ပြီးပြည့်စုံသော အလှ

ပြီးပြည့်စုံသော အလှ

တစ်ခါက ကျီးကန်းတစ်ကောင်ရှိတယ်။ သူက သူ့ကိုယ်သူ “လောကမှာ ငါဟာ အပျော်ဆုံးငှက်တစ်ကောင်ပဲ” ဆိုပြီး ဘဝကို သာယာနေတယ်။ တစ်နေ့ သူ ဗျိုင်းတစ်ကောင်ကိုတွေ့တယ် . . . “သူ့တစ်ကိုယ်လုံးက ဖြူဖွေးနေတာပဲ ငါကတော့ မည်းနက်နေတယ်။ သူဟာ လောကမှာ အပျော်ဆုံးငှက်ဖြစ်လိမ့်မယ်” လို့တွေးမိတယ်။

ဒီလိုနဲ့ သူဗျိုင်းကိုသွားပြောတယ် “ကိုဗျိုင်းရာ…ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲမလား” ဒီတော့ ဗျိုင်းက ပြန်ပြောတယ် “ကျွန်တော်လည်း အစက ဒီလိုတွေးမိတာ ကြက်တူရွေးကို မတွေ့ခင် အထိကပဲဗျာ . . . ကျွန်တော်ကသာ အဖြူရောင်တစ်ခုတည်းရှိတာ၊ သူမှာက အရောင် ၂မျိုးရှိတယ် သိပ်လှတယ်ဗျ”

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီသွားတယ် ” ခင်ဗျားက အရောင် ၂မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ပဲမလား” ကြက်တူရွေးက ” ဟား ကျွန်တော်ကဘာဟုတ်သေးလဲဗျာ၊ ကျွန်တော့်မှာ အရောင်၂မျိုးပဲရှိတာ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ဗျ။ ခင်ဗျား သူ့ကိုသွားမေးပါလား” လို့ဖြေလိုက်တယ်။

ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကိုလိုက်ရှာရင်း တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူတွေအများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကိုတွေ့လိုက်တယ်။ “အား . . . ပါး . . . လှလိုက်တာ… သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ” လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ တိရစ္ဆာန်ရုံပိတ်ချိန်ထိ စောင့်နေပြီး ညနေလူရှင်းတော့ ဒေါင်းဆီသွားပြောတယ်

” ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက်ပဲဗျာ . . . လူတွေက ခင်ဗျားရဲ့ အလှကို ဒီလိုတကူးတက လာကြည့်တယ်။ ကျုပ်ကို မြင်ရင်ဖြင့်တော့ မောင်းလွှတ်တာပဲဗျို့ . . . တစ်ခါတစ်လေ ခဲနဲ့တောင် ပေါက်လို့ မနည်းရှောင်ရတယ်ဗျာ” လို့ပြောတယ်။

ဒီချိန်မှာ ဒေါင်းက “အင်းဗျာ ကျွန်တော်က အလှဆုံးငှက်ဆိုတာ မှန်ပါရဲ့၊ ဒါပေမယ့် ကျွန်တော့ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင်ခံထားရတယ်။ ဒီမှာ မိတ်ဆွေကျီး ကျွန်တော် တိရိစ္ဆာန်ရုံတစ်ခုလုံးကို သေချာ စူးစမ်းပြီးပြီ… လှောင်အိမ်ထဲ ထည့်မထားခံရတာ ဆိုလို့ ကျီးကန်း ပဲရှိတယ်ဗျ။”

“ကျွန်တော် တစ်ခါတစ်လေ တွေးမိတယ် … လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ်လို့ပေါ့။ လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ကျီးကန်းတွေမြင်ရင် ကျွန်တော် အရမ်းအားကျတယ်ဗျာ” လို့ပြန်ပြောတယ်။

သင်ခန်းစာ ။ ။ ကျွန်တော်တို့ဟာ တစ်ခါတစ်လေ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေနဲ့ ပြဿနာတွေအပေါ်မှာ မကျေမနပ်ဖြစ်ပြီး သူများဘဝတွေကို အားကျမိတတ်ကြတယ်။ တကယ်တော့ ဘယ်လိုဘဝမျိုး ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်သူသာ လောကမှာ အပျော်ဆုံး လူသားဖြစ်ပါလိမ့်မယ်။

အတွေးအခေါ်စာစုလေးများ မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts