ဆော့ခရတ္တိ၏ စောင့်စည်းမှု သံယမ အယူအဆ (အပိုင်း - ၄)

ဆော့ခရတ္တိ၏ စောင့်စည်းမှု သံယမ အယူအဆ (အပိုင်း – ၄)

စာပိုဒ် ၁၆

ထိုအခါ ကျွန်ုပ်က ကောင်းလေစွ၊ အသင် လက်ခံသည်ဖြစ်လျှင် ကျွန်ုပ် မေးခဲ့သောမေးခွန်းကို ကျွန်ုပ် ထပ်၍ မေးပါဦးမည်။ လက်မှုပညာသည်တိုင်းသည် အရာတစ်ခုခုကို ပြုတတ်သည်ဟု ဆိုခဲ့ကြပြီ။ ထိုအဆိုကို အသင် ကြိုက်ပါသလော။

ကြိုက်ပါသည်။

ကောင်းပြီ။ အရာတစ်ခုခုကို ပြုရာတွင် လက်မှုပညာသည်တို့သည် မိမိတို့အတွက်သာ ပြုကြသလော၊ သူတစ်ပါးအတွက်ကော မပြုကြပြီလော။

သူတစ်ပါးအတွက်သာ ပြုကြပါသည်။

မိမိတို့ အကျိုးသက်သက်အတွက် မပြုကြသော လက်မှုပညာသည်တို့သည် သံယမ ရှိကြ၏ဟု အသင် ဆိုမည်လော။

အဘယ်ကြောင့် မဆိုဘဲ နေရမည်နည်း။ ရှိကြ၏ဟု ဆိုရပါမည်ပါ့။

မဆိုထိုက်ဟု ကျွန်ုပ်က ကန့်ကွက်နေသည် မဟုတ်ပါ။ ကျွန်ုပ်လည်း ထိုသို့ပင် ဆိုမည် ဖြစ်သည်။ သို့ရာတွင် သံယမဟူသည် ကိုယ့်ကိစ္စကိုသာ ပြုခြင်းဖြစ်၏ဟူသော စကားကို လက်ခံပြီးမှ သူတစ်ပါးအတွက်ပါ ပြုကြသော လက်မှုပညာသည်များ၌လည်း သံယမရှိ၏ဟု ဆိုခဲ့သော သူအဖို့မှာ စကား ရှေ့နောက်မညီ ဖြစ်နေပြီ မဟုတ်ပါလော။

ထိုအခါ ခရိတိအက ဆိုသည်မှာ အချင်း ဆော့ခရတ္တိ၊ သူတစ်ပါးအတွက် ပြုကြသောသူတို့သည် သံယမရှိသူများ ဖြစ်ကြ၏ဟု ကျွန်ုပ်ဆိုခဲ့ပါသလော။ အရာတစ်ခုခု ပြုသော သူတို့အတွက်သာလျှင် ကျွန်ုပ် ဆိုခဲ့ခြင်းဖြစ်သည်။

အချင်းခရိတိအ၊ အရာတစ်ခုခုပြုခြင်းသည် ကိစ္စတစ်ခုခု ပြုခြင်းနှင့်တူ၏ဟု မဆိုနိုင်ပြီလော။

မဆိုနိုင်ပါ။ အရာတစ်ခုခု ပြုခြင်းသည် ကိစ္စတစ်ခုခု ပြုခြင်းနှင့်သာမက အလုပ်လုပ်ခြင်းနှင့်လည်း မတူပါ။ မတူကြောင်းကို ‘အလုပ်ဟူသမျှ ရှုတ်ချအပ်သည် မဟုတ်’ ဟု ဆိုမိန့်ခဲ့သော စာဆိုကဝိ ဟိဆိအော့၏ စကားကို ထောက်၍ သိနိုင်သည်။ အကယ်၍ အလုပ်လုပ်သည်ဟူသော စကားကိုလည်းကောင်း၊ ကိစ္စတစ်ခုခုကို ပြုသည်ဟူသော စကားကိုလည်းကောင်း အသင်အထက်ကဆိုခဲ့သော လက်မှုပညာလုပ်ငန်းအကြောင်းနှင့် စပ်လျဉ်း၍ ဟိဆိအော့က သုံးစွဲခဲ့သည်ဖြစ်လျှင် ဖိနပ်ချုပ်ခြင်း၊ ချဉ်ဖတ်ရောင်းခြင်း၊ မိန်းမသွမ်းလုပ်ခြင်းတို့သည် ရှုတ်ချအပ်သည် မဟုတ်ဟု ဟိဆိအော့က ဆိုခဲ့မည် ဖြစ်သည်။ ဆော့ခရတ္တိ၊ ထိုသို့ကား မယူဆသင့်ပါ။ ကျွန်ုပ် တွေးမိသမျှ ဆိုရမည်ဖြစ်လျှင် ဟိဆိအော့၏ ဆိုလိုရင်းသဘောသည် ဤသို့ ဖြစ်နိုင်သည်။ အရာတစ်ခုခု ပြုခြင်းသည်ကိစ္စတစ်ခုခုကို ပြုခြင်းလည်း မဟုတ်။ အလုပ်လုပ်ခြင်းလည်း မဟုတ်။ အရာတစ်ခုခု ပြုခြင်း၌ ကောင်းသောသဘောမပါလျှင် ရှုတ်ချစရာဖြစ်နိုင်သည်။ အလုပ်ကိုကား မည်သည့်အခါမှာမှ ရှုတ်ချနိုင်သည် မဟုတ်။ ဤသို့လျှင် ဟိဆိအော့၏ ဆိုလိုရင်းသဘောကို ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လေးစားထိုက်အောင်၊ အကျိုးရှိအောင် အရာတစ်ခုခု ပြုခြင်းကိုသာ အလုပ်လုပ်ခြင်းဟူ၍လည်းကောင်း၊ ကိစ္စတစ်ခုခု ပြုခြင်းဟူ၍လည်းကောင်း ဟိဆိအော့ ခေါ်ဝေါ်သုံးစွဲခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် လေးစားထိုက်အောင်၊ အကျိုးရှိအောင် ပြုသည်တို့ကိုသာ လောကလူမှုနှင့်လျော်သော ကိုယ့်ကိစ္စဟူ၍လည်းကောင်း၊ လူ့လောက ပျက်စီးအောင် ပြုသည်တို့ကိုကား ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုခြင်းဟူ၍လည်းကောင်း ဟိဆိအော့က ဆိုခဲ့သည်ဟု ကောက်ယူအပ်သောကြောင့်လည်း ဖြစ်သည်။ ကိုယ့်ကိစ္စကိုသာ ပြုသောသူသည် သံယမရှိသူ ဖြစ်၏ဟု ဟိဆိအော့က လည်းကောင်း၊ အခြားသော ပညာရှိက လည်းကောင်း ဆိုခဲ့ခြင်းသည် ထိုသဘောမျိုးဖြင့် ဆိုခဲ့ခြင်းသာဖြစ်၏ဟု ကောက်ကြရလိမ့်မည်။ ဤသို့လျှင် ခရိတိအက ဖွင့်ဆိုပါသည်။

