ပုလဲသီ၏ ရပ်တည်မှု

ဆေးစက်ကျရာ (ဇာတ်သိမ်းပိုင်း)

ဆေးစက်ကျရာ – အပိုင်း (၁) ကို ဖတ်ရှုလိုပါလျှင် အောက်ဖော်ပြပါ link မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://hapeye.net/archives/6847

ဆေးစက်ကျရာ – အပိုင်း (၂) ကို ဖတ်ရှုလိုပါလျှင် အောက်ဖော်ပြပါ link မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://hapeye.net/archives/6856

ဆေးစက်ကျရာ – အပိုင်း (၃) ကို ဖတ်ရှုလိုပါလျှင် အောက်ဖော်ပြပါ link မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://hapeye.net/archives/6881

ပုလဲသီ၏ ရပ်တည်မှု

သီသည် အလွန် စိတ်ကူးယဉ်လှသူတည်း။ …

အားလုံးက ဒီလိုပဲကောက်ချက်ချရလောက်အောင် သိမ့် အိမ်ထောင်ပြုမှုက သာမန်ဆန်ခဲ့လေသည်။ အထူးသဖြင့် သီကို မီနှင့် နှိုင်းယှဉ်ပြောကြ၏။ သို့သော် သီကတော့ ဘယ်သူဘာပြောပြော အပြုံးမပျက်ခဲ့ချေ။သီ ပြုံးနိုင်ခဲ့သည့်အကြောင်းကို သီကိုယ်တိုင်သာ သိလေသည်။

သီသည် ကိုယ့်ဘဝ မြင့်မားလာရန် မျှော်ကိုးလျက် ဘယ်တော့မှ အိမ်ထောင်မပြုဟု ဆုံးဖြတ်ခဲ့သူဖြစ်သည်။

သီ့ဘဝမှာ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်နှစ်ခု ရှိခဲ့၏။ သီသည် ကိုယ့်ဘဝ မြင့်မားလာလိမ့်မည်ဟူသော မျှော်ကိုးချက်ဖြင့် ဘယ်တော့မှ အိမ်ထောင်ပြုလိမ့်မည် မဟုတ်ချေ …။ သီ့ဖြစ်တည်မှုကို ပျောက်ဆုံးခံပြီးတော့လည်း အိမ်ထောင်ရေးကို တည်ဆောက်လိမ့်မည်မဟုတ်ပေ။ သီသည် ဒိုးတူပေါင်ဖက် အိမ်ထောင်ရေးကိုသာ လိုလားသူတည်း။

သီ လက်ထပ်သော သူသည် ခုချိန်မှာ ဘာမှမဟုတ်သေးသည့် လူတစ်ယောက်ဖြစ်ခဲ့လျှင်လည်း သီတို့ အတူတိုက်၊ အတူရုန်းကန်၊ အတူတက်ကြမည်။ အနိမ့်တစ်နေရာမှာ အတူ ရုန်းကန်ခဲ့ရလျှင် အမြင့်တစ်နေရာမှာ အတူစံစားဖို့ နှစ်ဦးစလုံး လိပ်ပြာလုံနိုင်ကြမည်။ သီ့ ခွန်အားမပါခဲ့သော ရွှေဘုံရွှေနန်းတစ်ခုပေါ်ကို ခုန်တက်စံစားသွားဖို့ရာတော့ သီ လိပ်ပြာမလုံပေ။ ပြီးတော့ ရွှေဘုံနန်းပေါ်ကနေ စီးမိုးပြီး ကြည့်နေကြမည့် အမျိုးမျိုးသော အဓိပ္ပာယ်ဆောင်သည့် အကြည့်တွေကိုလည်း သီ မခံလိုပေ။ ထိုရွှေဘုံနန်းပေါ်မှာ သီ့ဖြစ်တည်မှုတွေကိုလည်း မစတေးနိုင်ပေ … ။ သီနဲ့ မောင်သည် ဘဝတစ်ခုကို အတူတည်ဆောက်ကြမည်ဖြစ်သော်လည်း တစ်ဦးချင်းစီရဲ့ ဖြစ်တည်မှုကို မထိပါးကြေးဟု ကတိထားခဲ့ကြသည်။

မောင်က ခင်ပွန်း၊ သီက ဇနီးဖြစ်သည်။ သို့သော် မောင်က မောင်၊ သီက သီဖြစ်သည်။ မောင့် ခံယူချက်၊ မောင့် ရပ်တည်မှုတွေကို သီ ပြောင်းလဲပစ်လို့ မရသလို သီ့ယုံကြည်ချက် သီ့ရပ်တည်မှုကိုလည်း မောင် ပြောင်းလဲပစ်လို့ မရပေ။ ပန်းချီ ဆရာမကလေးအဖြစ် ရပ်တည်နေသော သီရဲ့ ရပ်တည်မှုကို မောင် ထိပါးခွင့်မရှိသလို မောင့်ရပ်တည်ချက်၊ မောင့်အလုပ်အကိုင်ကိုလည်း သီ ထိပါးခွင့်မရှိချေ။ တစ်ယောက်ရဲ့ ရပ်တည်မှုကို တစ်ယောက်က လေးစားပြီး အတတ်နိုင်ဆုံး ပါရမီဖြည့်ပေးမှသာ ပျော်ရွှင်သော အိမ်ထောင်သည်ဘဝကို ရမည်ဟု သီတော့ ထင်မိ၏။

မောင်သည် သီ့ ပန်းချီအကြောင်း နားမလည်လှသော်လည်း သီ့အတွက် လိုအပ်မည်ထင်သော ပန်းချီပစ္စည်းများ၊ စာအုပ်စာတမ်းများ၊ ခွေများကို ဝယ်လာလေ့ရှိသည်။ သီသွားလိုသော ပန်းချီပြပွဲများသို့ လိုက်ပါပို့ဆောင်လေ့ရှိသည်။ သီ လေးစားသော ပန်းချီဆရာကြီးများကို သီနှင့်အတူ လိုက်ပါ ဂါရဝပြုလေ့ရှိ၏။ သီ ပန်းချီဆွဲနေချိန်များမှာ သီ့ကို အနှောင့်အယှက်မပေးဘဲ အတတ်နိုင်ဆုံး သီ အနှောင့်အယှက်ကင်းကင်း ပန်းချီဆွဲနိုင်အောင် အလိုက်တသိ နေလေ့ရှိ၏။ ထမင်းစားချိန်တန်လို့ ထမင်း ထမစားလျှင် သီ့အနားသို့ ထမင်းပန်းကန် သို့မဟုတ် စားသောက်စရာ ပန်းကန်များကို တိတ်ဆိတ်စွာ လာချပေးသွားတတ်၏။ သီ့နေရာလေး အေးနေလျှင် နွေးလာစေဖို့၊ သီ့နေရာလေး ပူအိုက်နေလျှင် အေးမြသွားစေဖို့ အမြဲအာရုံထား သတိရှိတတ်သူပင်တည်း … ။

ဤသို့ဖြင့် …

စိတ်အာရုံ ရှင်းလင်းကြည်လင်စွာ အနှောင့်အယှက် ကင်းစွာ လွတ်လပ်စွာရပ်တည်ခွင့်ရခဲ့သော ပန်းချီဆရာမကလေးသည် မကြာမီမှာပင် တစ်ကိုယ်တော် ပန်းချီပြပွဲတစ်ခု လုပ်နိုင်ခဲ့၏။ သီ့ပန်းချီကားပေါင်းများစွာ ရောင်းရ၏။ မကြာမီမှာပင် စင်ကာပူတွင် လုပ်မည့် ပန်းချီပြပွဲတစ်ခုတွင် သီ့ပန်းချီကားများ ပါဝင်ပြသခွင့် ရလေသည်။

မောင်သည် သီ့ရဲ့ “ပန်းချီဆရာမလေး”ဟူသော ဖြစ်တည်မှုကို တန်ဖိုးထား၏။ သီ့ယောက္ခမများက “ပန်းချီ ဆရာမ ပုလဲသီဟာ ငါတို့ချွေးမ”ဟု ဂုဏ်ယူကြ၏။ သီ ရသော ငွေကြေးဖြင့် မောင့်မိဘများကိုပါ ကန်တော့ခွင့်ရ၏။ မောင်က “သီ့အောင်မြင်မှုအတွက်” ဟုဆိုကာ သူ့ အလုပ်မှရသော ငွေကို ခြစ်ကုပ်စုဆောင်းလျက် သီ့အတွက် စိန်လက်စွပ်ကလေး တစ်ကွင်း လက်ဆောင်ပေးသည်။ သူ့ ဇနီးဟာ ပန်းချီဆရာမလေး ပုလဲသီ … ရယ်လို့ မောင်က အလွန်ဂုဏ်ယူသူဖြစ်လေသည်။ ဒီလို ဇနီးဘဝလောက် ပျော်စရာကောင်းတာ ဘယ်မှာရှိတော့မည်နည်း … ။ အတူရှာသော ပိုက်ဆံဖြင့် ချက်သော ထမင်းကို အတူစားရသော အရသာ၊ အတူရှာသော ငွေဖြင့် ဝယ်သော အိမ်ကလေးတွင် အတူနေရသော အရသာ၊ အတူ စုဆောင်းထားသော ငွေဖြင့် ဝယ်သည့် ကားကလေးကို အတူ စီးသွားခွင့်ရသော အရသာလောက် ကောင်းတာ ဘယ်မှာရှိတော့မည်နည်း။

သီသည် ကင်းဗတ်စပေါ်တွင် တစ်စုံတစ်ရာအရေး ပါဆဲဖြစ်သော ဆေးစက်ကလေး တစ်စက် ဖြစ်၏။

မောင်သည် သူ့ဘာသာ သီးသီးသန့်သန့် တည်ရှိနေသော သမုဒ္ဒရာတစ်စင်း ဖြစ်၏။

သီသည် ဆေးတစ်စက်အဖြစ် တန်ဖိုးရှိစွာ အရေးပါရင်း ၊ သီ့ နံဘေးက သမုဒ္ဒရာရဲ့ အငွေ့အသက်ကိုလည်း လတ် ဆတ်အေးမြစွာ ခံစားနိုင်လေသည်။

မီသည် “မီက အိမ်ထောင်ရေး ကံကောင်းလိုက်တာနော်” ဟူသည့် အားကျစကားများကို ကြားရတိုင်း မချိတရိလေး ပြုံးနေတတ်သူ ဖြစ်လာသည်။

သီသည် “သီ့ဘဝက ပင်ပန်းလိုက်တာကွယ်” ဟူသော ကရုဏာစကားများကို ကြားသော်လည်း ဂုဏ်ယူစွာ ပြုံးတတ်သူ ဖြစ်လာသည်။

ဘယ်သူ ဘယ်လိုပဲထင်ထင်ထင် ကိုယ့်အိမ်ထောင်ရေး အကြောင်းတော့ ကိုယ်သာအသိဆုံး ဖြစ်လေသည်။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

Related Posts