hapeye

နံနက်စာမစားဘဲနေခြင်းကြောင့် ခန္ဓာကိုယ်တွင်းဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

“မနက်စာဟာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအစားအစာဖြစ်တယ်လို့ လူသိများကြပေမယ့် လူအများစုက မနက်စာကို သိပ်မစာဖြစ်ကြပါဘူး။ မနက်အိပ်ရာထ နောက်ကျတာကြောင့် မနက်စာလွတ်သွားတာမျိုး၊ တချို့ကလည်း ခန္ဓာကိုယ်အ‌လေးချိန်လျှော့ချလိုတာကြောင့် မနက်စာမစားပဲနေရင် ကယ်လိုရီရရှိမှုနည်းသွားမယ်လို့ ထင်မှတ်ပြီး မနက်စာမစားပဲနေတာမျိုးတွေရှိကြပါတယ်။ ဒီလိုမစားလို့ ကယ်လိုရီရရှိမှုနည်းသွားတာက ယာယီသာဖြစ်ပြီး မနက်စာမစားတာကြောင့် ခန္ဓာကိုယ်အတွင်းမှာ ဖော်ပြပါ ဆိုးကျိုးတွေများစွာ ရရှိနိုင်ပါတယ်။”


နှလုံးကျန်းမာရေးအတွက် ဆိုးကျိုးရရှိနိုင်ခြင်း


ဂျာမားမှ ‌လေ့လာမှုတစ်ခုအရ မနက်စာကို ရှောင်ကြတဲ့ အမျိုးသားတွေက မနက်စာပုံမှန် စားသုံးတဲ့အမျိုးသားတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၂၇ ရခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကို စားသုံးတာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေကို အမှန်တစ်ကယ် လျှော့ချနိုင်တယ်လို့လည်း ထုတ်ဖော်ထားပါတယ်။ မနက်စာကို မစားဘဲနေလေ့ရှိသူတွေက သွေးဖိအားမြင့်တက်လာပြီး သွေးကြောအတွင်းပိတ်ဆို့မှုတွေလည်း ဖြစ်နိုင်ခြေများလာပါတယ်။

ဒီလိုဖြစ်တဲ့အတွက် လေဖြတ်တာအပါအဝင် နာတာရှည်နှလုံးသွေးကြောရောဂါတွေပါ အဖြစ်များလာနိုင်တယ်။


အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်မားလာခြင်း


ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွင်းက ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက် သကြားက အဓိကလောင်စာပါ။ သကြားကို ကျွန်မတို့စားနေတဲ့ အစားအစာကနေရရှိပါတယ်။ စားလိုက်တဲ့အစားအစာတွေကို ခန္ဓာကိုယ်က သကြားနဲ့အဆီအဖြစ် ဖြိုခွဲပါတယ်။ အစာမစားပဲ (အထူးသဖြင့် မနက်စာ) နေတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ်ကျဆင်းနိုင်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားလာပါတယ်။

ဟားဗတ်စ်လူထုကျန်းမာရေးပညာပေးတက္ကသိုလ်မှ လေ့လာမှုအရ စားသောက်မှုပုံစံနဲ့ ကျန်းမာရေးဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့က အမျိုးသမီးပေါင်း ၄၆၂၈၉ ယောက်ကို ခြောက်နှစ်တာ လေ့လာမှုအရ မနက်စာကို မစားဘဲနေတဲ့အမျိုးသမီးတွေက မနက်စာနေ့စဉ်စာသုံးသူတွေထက် အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားတာကို တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ရုံးအလုပ်လုပ်ရတဲ့အမျိုးသမီးတွေက မနက်စာကို မစားပဲနေခဲ့ရင် အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နိုင်ခြေက ၅၄ ရာနှုန်းအထိ ပိုမြင့်မားနိုင်တယ်လို့ ထုတ်ဖော်ထားပါတယ်။


ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်မားခြင်း


မနက်စာမစားသုံးပဲနေတာကြောင့် တစ်နေ့တာလုံးအတွက် အစာတွေတရစပ်စားသုံးမိပြီး အဝလွန်ရောဂါဖြစ်လာနိုင်ပါတယ်။ ဗြိတိန်မှ ကင်ဆာ သုတေသီတွေရဲ့ အဆိုအရ အဝလွန်သူတွေက ကင်ဆာဖြစ်နိုင်ခြေမြင့်မားတယ်လို့ သိရပါတယ်။


ကိုယ်အလေးအချိန်မြင့်တက်လာနိုင်ခြင်း


သင့်အနေနဲ့ ကိုယ်အလေးချိန်ကျဆင်းဖို့ကို စီမံချက်ထားပြီး မနက်စာမစားဘဲ နေ့ခဲ့တယ်ဆိုရင် ဒုတိယအကြိမ် ပြန်စဉ်းစားသင့်နေပါပြီ။ ခန္ဓာကိုယ်က သူအသက်ရှင်ဖို့အတွက် လိုအပ်တဲ့အာဟာရတွေကိုမရရှိနိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ လိုအပ်ရင်စွမ်းအင်အဖြစ် အသုံးပြုနိုင်ဖို့ ခန္ဓာကိုယ်အတွင်းမှာ အဆီတွေကို စုဆောင်းမှုပြုလုပ်လာပါတယ်။ အစာမစားတဲ့အတွက် ကိုယ်တွင်းကကယ်လိုရီတွေ လောင်ကျွမ်းမယ်လို့ သင်ထင်

