ ဒါပေမယ့်လည်း ဖော်ပြပါ အမူအကျင့်တွေကို ပြုပြင်ပေးနိုင်ရင် သင့်အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်လာနိုင်တဲ့အတွက် ကျန်းမာရေး အထောက်အကူပြုနိုင်တဲ့အပြင် သင့်ရဲ့ အလွန်အဖိုးတန်လှတဲ့ မနက်ခင်းအချိန်တွေကိုပါ ဖြုန်းတီးသလို မဖြစ်နိုင်တော့ပါဘူး။ “

နံနက်ပိုင်းတွင် ရေးချိုးရန် ပျက်ကွက်ခြင်း

တစ်ခါတစ်လေမှာ အိပ်ရာထ နောက်ကျတာကြောင့် အလုပ်ကို အချိန်မီသွားနိုင်ဖို့အတွက် ရေမချိုးဖြစ်ကြပါဘူး။ မနက်ပိုင်းကတော့ မဖြစ်မနေ ရေချိုးသင့်ပါတယ်။ ဒါမှ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ပြီး စိတ်ကြည်
လင်ကာ အလုပ်ထဲမှာ တက်တက်ကြွကြွ လုပ်ဆောင်နိုင်မှာပါ။

ရေနွေးဖြင့် ရေချိုးခြင်း

မနက်ပိုင်းမှာ ရေနွေးနဲ့ ရေချိုးတာက မှားယွင်းတဲ့ အမူအကျင့်ပါ။ ရေနွေးနဲ့ရေချိုးလိုက်တာကြောင့် Relax ရရှိသွားပြီး အိပ်ရာထဲ ပြန်နှပ်ချင်စိတ် ပေါက်သွားနိုင်ပါတယ်။ ဒါ့အပြင် ရေနွေးကြောင့် မွေးညင်းပေါက်တွေ ပွင့်လာတဲ့ အတွက် သင့်ရဲ့ အရေပြားထဲကို ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေ အလွယ်တစ်ကူ ဝင်ရောက်နိုင်ကာ ဝက်ခြံပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

လက်ကိုင်ဖုန်းကို အကြာကြီးအသုံးပြုနေခြင်း

မနက်ပိုင်းအချိန်မှာ သတင်းသိချင်တာနဲ့ မိတ်ဆွေတွေရဲ့ လှုပ်ရှားမှုကို သိချင်နေတာကြောင့် ဖုန်းအကြာကြီး အသုံးပြုနေခဲ့ရင် အခုချိန်ကစပြီး ဖုန်းကို လျှော့သုံးသင့်ပါတယ်။ ဖုန်းအသုံးပြုမယ့်အစား မနက်စာစားတာ ဒါမှမဟုတ် ရေချိုးတာမျိုးတွေ အတွက်သာ အချိန်ကုန်ခံလိုက်ပါ။

အဝတ်အစားရွေးချယ်ခြင်း

မနက်ပိုင်းမှာ အဆိုးဆုံး အချိန်ဖြုန်းတီးနည်း တစ်ခုကာတော့ အဝတ်အစား ရွေးချယ်တာပဲဖြစ်ပါတယ်။ အချိန် မလုံလောက်ရတဲ့ကြားထဲ အဝတ်အစားရွေးနေရလို့ အချိန်ကုန်တဲ့အပြင် စိတ်လောနေတဲ့အတွက် အဝတ်အစားရွေးချယ်မှု မှားယွင်းနိုင်ပါတယ်။ ညကတည်းက နောက်နေ့အတွက် အဝတ်အစားတွေကို ရွေးချယ်ထားပြီး မီးပူတိုက်ထားပါ။ ဒါမှ ဝတ်ခါနီးမှာ ကြယ်သီးပြုတ်တာတွေ၊ ချုပ်ရိုးပြဲတဲ့ ပြဿနာတွေမရှိတော့ဘဲ သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်နိုင်မှာပါ။ သင့်အနေနဲ့ အလုပ်က အိမ်ပြန် နောက်ကျလို့ ပင်ပန်းနေတယ် ဆိုရင်လည်း ရုံးပိတ်ရက်တွေ တစ်ပတ်စာဝတ်မယ့် အဝတ်အစားတွေကို ကြိုတင်ပြင်ဆင်ထားပါ။

ကွေကာတစ်ပန်းကန်စားသုံးခြင်း

မနက်ပိုင်း အချိန်မရသူတွေ ကွေကာဟာ ထိပ်တန်းနံပါတ်တစ် အစားအစာဖြစ်ပါတယ်။ ဒါပေမယ့် ကွေကာတစ်ပန်းကန်မှာ သကြားစားပွဲဇွန်း လေးဇွန်းစာအထိ ပါဝင်ပါတယ်။ ဒါ့အပြင် ကွေကာထဲမှာ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် ထည့်သုံးတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မနက်စာ ဖြစ်သွားတက်ပါတယ်။ မနက်ပိုင်းမှာ သစ်သီးစားပေးပါ။ အချိန်ရရင် ကြက်ဥပြုတ်စားပါ။

အစာစားပြီးပြီးချင်း သွားတိုက်ခြင်း

မနက်ပိုင်းမှာ အချိန်မလုံလောက်တဲ့အတွက် လူအများစုက နံနက်စာစားပြီးမှ သွားတိုက်တဲ့အကျင့်ကို ရွေးချယ်တက်ကြပါတယ်။ သစ်သီး၊ ဖျော်ရည်နဲ့ တခြားအစားအစာတွေမှာ ပါဝင်တဲ့အက်စစ်တွေကြောင့် သွားရဲ့ ကြွေလွှာတွေက ထိခိုက်လွယ်နိုင်တဲ့အတွက် အစာစားပြီးပြီးချင်း သွားတိုက်တာက ကြွေလွှာတွေ ပျက်ဆီးနိုင်ပါတယ်။ အစာစားပြီးပြီးချင်းမှာ ရေနဲ့သာ ပလုတ်ကျင်းသင့်ပါတယ်။ အနည်းဆုံး မိနစ် ၃၀ စောင့်ပြီးမှသာ သွားတိုက်ပါ။

ဘလက်ခ်ကော်ဖီသောက်ခြင်း

အိပ်ရာထခါစမှာ အလက်ခ်ကော်ဖီသောက်တာက ခန္ဓာကိုယ်အတွင်း ကော်တီစော(Cortisol)ဟော်မုန်းတွေ မြင့်တက်လာနိုင်ပါတယ်။ ကော်တီစောတွေ မြင့်မားလာတာကြောင့် စိုးရိမ်စိတ်တွေလည်းများလာပါတယ်။ ဒါ့အပြင် ဘလက်ခ် ကော်ဖီသောက်တာကြောင့် အစာအိမ် ရောင်ရမ်းနိုင်ပါတယ်။ ဘလက်ခ်ကော်ဖီထဲကို နွားနို့ ထည့်သောက်ပါ။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts