hapeye

ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။

ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။ ဆိုတာ လူတစ်ဦးတစ်ယောက်ဟာ ပေးလို့ရှိရင် တကယ့်စေတနာနဲ့ပေးရင် ငါပေးတယ်၊ ငါပေးတယ်၊ ငါပေးတယ် လို့ ပြောနေစရာ မလိုဘူး။ တစ်ချိန်လုံးလည်း စိတ်ထဲမှာ ဒီလူကို ငါပေးခဲ့တာပဲ။ ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ ထားလို့ရှိရင် တကယ်စစ်မှန်တဲ့ စေတနာ မဟုတ်ဘူး။

စစ်မှန်တဲ့စေတနာနဲ့ ပေးကမ်းစွန့်ကြဲသူဟာ ဒီဟာကို တစ်ချိန်လုံး စိတ်ထဲမှာ မထားဘူး။

ငါပေးပါလား၊ ငါပေးပါလား၊ ငါပေးပါလား။ ဒီအတိုင်းပဲ အခုတိုင်းပြည်အတွက် လူမျိုးအတွက် လုပ်နေတဲ့သူတွေဟာ ငါဟာတိုင်းပြည်အတွက် လုပ်နေပါလား၊ ငါဟာ လူမျိုးအတွက် လုပ်ခွင့်ရတာကို ကျေးဇူးတင်ရမယ်။ ဂုဏ်ယူရမယ်။ လုပ်ခွင့်ရတာကို ကိုယ်က ဝမ်းသာရမယ်။ 
တစ်ချို့က အမြဲပြောတယ်။ လူငယ်အချင်းချင်း ပြိုင်ပြီးတော့ပြောတာ။ အဲ့ဒါဆိုရင်  အန်တီက မကြိုက်ဘူး။ တို့က မတ်လတည်းက ပါလာတာ။ သူက ဇွန်လမှ ပါလာတာ စသဖြင့်ပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက် နှိုင်းပြီးတော့ ပြောကြတယ်။ ဒီလို မပြောသင့်ဘူး။ အားလုံးလုပ်တဲ့သူများဟာ သူ့အချိန် သူ့အခါနဲ့ သူ့နေရာနဲ့ တကယ်ပဲ စိတ်ပါ လက်ပါနဲ့ သတ္တိနဲ့ လုပ်တယ်ဆိုရင် အားလုံးမှာ ဂုဏ်ရှိတာပဲ။

ကိုယ်က လုပ်ခဲ့တာကိုပဲ စဉ်းစားနေရင် ကိုယ်လုပ်ခဲ့တာတွေကိုပဲ ထပ်တလဲလဲ ပြောနေရင် ဒါဟာ စေတနာ မမှန်ဘူး။

အဲ့ဒီတော့ ပေးကမ်းစွန့်ကြဲတဲ့ အခါကျရင် စွန့်ကြဲကြောင်းကို မေ့ထားပြီးတော့ ပေးကမ်းသလို တိုင်းပြည်အတွက် လုပ်ပေးတဲ့ အခါကျရင်လည်း လုပ်ပေးကြောင်းကို မေ့ထားပြီး လုပ်ပေးကြပါ။ လုပ်ပေးနိုင်တဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ကြပါ။ ဂုဏ်ယူကြပါ။ ငါလုပ်ပေးတယ်ဆိုပြီးတော့ မာနမကြီးကြပါနဲ့။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts