ဆားနဲ့ဆောက်တဲ့ဟိုတယ် (Salt Hotel Bolivia)

ဆားနဲ့ဆောက်တဲ့ဟိုတယ်:ရုတ်တရက်ကြည့်မယ်ဆိုရင် မျက်စိတစ်ဆုံးရှိ ပြာပြာလွင်လွင် ပင်လယ်ကမ်းစပ်မှာ နှင်းဖြူဖြူတွေ ဝိုင်းရံနေသလို ထင်ရပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဖြူရောင် တွေဟာ ဆားတွေဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံက ဆားအကြီးအကျယ်ထုတ်လုပ်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ဆားတန်ချိန်ပေါင်း သန်းပေါင်းများစွာ ထွက်ရှိတာကြောင့် နာမည် ကျော်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ Salar de Uyuni ဒေသရဲ့ ထူးဆန်းပုံကတော့ ဟိုတယ်ကိုတောင် ဆားတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ဘယ်လိုများ ဆားတွေနဲ့ ဆောက်ထားတာလဲ ဆိုတော့ ဟိုတယ်ရဲ့ အမိုး၊ နံရံ၊ ကြမ်းပြင်၊ စားပွဲ ၊ ဘား၊ ကုလားထိုင် များသာမက အိပ်ရာကုတင်ကိုတောင် ဆားကို ဘလောက်တုံးလို အတုံးတွေပြုလုပ်ပြီး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဟိုတယ် ပတ်ဝန်းကျင် ဆားတွင်းအနီးနားမှာရှိတဲ့ ရေပူစမ်းများ၊ မီးတောင်များ၊ လှပကြီးမားတဲ့ ကန္တာရ ရှားစောင်းပင်များ၊ ကြိုးကြာနီများဟာ ဘိုလီးဗီးယား နိုင်ငံရဲ့ ထင်ရှားတဲ့နေရာ တစ်ခုအဖြစ် ခရီးသွားဧည့်သည်များကို ဆွဲဆောင်လို့ နေပါတယ်။ ဒါကြောင့်လည်း ဆားတွင်းအနီး လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေ တည်းခိုဖို့အတွက် ဆားပင်လယ်ကြီးရဲ့အလယ်မှာ ဟိုတယ်ကို ဆားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဆုံးစွန် အိမ်သာကိုတောင် ဆားနဲ့လုပ်ထားပါသတဲ့လေ

ဆားတွေနဲ့ ဆောက်ထားတဲ့ ဟိုတယ်ကို ၁၉၉၃ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်က တစ်ခုတည်းသော ဆားတုံးတွေနဲ့ ဆောက်တဲ့ဟိုတယ်လည်း ဖြစ်ပါတယ်။ ဟိုတယ်မှာ အိပ်ခန်းပေါင်း ၁၅ ခန်းပါဝင်ပြီး ဧည့်ခန်း၊ စားသောက်ခန်း၊ ဘား၊ စသည်တို့ ပါဝင်ပါတယ်။ ဟိုတယ်နံရံဟာ ဆားတုံးကြီးတွေ တစ်ခုနဲ့ တစ်ခုကြားမှာတော့ ဆားကို ရေနဲ့ ရောစပ်ပြီး အုတ်တစ်ချပ်နဲ့ တစ်ချပ်ကြားက ကွန်ကရိနဲ့ ဆက်စပ်ထားသည့်သဖွယ် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။မိုးရာသီအချိန်မှာတော့ ဆားနံရံတွေ အရည်ပျော်မှာစိုးတဲ့အတွက် နောက်ထပ် ဆားဘလောက်တုံး အသစ်တွေ လဲလှယ်တယ်လို့ ဆိုပါတယ်။ ဟိုတယ် ကြံ့ခိုင်မှု ရှိဖို့အတွက် ဟိုတယ်ထဲ လာရောက် တည်းခိုသူများကို အထူး ချမှတ်ထားတဲ့ စည်းကမ်းချက်ကတော့ ဟိုတယ်နံရံတွေ ၊ စားပွဲတွေကို လျှာနဲ့ မလျက်ဖို့လို့ ဆိုပါတယ်။ ဘယ်သူကများလျှာနဲ့ လျှက်ပါ့မလဲ လို့ တွေးစရာပါ။

သုတ

openmoreonline

(အစိမ်းရောင်လွင်ပြင်) မှ ကူးယူဖော်ပြပါသည်။

Related Posts