နေတာမှားနေပါတယ်။ လေ့လာမှု အများအပြားအရ မနက်စာ မစားဘဲနေသူတွေက ကိုယ်အလေးချိန် ကျဆင်းမလာပဲ အဝလွန်ရောဂါဖြစ်တက်တယ်လို့ သိရပါတယ်။ မနက်စာ မစားသုံးတာကြောင့် စာကျန်စားသုံးတဲ့ အချိန်တွေမှာ အချိုစာနဲ့ အဆီစာတွေကိုပဲ စားချင်စိတ်ဖြစ်ပေါ်လာပါတယ်။ အဆာလွန်တဲ့အတွက်ကြောင့်လည်း

စားသုံးတဲ့ အစားအစာရဲ့ အရေအတွက်နဲ့ အရည်အသွေးတွေကို လျစ်လျူရှုထားမိတက်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးသင့်တဲ့ ကယ်လိုရီထက် ပိုမိုစားမိသွားတာကြောင့် အလေးချိန်မြင့်တက်ရတာဖြစ်ပါတယ်။


ရေအလေးချိန်သာ လျော့ကျသွားပြီး အဆီလျော့ကျမှုမရှိခြင်း


ခန္ဓာကိုယ်အတွင်း အဆီတွေ လျော့ကျဖို့အတွက် ကာယလုပ်ရှားမှုတစ်မျိုးတည်းသာ စွမ်းဆောင်နိုင်ပါတယ်။ အစာမစားပဲနေတာကြောင့် ခန္ဓာကိုယ်အတွင်း ရေတွေသာ လျော့ကျသွားနိုင်ပါတယ်။ လိုအပ်တဲ့အချိန်တွေမှာ အစာမစားလိုက်တဲ့အတွက် ခန္ဓာကိုယ်အတွင်း အဆီစုဆောင်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။


ဦးနှောက်အပေါ် သက်ရောက်မှုရှိခြင်း


ခန္ဓာကိုယ်က တစ်ခုခုကိုတုံ့ပြန်ဖို့နဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်း ဒိုပါမင်းကို

ဦးနှောက်ကထုတ်လုပ်နိုင်ဖို့အတွက်လောင်ကျွမ်းစာ လိုအပ်ပါတယ်။ သင့်အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာကို စားသုံးမယ်ဆိုရင် သင်ရဲ့ ဒိုပါမင်းအဆင့်ဟာလည်း ကောင်းမွန်နိုင်ပါတယ်။ တစ်နေ့တာလုံးမှာ အချိုစားချင်စိတ်နဲ့ လွန်လွန်ကျူးကျူးစားချင်စိတ်တွေ မပေါ်ပေါက်တော့ပါဘူး။ သင့်ခန္ဓာကိုယ်က စွမ်းအင်ဂလူးကို့စ် လိုအပ်နေမယ်ဆိုရင် ခန္ဓာကိုယ်က အချိုတည်းချင်စိတ်တွေ၊ လွန်လွန်ကျူးကျူး စားချင်စိတ်တွေ ပေါ်ပေါက်လာမှာပါ။


စိတ်ခံစားမှုနှင့် စွမ်းအင်အဆင့်များ ကျဆင်းနိုင်ခြင်း


မကြာခဏ အစာနပ်ရှောင်တာက ကိုယ်တွင်းက ဇီဝရုပ်ဖြစ်စဉ်ကို နှေးကွေးနိုင်ပါတယ်။ ဒီလိုဖြစ်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။ သင့်အနေနဲ့ နံနက်စာ၊ နေ့လယ်စာ ဒါမှမဟုတ် ညနေစာကို မစားဘဲ

များများရှောင်လေလေ၊ သင့်ခန္ဓာကိုယ်အတွင်း ကော်တီစောအဆင့်တွေမြင့်တက်ပြီး စိတ်ဖိစီးမှုတွေ များလေလေပါ။ စိတ်ဖိစီးမှုများတာကြောင့် ဖျော်ရည်အေးအေးသောက်ချင်တာ၊၊ ရေခဲမုန့် စားချင်တာ၊ အရက်သောက်ချင်တာ၊ ဆေးလိပ်သောက်ချင်တာ မျိုးတွေ ဖြစ်ပေါ်လာတဲ့အတွက် ကျန်းမာရေးအတွက် ဆိုးကျိုး

ရရှိနိုင်ပါတယ်။

ဗြိတိန်နိုင်ငံမှ သုတေသီတွေကက ကျန်းမာရေးကောင်းမွန်တဲ့လူပေါင်း ၁၄၄ ယောက်ကို တစ်ညလုံး အစာငတ်ခံထားပြီးနေစေကာ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအုပ်စု သုံးစုခွဲပြီး တစ်စုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကျွေးပါတယ်။နောက်တစ်စုကို ကော်ဖီတစ်မျိုး တည်းသာ တိုက်ထားပြီး ကျန်တစ်စုကိုတော့

မနက်စာအနေနဲ့ ဘာမှကျွေးမထားဘဲ စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ မနက်စာမစားဘဲနေရသူတွေက မှတ်ဉာဏ်စွမ်း

အင် အကျဆင်းဆုံးနဲ့ ပင်ပန်းနွမ်းနယ်မှုအမြင့်မားဆုံးဖြစ်နေတယ်လို့ တွေ့ရပါတယ်။ကျန်အုပ်စုနှစ်စုမှာတော့ သိသိသာသာ ခြားနားချက်မရှိဘူးလို့ ဆိုပါတယ်။


ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရနိုင်ခြင်း


ခန္ဓာကိုယ်ရဲ့ သွေးထဲမှာ သကြားအဆင့်တွေ ကျဆင်းနေရင် ဆေးပညာအခေါ်အဝေါ်အရ ဟိုက်ပိုဂလိုက်စီးမီးယား လို့ခေါ်ပါတယ်။ အစာစားဘဲ နပ်ရှောင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းလာပြီး အဲဒါကို တုံပြန်တဲ့

အနေနဲ့ခန္ဓာကိုယ်ကနေ ဟောမုန်းတွေ ထွက်လာပါတယ်။ ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် သွေးဖိအားတွေ မြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေဖြစ်လာပါတယ်။ အထူး သဖြင့်ညပိုင်း ၈ နာရီကစပြီး မနက် ၈  နာရီအထိ(၁၂ နာရီလောက်) အစာမစားဘဲ နေပြီးမနက် ၈ နာရီရောက်ရင်

တောင်မှ မနက်စာမစားတဲ့သူတွေမှာ ခေါင်းကိုက်ဝေဒနာခံစားရနိုင်ခြေမြင့်မားပါတယ်။


ဆံပင်ကျွတ်နိုင်ခြင်း


မနက်စာ မစားဘဲ နေတာရဲ အဓိက ဆိုးကျိုးက ဆံပင်ကျတ်တာပဲဖြစ်ပါတယ်။ ပရိုတင်းရရှိမှုနည်းတဲ့အတွက် ဆံသားသန်မာဖို့ လိုအပ်တဲ့ ကရာတင်တွေ မရရှိတော့တာကြောင့်ပါ။ မနက်စာ စားသုံးတာက ဆံပင်မွေးညင်းပေါက်တွေ သန်မာဖို့ အတွက် အရေးကြီးတဲ့အစားအစာနပ်တစ်ခုဖြစ်တယ်။ ဆံပင်သန်မာပြီး

မကျွတ်စေချင်ရင် ပရိုတင်းပေါကြွယ်ဝတဲ့ မနက်စာကို စားသုံးပါ။


ဇီဝရုပ်ဖြစ်ပျက်နှုန်းပေါ်တွင် သက်ရောက်မှုရှိနိုင်ခြင်း


မော်တော်ကားမောင်းနိုင်ဖို့အတွက် လောင်စာလိုအပ်သလိုမျိုးပဲ သင့်ရဲ့ဇီဝရုပ်ဖြစ်စဉ် စတင်အလုပ်လုပ်ဖို့အတွက်

မနက်စာစားဖို့လိုအပ်ပါတယ်။ လေ့လာမှု အများအပြားအရ မနက်စာမစားသုံးသူတွေက နားနေစဉ်မှာတောင်မှ ဇီဝရုပ်ဖြစ်ပျက်နှုန်း မြန်ဆန်နိုင်တယ်လို့သိရပါတယ်။


ဝမ်းချုပ်ခြင်း


အစာကို လုံလုံလောက်လောက် မစားတာကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ သင်ဟာ အစာတစ်နပ်ကို ပုံမှန်လျှော့စားနေရင် သင့်ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေ လုံလုံလောက်လောက် မရရှိတော့တာကြောင့် ဝမ်းချုပ်နိုင်ပါတယ်။


အရေပြားနဲ့ ဆံသားထိခိုက်နိုင်ခြင်း


ကျွန်မတို့ရဲ့ အရေပြားနဲ့ ဆံသားတွေ တောက်ပလင်းလက်နေဖို့အတွက် အာဟာရဓာတ်တွေလိုအပ်ပါတယ်။ အာဟာရချို့တဲ့တာကြောင့် အရေပြား ခြောက်သွေ့ပြီး ညစ်ထပ်ထပ်ဖြစ်နိုင်သလို ဆံသားကလည်း ကျိုးလွယ်၊ ကျွတ်လွယ်ပါတယ်။

အစားအစာဟာ ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။အစာနပ်ရှောင်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို တိုက်ရိုက်စိန်ခေါ်နေတာပါ။ သင် ကိုယ်အလေးချိန်ကျဆင်းလိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့

အစာကို ပုံမှန်အတိုင်း စားသုံးပေးရပါမယ်။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts