သံယမ

ဆော့ခရတ္တိ၏ စောင့်စည်းမှု သံယမ အယူအဆ (အပိုင်း – ၂)

ဆော့ခရတ္တိ၏ စောင့်စည်းမှု သံယမ အယူအဆ (အပိုင်း – ၂)
စာပိုဒ် ၁၀

ထိုအခါ ကျွန်ုပ်က လူကလေးခါမိဒိ၊ ဟုတ်ပါမည်လော၊ ဆေးလေး ငြိမ်သက်စွာပြုသောသူများသည် စောင့်စည်းတတ်သောသူများ ဖြစ်ကြ၏ဟု အချို့က ဆိုကြသည်မှာ မုချဖြစ်သည်။ ထို့ကြောင့် ထိုစကား၏ သဘော ဟုတ် မဟုတ် ကျွန်ုပ်တို့ မေးမြန်းစိစစ်၍ ဆင်ခြင်ကြည့်မည်။ ကောင်းပြီ၊ ကျွန်ုပ်မေးချင်သည်။ စောင့်စည်းခြင်းသံယမကို ကောင်းသော တရားစု၊ လေးစားအပ်သော တရားစုတွင် အသင် သွင်းချင်ပါသလော။

ထိုအခါ ခါမိဒက သွင်းချင်ပါသည်ဟု ဆိုသည်။

ထိုသို့ တပြီးကား၊ လက်ရေးသင်ရာတွင် မြန်မြန်သွက်သွက် ရေးခြင်းလည်းရှိ၏၊ ဆေးဆေးလေးလေး ရေးခြင်းလည်း ရှိ၏။ ထိုနှစ်မျိုးသည် မည်သည်က အကောင်းဆုံးဖြစ်သနည်းဟု ကျွန်ုပ်က မေးလိုက်သည်။

ထိုအခါ ခါမိဒက ကျွန်တော်၏အမြင်တွင် မြန်မြန်သွက်သွက် ရေးခြင်းက အကောင်းဆုံးဖြစ်၏ဟု ဖြေပါသည်။

ကောင်းပြီ။ စာဖတ်ရာတွင်လည်း မြန်မြန်သွက်သွက် ဖတ်သည်က အကောင်းဆုံးလော၊ ဆေးဆေးလေးလေး ဖတ်သည်က အကောင်းဆုံးလော။

မြန်မြန်သွက်သွက် ဖတ်သည်က အကောင်းဆုံးပါ။

ထို့ပြင် စောင်းတီးရာတွင်လည်းကောင်း၊ နပန်းလုံးရာတွင်လည်းကောင်း မြန်မြန်သွက်သွက် ပြုခြင်းက သာ၍ကောင်းသည် မဟုတ်ပါလော။

ဟုတ်ပါသည်။

ထို့ပြင် လက်ဝှေ့ထိုးရာတွင်လည်းကောင်း၊ လက်ဝှေ့ထိုး နပန်းလုံးရာတွင်သော်လည်းကောင်း ထိုသဘောအတိုင်းပင် မဟုတ်ပါလော။

ဟုတ်ပါသည်။

ပြေးခြင်းတွင် လည်းကောင်း၊ ခုန်ခြင်းတွင်လည်းကောင်း၊ အားကစားအမျိုးမျိုးတွင် လည်းကောင်း မြန်မြန်သွက်သွက် ပြုခြင်းသည် ယေဘုယျအားဖြင့် ကောင်း၏။ နှေးနှေးကွေးကွေးပြုခြင်းသည် ယေဘုယျအားဖြင့် မကောင်း။ ထိုသို့ မဟုတ်ပြီလော။ ဟုတ်၏ဟု ဆိုရမည်သာ။

ထိုသို့ဆိုလျှင် ကာယကံမှုအားလုံးတွင် ဆေးလေး ငြိမ်သက်စွာ ပြုခြင်းသည် လေးစားအပ်သည် မဟုတ်။ မြန်မြန်သွက်သွက် ပြုခြင်းသည်သာလျှင် လေးစားအပ်၏ဟု ကောက်ချက်ချရတော့မည်၊ ဟုတ်ပါသလော။

ဟုတ်ပါသည်။ ထိုသို့ပင် ကောက်ချက်ချရပါတော့မည်။

ထိုအခါ ကျွန်ုပ်က လူကလေး ခါမိဒိ၊ စောင့်စည်းခြင်း သံယမသည် လေးစားအပ်သော တရားပေလောဟု မေးပါသည်။

စောင့်စည်းခြင်း သံယမသည် လေးစားအပ်သော တရားပါပေ။

ထိုသို့ဆိုလျှင် ကာယကံမှုအားလုံးတွင် ဆေးလေးငြိမ်သက်စွာပြုခြင်းသည် လေးစားအပ်သည် မဟုတ်။ မြန်မြန်သွက်သွက် ပြုခြင်းသည်သာလျှင် လေးစားအပ်၏ဟု ကောက်ချက်ချရတော့မည်၊ ဟုတ်ပါသလော။

ဟုတ်ပါသည်။ ထိုသို့ပင် ကောက်ချက်ချရပါတော့မည်။

ထိုအခါ ကျွန်ုပ်က လူကလေး ခါမိဒိ၊ စောင့်စည်းခြင်း သံယမသည် လေးစားအပ်သော တရားပေလောဟု မေးပါသည်။