စာပိုဒ် ၁၇

ထိုအခါ ကျွန်ုပ်က ဖြစ်မှ ဖြစ်ရလေ ခရိတိအ၊ အသင့်ပါးစပ်ကို ဟလိုက်ကတည်းက ‘မည်သည့်စကားတွေကို အသင် တသီတတန်းကြီး လျှောက်၍ ပြောတော့မည်ကို ကျွန်ုပ် သိပြီးဖြစ်ပါ၏။ လောကလူမှုနှင့် လျော်သည်ကိုသာ ကိုယ့်ကိစ္စဟုလည်းကောင်း၊ ကိုယ့်ကိစ္စကိုသာလျှင် အကောင်းဟုလည်းကောင်း၊ အကောင်းပြုခြင်းကိုသာလျှင် အရာတစ်ခုခု ပြုခြင်းဟုလည်းကောင်း အသင်ဋ္ဋီကာ ဖွင့်တော့မည်ဧကန်ဟု ကျွန်ုပ်သိပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နာမပညတ်များနှင့် စပ်လျဉ်း၍ မိုးမဆုံးမြေမဆုံး ခွဲခြမ်းစိတ်ဖြာ၍ စိတ်မောစရာ ဖွင့်ဆိုလေ့ရှိသော ဆိုဖီဆရာကြီး ပရောဒိက၏ ဝိဂြိုဟ်ဝစနတ္ထရာနာနာနယတို့ကို ကျွန်ုပ်သိထားသောကြောင့် ဖြစ်သည်။ ရှိပါစေတော့ အချင်းခရိတိအ၊ ဆိုလိုရင်းသဘောကိုသာ ကျွန်ုပ်သိအောင် အသင်ပြုနိုင်မည်ဖြစ်လျှင် နာမပညတ်ဝိဂြိုဟ်ဝစနတ်တို့ကို အသင်ကြိုက်သလောက် ဆိုပါ။ ကျွန်ုပ် နားထောင်ပါမည်။ ထို့ကြောင့် အစကစ၍ ပြန်ကောက်ပါရစေ။ ဤတစ်ကြိမ်တွင် တိုတိုနှင့် လိုရင်းကိုသာ အသင်ပြောပါ။ အရာတစ်ခုခု ပြုခြင်းဟုပင် ဆိုဆို၊ ကိုယ့်ကိစ္စကိုသာ ပြုခြင်းဟု ဆိုဆို၊ ဆိုချင်သလို ဆိုပါ။ ကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ နှလုံးမှုတို့ကို ပြုခြင်းသည် သံယမဖြစ်၏ဟူသော အချက်သည် အသင်ဆိုလိုသော လိုရင်းအချက် မဟုတ်ပါလော။

ဆော့ခရတ္တိ၊ ဟုတ်ပါသည်။

ကောင်းပြီ။ ထိုသို့ဆိုလျှင် ကျွန်ုပ် မေးပါဦးမည်။ အကြင်သူသည် မကောင်းသောအမှုကို ပြု၏၊ ထိုသူသည် သံယမရှိသော သူပေလော။ အကြင်သူသည် ကောင်းသောအမှုကို ပြု၏၊ ထိုသူသည် သံယမရှိသောသူပေလော။

ဆော့ခရတ္တိ၊ အသင် မည်သို့ သဘောရသနည်း။

ခရိတိအ၊ ကျွန်ုပ်၏ သဘောကို မသိချင်ပါနှင့်ဦး။ စောပါသေးသည်။ ကျွန်ုပ်၏အလှည့်သို့ ရောက်သောအခါ ကျွန်ုပ် ပြောပါမည်။ ထိုအခါကျမှသာ စဉ်းစားကြရန် ဖြစ်သည်။ ယခုမူ အသင်၏သဘောကို ပြောပါဦး။

ကောင်းပါပြီ၊ ပြောပါမည်။ အကြင်သူူသည် ကောင်းသည်ကို မပြု၊ မကောင်းသည်ကို ပြု၏။ ထိုသူသည် သံယမ ရှိသူမဟုတ်။ အကြင်သူသည် မကောင်းသည်ကို မပြု၊ ကောင်းသည်ကို ပြု၏။ ထိုသူသည် သံယမ ရှိသူဖြစ်သည်။ ဤကား ကျွန်ုပ်၏ အဖြေပင်။ ကောင်းသည်ကို ပြုခြင်းသည် သံယမရှိခြင်းမည်၏ဟု ကျွန်ုပ် ဆိုခဲ့သည် မဟုတ်ပါလော။

