ပျော်ရွှင်မှုနဲ့ အောင်မြင်မှု

ပျော်ရွှင်မှုနဲ့ အောင်မြင်မှု

ပျော်ရွှင်မှုနဲ့ အောင်မြင်မှု – “ပျော်ရွှင်မှုရဲ့ အဓိကသော့ချက်က အောင်မြင်မှု မဟုတ်ပါဘူး။

အောင်မြင်မှုရဲ့အဓိကသော့ချက်ကသာ ပျော်ရွှင်မှု ဖြစ်ပါတယ်။

သင် လုပ်နေတာကို တကယ်ပျော်မွေ့ရင်

အောင်မြင်လာပါလိမ့်မယ်”

Albert Schweitzer

ကျွန်တော်တို့အားလုံး ပျော်ရွှင်ချင်ကြပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ သင် တစ်ခါလောက် စဉ်းစားဖူးလား။ လူတစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ကွာခြားနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပျော်ရွှင်မှုဆိုတာ အမြဲပျော်ရွှင်စွာ ကခုန်ခြင်းလည်း မဟုတ်ပါဘူး။ အမြဲရယ်နေခြင်းလည်းမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ မိမိရဲ့ဖြစ်တည်မှုကို မိမိကျေနပ်တဲ့အခါတိုင်း ဖြစ်ပေါ်လာတဲ့ခံစားချက်တစ်ခုလို့ ထင်ပါတယ်။ အောင်မြင်မှုနဲ့ပျော်ရွှင်မှုဟာ မတူညီပါဘူး (သင့်ရဲ့ အောင်မြင်မှု Definition က ပျော်ရွှင်မှုဆိုရင်တော့ ခြွင်းချက်ပေါ့။)။ အောင်မြင်တယ်ဆိုတာ မိမိလိုချင်တဲ့အရာကို ရရှိတာဖြစ်ပြီး ပျော်ရွှင်တယ်ဆိုတာကတော့ မိမိပိုင်ဆိုင်တာကို ကျေနပ်ခြင်းဖြစ်ပါတယ်။

အောင်မြင်တဲ့သူတိုင်း မပျော်ရွှင်နိုင်ပါဘူး။ ကျွန်တော့်ဘဝမှာလည်း ချမ်းသာနေလျက်၊ အောင်မြင်နေလျက်နဲ့ မပျော်တဲ့လူတွေ အများကြီး တွေ့ဖူးပါတယ်။ ပိုက်ဆံရှိပေမယ့် မေတ္တာငတ်နေသူ၊ အထီးကျန်နေသူ၊ ဟန်ဆောင်ခြင်းများကို ငြီးငွေ့နေသူ၊ မအားလပ်သူ၊ ပျော်စရာအတွက် အချိန်မရှိသူ၊ မိသားစုအတွက် အချိန်မရှိသူ စသဖြင့် အများကြီးတွေ့ဖူးပါတယ်။ တကယ်တော့ လောဘရဲ့ ခေါ်ဆောင်ရာကို လိုက်သွားရင်းနဲ့ မူရင်းရည်ရွယ်ချက်ကို မေ့သွားကြတာပါ။ ဘယ်သူပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်ဆိုတာ ပျော်ချင်ကြလို့ပါ။ ကောင်းကောင်းနေနိုင်ဖို့၊ ကောင်းကောင်းစားနိုင်ဖို့၊ မိမိချစ်ရသူတွေကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ စပြီးကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ အောင်မြင်မှုတွေရလာ၊ ပိုက်ဆံတွေချမ်းသာလာတော့ လောဘကို မသတ်နိုင်ကြတော့ပါဘူး။ ဒါကြောင့် အောင်မြင်တိုင်းလည်း ပျော်ရွှင်မှုမရနိုင်ဘူးလို့ ဆိုတာပါ။

ပျော်ရွှင်မှုနှင့်ကျွန်တော့်အမြင်

အချိန်တိုင်း ပျော်ရွှင်မယ်ဆိုတာ ဖြစ်နိုင်တယ်လို့ သင် ထင်လား။ ကျွန်တော့်ကို မေးရင်တော့ မဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမြင် မှားကောင်းလည်း မှားနိုင်ပါတယ်။ အခြားသူတွေနဲ့လည်း တူချင်မှ တူမယ်၊ ဒါပေမဲ့ ကျွန်တော် အမြဲမပျော်ရွှင်ခဲ့ဖူးပါဘူး။ အဲဒီအတွက်လည်း ဝမ်းမနည်းပါဘူး။ လောကကြီးမှာရှိတဲ့ အရာတော်တော်များများမှာ ဆန့်ကျင်ဘက်ပြိုင်ဘက်တွေ အမြဲရှိနေတတ်ပါတယ်။ အချစ်နဲ့အမုန်း၊ နေ့နဲ့ည၊ အလင်းနဲ့ အမှောင်၊ လူကောင်းနဲ့လူဆိုး စသဖြင့် ရှိနေတတ်ပါတယ်။

နေ့ရဲ့တန်ဖိုးဟာ ညကြောင့် မြင့်တက်နေတာပါ။ အကယ်၍ ညဆိုတာ မရှိရင် နေ့ရဲ့တန်ဖိုးကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။ တစ်စုံတစ်ခုရဲ့တန်ဖိုးဟာ အဲဒီအရာ မရှိတဲ့အချိန်မှာ မြင့်တက်သွားတတ်ပါတယ်။ ပျော်ရွှင်မှုဟာ ဘဝအတွက် အရေးကြီးတယ်လို့ ကျွန်တော်တို့ ထင်ကြတယ်။ ဒါဆိုရင် အောက်ဆီဂျင်ရော အရေးမကြီးဘူးလား။ ဒါပေမဲ့ သင် အောက်ဆီဂျင်ကို တကူးတက လိုက်ရှာဖူးလား။ အောက်ဆီဂျင်ကို နေ့တိုင်း ကျေးဇူးတင်ဖူးလား။ အောက်ဆီဂျင်ဟာ အမြဲရနေတဲ့အတွက် သူဟာ တန်ဖိုးရှိသော်ငြားလည်း သင် မေ့လျော့နေတတ်တာ ဖြစ်ပါတယ်။ တစ်နေ့ အသက်ရှူကျပ်တဲ့အချိန်ကျမှ သူ့ရဲ့တန်ဖိုးကို သိပါလိမ့်မယ်။ တစ်နေ့ လေထုတွေ အရမ်းညစ်ညမ်းလာတဲ့အချိန်ကျမှ အောက်ဆီဂျင်ရဲ့တန်ဖိုးကို နားလည်လာကြပါလိမ့်မယ်။ ပျော်ရွှင်မှုဟာ စက္ကန့်တိုင်း သင်နဲ့အတူရှိနေရင် သင် တန်ဖိုးထားပါ့မလား။

တကယ်တော့ ပျော်ရွှင်မှုရဲ့တန်ဖိုးဟာ အခြားနေ့စဉ် စိတ်ညစ်စရာနဲ့ လောကဓံတရားကြောင့် မြင့် တက်နေတာပါ။ ပျော်ရွှင်မှုကို လိုချင်ရင် အဲဒီအချက်ကို အရင်လက်ခံထားရပါမယ်။ လောကဓံဆိုတာ ဘဝရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို အရင်လက်ခံရပါမယ်။ ငါ့ဘဝက ဆိုးလိုက်တာဆိုပြီး ညည်းညူနေရုံနဲ့ သင့်ဆီ ပျော်ရွှင်မှုတွေ ရောက်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ သင်ကိုယ်တိုင် ဖန်တီးယူရမယ့်အရာ ဖြစ်ပါတယ်။ သူတစ်ပါး ပျော်ရွှင်နေတာကိုကြည့်ပြီး အားမငယ်ပါနဲ့။ သင့်မျက်လုံးနဲ့ မြင်သမျှအရာတွေဟာ အမှန်တွေချည်း မဟုတ်ပါဘူး။ ဒီခေတ်ထဲမှာ ပိုဆိုးပါတယ်။ ဖုန်းလေးထုတ်ပြီး Facebook ဖွင့်လိုက်ရင် ပျော်နေကြတဲ့ အတွဲတွေ၊ စားသောက်ဆိုင်ကောင်းတွေသွားပြီး Check in ဝင်ထားသူတွေ၊ ပြုံးပြုံးလေး Selfieရိုက်ပြီး တင်ထားသူတွေ၊ ဖုန်းအသစ်လေး ကြွားသူတွေ စသဖြင့် အများကြီး သင် မြင်ရပါလိမ့်မယ်။

အဲဒီလိုမြင်နေတိုင်း သူတို့တော့ ပျော်ရွှင်ပြီး ငါ တစ်ယောက်တည်း ဝမ်းနည်းနေရပါလားလို့ စိတ်အားမငယ်လိုက်ပါနဲ့။ ဓာတ်ပုံလှလှလေးတွေ မြင်ပြီး ငါတော့ ရုပ်ဆိုးပါလားလို့လည်း အားမငယ်လိုက်ပါနဲ့။ များသောအားဖြင့် ဟန်ဆောင်မျက်နှာဖုံးတွေချည်းပါပဲ။ သူတို့အထီးကျန်နေတယ် ထင်မှာစိုးလို့ သူများ လုပ်တာတွေ လိုက်လုပ်နေသူတွေ အများကြီးပါပဲ။ Effect ပေါင်းစုံထည့်ပြီး ပုံတင်သူတွေ အများကြီးပါပဲ။ အပေါ်ယံ ကြည့်ပြီး မဆုံးဖြတ်လိုက်ပါနဲ့။