[မှတ်ချက်။     ။ ထို့နောက် ဆော့ခရတ္တိနှင့် ခရိတိအတို့သည် စောင့်စည်းခြင်းသံယမတရားအကြောင်းကို ဆက်၍ ဟောပြောကြသည်။ သံယမရှိသူသည် မိမိကိုယ်ကို မိမိ သိသူဖြစ်သဖြင့် သံယမ ရှိခြင်းဟူသည် မိမိကိုယ်ကို မိမိသိခြင်း ဖြစ်နိုင်ကြောင်း၊ ထို့နောက် သံယမရှိခြင်းဟူသည် အားလုံးစုံသော အတတ်ပညာတို့ကို သိသောအသိ (ဝါ) အားလုံးစုံသော ဝိဇ္ဇာပညာ၊ သိပ္ပံပညာတို့ကို သိသောအသိ ဖြစ်ကြောင်းတို့ကို ဆိုသူကဆို၍ ချေသူက ချေသည်။ စိတ်မောစရာ ဖြစ်လာသဖြင့် ဆော့ခရတ္တိက အောက်ပါအတိုင်း ဆက်၍ဆိုပါသည်။

စာပိုဒ် ၁၈

ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ အချင်းခရိတိအ၊ ကျွန်ုပ်၏ စိတ်ကူးကို ပြောပြချင်သည်။ ထိုစိတ်ကူးသည် အဟုတ်ဖြစ်လာမည်လော၊ အလွဲဖြစ်လာမည်လော၊ ကျွန်ုပ် မပြောတတ်ပါ။ ကျွနု်ပ်၏ စိတ်ကူးသည် ဤသို့ ဖြစ်သည်။ အကယ်၍ သံယမတရားသည် ကျွန်ုပ်တို့ ပြောဟောဆွေးနွေးခဲ့ကြသည့်အတိုင်း [အတတ်ပညာတို့ကို သိသောအသိ (ဝါ) ဝိဇ္ဇာပညာ၊ သိပ္ပံပညာတို့ကို သိသောအသိ] ဖြစ်၏ဟု ဆိုအံ့။ ထိုအခါ ကျွန်ုပ်တို့အားလုံး၏ ကံသုံးပါးအမှုများသည် ဆိုခဲ့သော အသိများအတိုင်း ပြုသော အမှုများသာ ဖြစ်လာကြပေလိမ့်မည်။ ရေကြောင်းပြအတတ်ပညာကို မတတ်ပါဘဲလျက် ရေကြောင်းပြယောင်ဆောင်သူသည်လည်းကောင်း၊ ဆေးအတတ်ပညာကို မတတ်ပါဘဲလျက် ဆေးဆရာယောင်ဆောင်သောသူသည် လည်းကောင်း၊ စစ်အတတ်ပညာကို မတတ်ပါဘဲလျက် စစ်သူကြီးယောင်ဆောင်သော သူသည်လည်းကောင်း၊ မည်သည့်အတတ်ပညာကိုမျှ မတတ်ပါဘဲလျက် တတ်ချင်ယောင်ဆောင်သောသူသည် လည်းကောင်း ကျွန်ုပ်တို့ကို လှည့်ဖြားနိုင်တော့မည် မဟုတ်ပါ။ ထို့ပြင် ကျွန်ုပ်တို့ကိုယ်တိုင်၌ ထိုအသိများ ရှိကြသည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ကျန်းမာရေးသည် ကောင်းမွန်လာတော့မည်။ ပင်လယ်ခရီးလမ်းကို စိတ်ချလက်ချ သွားနိုင်ကြတော့မည်။ စစ်မြေပြင်၌ ဧကန်မုချ အောင်ပွဲရကြတော့မည်။ လက်မှုပညာသည်တို့ကလည်း သက်ဆိုင်ရာပညာတို့ကို တတ်မြောက်ပြီးဖြစ်ကြသဖြင့် ကျွန်ုပ်တို့ဝတ်သော အဝတ်အထည်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့ စီးသော ဖိနပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့သုံးသော အသုံးအဆောင်ပစ္စည်းတို့သည်လည်းကောင်း သေသေသပ်သပ် ဖြစ်လာကြလိမ့်မည်။ ဆိုချင်သေးလျှင် ရှေးဖြစ်နောက်ဖြစ် ဟောသော နိမိတ်ဟောဆရာတို့ကိုပင် ကျွန်ုပ်တို့က စစ်ဆေးတတ်ကြပြီဖြစ်သဖြင့် ဆရာတု ဆရာယောင်တို့ကွယ်၍ အမှန်အကန်ဟောသူတို့သာ လက်ရွေးစင်အဖြစ် ကျန်ကြပေလိမ့်မည်။ ထိုအခါ ခပ်သိမ်းသော လူသတ္တဝါတို့သည် ထိုအသိများနှင့် ပြည့်စုံကြပြီဖြစ်သဖြင့် သူတို့ပြုသမျှသည် ထိုအသိများအတိုင်း ပြုကြခြင်းသာ ဖြစ်၏ဟုလည်းကောင်း၊ သူတို့၏ သဘာဝသည် ထိုအသိများအတိုင်းနေသော ဘဝသာဖြစ်၏ဟု လည်းကောင်း ဆိုရလိမ့်မည်။ သို့ရာတွင် ထိုသို့ဆိုတိုင်း လောက၌ ကောင်းစွာ ပြုတတ်ကြပြီ၊ ကောင်းစွာ နေတတ်ကြပြီဟု ယူနိုင်ပါမည်လော။ ထိုအချက်ကို ကျွန်ုပ်တို့ စဉ်းစားကြရလိမ့်ဦးမည်။

ဆော့ခရတ္တိ၊ အသိကိုကား ပယ်၍မဖြစ်ပါ။ အသိကိုပယ်လျှင် ချမ်းသာသုခအစစ်ကို အဘယ်မှာ ရနိုင်ကြတော့အံ့နည်း။

ခရိတိအ၊ မည်သို့သောအသိကို ပယ်လျှင် ချမ်းသာသုခအစစ်ကို ရရန် ခဲယဉ်းလိမ့်မည်ဟု အသင် ထင်ပါသနည်း။ ဖိနပ်ချုပ်ပညာကို သိသောအသိလော။

ဆော့ခရတ္တိ၊ ထိုအမေးသည် မမေးထိုက်သော အမေးပါပေ။

ဖိနပ်ချုပ် ပညာကို သိသော အသိ မဟုတ်လျှင် ပန်းတဉ်း ပညာကို သိသော အသိလော။

ထိုအသိလည်း မဟုတ်ပါ။

ထိုသို့ဖြစ်လျှင် သိုးမွေးရက်ပညာကို သိသောအသိလော၊ ပန်းပုပညာကို သိသောအသိလော၊ ထိုသို့သော အတတ်ပညာ တစ်ခုခုကို သိသောအသိလော။

ထိုအသိများလည်း မဟုတ်ပါ။

ထိုအခါ ကျွန်ုပ်က ဆိုသည်မှာ အချင်းခရိတိအ၊ ထိုသို့တပြီးကား၊ အသိအတိုင်းနေသူတွင် ချမ်းသာသုခရှိ၏ဟု အဆိုပြုလာလျှင် ထိုအဆိုကို ကျွန်ုပ်တို့ လက်ခံနိုင်ကြတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဆိုခဲ့သော အတတ်ပညာတို့သည် သူတို့၏ အသိအတိုင်း ပြုကြ၊ နေကြသည်ဖြစ်သော်လည်း အသင် ယခုဆိုခဲ့သော စကားအရသော် ထိုသူတို့တွင် ချမ်းသာသုခ မရှိဟု ဆိုရာရောက်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်၏ အထင်မှာ အသိအတိုင်းနေကြသော သူများအနက် အချို့ကိုသာ ချမ်းသာသုခ ရှိကြသူဟု အသင်ဆိုချင်ဟန် တူသည်။ ပုံစံပြရသော် အနာဂတ်ကို သိသော နိမိတ်ဟောဆရာကို အသင် ဆိုချင်ဟန်တူသည်။ ဟုတ်ပါသလော။

ဟုတ်ပါသည်။ အခြားတစ်ပါးလည်း ရှိနိုင်ပါသေးသည်။

မည်သူပေနည်း။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလသုံးပါးကို သိသည်လည်းဖြစ်၍ မသိဟူ၍ မရှိ၊ မတစ်လုံးကျေသည်လည်း ဖြစ်သောသူပေလော။ ကောင်းပါပြီ။ ထိုသို့သောသူသည် လောက၌ အကယ်ရှိ၏ဟု ဆိုကြပါအံ့။ ထိုအခါ ထိုသို့သောသူကို အသိဆုံးဟု အသင် ဆိုမည်လော။

ဆိုပါမည်။

ကောင်းပြီ။ ထိုသို့ဆိုလျှင် ကျွန်ုပ် မေးချင်သေးသည်။ အသိအမျိုးမျိုးရှိသည့်အနက် မည်သည့်အသိသည် ထိုသူအား ချမ်းသာသုခအစစ်ကို ပေးပေသနည်း။ အသိအားလုံးကပင် ညီတူညီမျှ ပေးကြပါသလော။

အားလုံးကမူကား ညီတူညီမျှ မပေးနိုင်ကြပါ။

ထိုသို့ဖြစ်လျှင် မည်သည့်အသိက အများဆုံးပေးပါသနည်း။ ဖြစ်ခဲ့သော အတိတ်၊ ဖြစ်ဆဲ ပစ္စုပ္ပန်၊ ဖြစ်လတ္တံ့သော အနာဂတ်တို့ကို သိသောအသိက အများဆုံး ပေးပါသလော။ ထိုအသိမျိုးဟု ဆိုလျှင် ကျားကစားနည်းကိုသိသော အသိဟု မဆိုနိုင်ပြီလော။

ဟာ ဆော့ခရတ္တိ၊ အသင် ဖောက်လာပြီ။

ကျားကစားနည်းကို သိသော အသိမဟုတ်လျှင် အတွက်အချက်ကို သိသော အသိပေလော။

မဟုတ်ပါ။

ထိုသို့ဆိုလျှင် ကျန်းမာရေးကိုသိသော အသိပေလော။

ဆော့ခရတ္တိ၊ အသင် နီးလာပြီ။

ရွေ့၊ ထိုသို့တပြီးကား၊ အနီးဆုံးသည် မည်သို့သော အသိပေနည်း။ ဆော့ခရတ္တိ၊ အကောင်းအဆိုး အကျိုးအပြစ်တို့ကို ပိုင်းခြားသိမြင်သော အသိပင်။

ခရိတိအ၊ အသင်သည် လူမွှေ လူပွေသာ ဖြစ်တော့သည်။ အသင်သည် ကျွန်ုပ်ကို ချာလပတ်လည်အောင် ဆွဲမွှေ့ခဲ့ပြီ။ အားလုံးစုံသော ဝိဇ္ဇာပညာ၊ သိပ္ပံပညာတို့ကို သိသော အသိအမျိုးမျိုးသည် ချမ်းသာသုခအစစ်ကို မပေးနိုင်။ အကောင်းအဆိုး အကျိုးအပြစ်တို့ကို ပိုင်းခြားသိမြင်သော အသိတစ်မျိုးတည်းကသာ ချမ်းသာသုခအစစ်ကို ပေးနိုင်၏ဟု ခပ်စောစောကသာ အသင်ပြောလိုက်လျှင် ကိစ္စပြီးနိုင်သည်။ သို့စင်လျက် ထိုအချက်ကို အသင်ဖုံးခဲ့ လျှိုခဲ့သည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

Related Posts