Social Media ဟာ မသုံးတတ်ရင် သင့်ကို Depression တောင် ဝင်စေနိုင်ပါတယ်။ ကိုယ့်ပျော်ရွှင်မှုကို ဖျက်ဆီးစေနိုင်တဲ့အရာတွေကို တားတတ်ရပါမယ်။ မိမိ မမြင်ချင်တဲ့အရာတွေကို Unfollow လုပ်ပါ။ မိမိရဲ့ Newsfeed ကို ဗဟုသုတရမယ့်အရာတွေနဲ့ပဲ ပြည့်နှက်နေပါစေ။ မိမိကို စိတ်ချမ်းသာစေမယ့်အရာတွေနဲ့ပဲ ပြည့်နှက်နေပါစေ။ အချိန်တိုင်းမှာ မပျော်ရွှင်နိုင်တာကိုလည်း ဝမ်းမနည်းပါနဲ့။ မပျော်ရွှင်တော့ရင် ပျော်ရွှင်အောင် မိမိစိတ်ကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာကိုသာစဉ်းစားပါ။

အောင်မြင်မှုနှင့်ကျွန်တော့်အမြင်

အောင်မြင်မှုကို ဘယ်လိုသတ်မှတ်လဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် တူကြမှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ Success is a lifestyle ပါ။ အောင်မြင်မှုဆိုတာ နေ့စဉ်ဘဝကို ဘယ်လိုဖြတ်သန်းလဲဆိုတာနဲ့ ထပ်တူကျပါတယ်။ ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါတယ်။ လုပ်နေရတဲ့အချိန်တိုင်းလည်း ပျော်ရွှင်ပါတယ်။ ကျွန်တော် တစ်နေ့ ချမ်းသာချင်မှချမ်းသာမယ်။ နာမည်ကြီးချင်မှ ကြီးမယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်တော့ အောင်မြင်တယ်ပဲ ထင်ပါတယ်။ ကျွန်တော် လုပ်ချင်တာတွေ လုပ်နေရတယ်။ လုပ်ချင်တာတွေ နေ့စဉ်လုပ်နေရတဲ့သူလောက် အောင်မြင်တဲ့သူရှိမယ် မထင်ပါဘူး။

မိမိ ချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်ရင်း နေ့တိုင်း ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါတယ်။ ကျွန်တော် သူတော်ကောင်းကြီး တစ်ယောက် မဟုတ်ပါဘူး။ စိတ်ထားမြင့်မြတ်သူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်ထားတော့ လုံးဝမယုတ်မာပါဘူး။ ဘယ်သူ့ကိုမှ မကောင်းမကြီးပါဘူး။ အများကို ကူညီနိုင်အောင်လည်း အမြဲကြိုးစားပါတယ်။ အဲဒီအတွက် ကျွန်တော့်ဘဝကို ကျွန်တော် ကျေနပ်ပါတယ်။ စက္ကန့်တိုင်းတော့ ကျွန်တော် ပျော်ရွှင်မနေပါဘူး။ လူသားပီပီ စိတ်ညစ်တာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက် ကျွန်တော်အမြဲကြိုးစားခဲ့ပါတယ်။ ကျွန်တော် နောင်တရတဲ့အရာ ခပ်ရှားရှားပါပဲ။

မိမိချစ်မြတ်နိုးတာကိုသာ အမြဲကြိုးစားနေတဲ့အတွက် အောင်မြင်ခြင်းနဲ့ငွေကြေးက သူ့အလိုအလျောက် လိုက်လာပြီးသားဖြစ်ပါတယ်။ အရမ်းချမ်းသာတဲ့အဆင့်မရှိပေမယ့် စားဖို့သောက်ဖို့ စိတ်ပူရတဲ့အဆင့်ထဲတော့ မပါတော့ပါဘူး။ နောင်လည်း အမြဲကြိုးစားနေမှာဖြစ်သလို အမြဲလည်း ပျော််အောင် နေမှာဖြစ်ပါတယ်။ လူဆိုတာ အချိန်တိုင်း သေဆုံးသွားနိုင်ပါတယ်။ ကျွန်တော် အခု ဒီစာရေးနေတဲအချိန်မှာ အသက် ၂၅ ဆိုပေမယ့် ဒီအသက်ရွယ်မှာ သေသွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။

သေခြင်းတရားဟာ အသက်အရွယ်မရွေးပါဘူး။ တစ်နေ့နေ့မှာ ပျော်မယ်လို့ဆုံးဖြတ်ထားရင် သေတဲ့အချိန် နောင်တရပါလိမ့်မယ်။ မိမိရဲ့နေ့စဥ်နေ့တိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ နေ့တိုင်း အကောင်းဆုံးဖြစ်ရင် ၃၆၅ ရက်နဲ့ ဖွဲ့စည်းထားတဲ့ ဒီနှစ်လေးဟာလည်း အောင်မြင်တဲ့နှစ်လေး တစ်နှစ်ဖြစ်ပါလိမ့်မယ်။ နှစ်တိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားရင် အဲ့ဒီနှစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရဲ့ဘဝလေးဟာလည်း အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။

စာရေးဆရာ မိုးရှင်းရေးသားထားသော လက်‌ဆောင် စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

Related Posts