စောင့်စည်းခြင်း သံယမသည် လေးစားအပ်သော တရားပါပေ။

ထိုသို့ဆိုလျှင် ကာယကံမှုအားလုံးတွင် ဆေးလေးငြိမ်သက်ခြင်းသည် အဆင့်အတန်းမြင့်သော စောင့်စည်းခြင်း မဖြစ်နိုင်။ မြန်ခြင်းသာလျှင် အဆင့်အတန်းမြင့်သော စောင့်စည်းခြင်း ဖြစ်နိုင်၏ဟု ဆိုရတော့မည်။

ဟုတ်ပါသည်။ ထိုသို့ပင် ဆိုရပါတော့မည်ဟု ခါမိဒိက ဆိုပါသည်။

စာပိုဒ် ၁၁

ထို့နောက် ကျွန်ုပ်က ဆက်၍မေးပြန်သည်မှာ လူကလေးခါမိဒိ၊ ပညာသင်ရာတွင် တတ်လွယ်ခြင်းလည်း ရှိ၏၊ တတ်ခဲခြင်းလည်း ရှိ၏။ ထိုနှစ်မျိုးတွင် မည်သည်ကို ပို၍ လေးစားသင့်သည်ဟု အသင် ဆိုမည်နည်း။

တတ်လွယ်ခြင်းကို ပို၍ လေးစားသင့်ပါသည်။

တတ်လွယ်ခြင်းဆိုသည်မှာ မြန်မြန်တတ်မြောက်ခြင်းဖြစ်၍ တတ်ခဲခြင်းသည် နှေးနှေတတ်မြောက်ခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါလော။

ဟုတ်ပါသည်။

ထို့ပြင် သူတစ်ပါးကို ပညာသင်ပေးရာတွင်လည်း မြန်မြန်သင်ပေးနိုင်ခြင်းကို နှေးနှေးသင်ပေးခြင်းထက် ပို၍ လေးစားသင့်သည် မဟုတ်ပါလော။

ဟုတ်ပါသည်။

ထိုသို့ဖြစ်လျှင် မှတ်မိ သတိရရာတွင်လည်း မြန်မြန်မှတ်မိခြင်းကို နှေးနှေးမှတ်မိခြင်းထက် ပို၍ လေးစားသင့်သည် မဟုတ်ပါလော။

ဟုတ်ပါသည်။

ကောင်းပြီ။ မြန်မြန်မှတ်မိခြင်းဆိုသည်မှာ နှေးကွေဆေးလေးသော ဉာဏ်သာ ဖြစ်နိုင်သည်ဟု ဆိုရမည်။ ဟုတ်ပါသလော။

ဆိုရမည်သာ။

ထို့ပြင် လက်ရေးသင်ရာတွင်သော်လည်းကောင်း၊ စောင်းအတီးသင်ရာတွင်သော်လည်းကောင်း၊ ကိစ္စအမျိုးမျိုးတွင်သော်လည်းကောင်း သင်ပေးသမျှ မြန်မြန်နားလည်ခြင်းကို နှေးနှေးနားလည်ခြင်းထက် ပို၍ လေးစားသင့်သည်ဟု ဆိုရလိမ့်ဦးမည်။ ဟုတ်ပါသလော။

ဟုတ်ပါသည်။

ထိုသို့ဖြစ်လျှင် တွေးမှု ကြံမှု အရာတွင် နှေးကွေးသောသူသည် သို့တည်းမဟုတ် ခဲခဲယဉ်းယဉ်း တွေးတောကြံဆရသူသည် ချီးမွမ်းအပ်သောသူ မဖြစ်နိုင်။ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တွေးတောကြံဆတတ်သောသူသာလျှင် ချီးမွမ်းအပ်သောသူ ဖြစ်၏ဟု ဆိုရတော့မည်။

ဟုတ်ပါသည်။ ဆိုသင့်ပါသည်။

ထို့နောက် ကျွန်ုပ်က ဆိုသည်မှာ လူကလေး ခါမိဒိ၊ ခြုံငုံ၍ ဆိုရမည်ဖြစ်လျှင် ကာယကံမှု၊ ဝစီကံမှု ဖြစ်သော ရုပ်အမူအရာတို့တွင်လည်း မြန်ခြင်းသည် နှေးခြင်းထက်သာ၍ မနောကံမှုဖြစ်သော စိတ်အမူအရာတို့တွင်လည်း မြန်ခြင်းကပင် နှေးခြင်းထက်သာ၏ဟု မဆိုထိုက်ပြီလော။

ဆိုရတော့မည်ကဲ့သို့ ဖြစ်နေပါပြီ။

ထိုသို့ဖြစ်လျှင် သံယမသည် ဆေးလေးငြိမ်သက်ခြင်း မဖြစ်နိုင်။ သံယမရှိသော ကိုယ်နှုတ်နှလုံး အမူအရာတို့သည်လည်း ဆေးလေးငြိမ်သက်သော ကိုယ်နှုတ်နှလုံး အမူအရာ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သံယမ ရှိသော ကိုယ်နှုတ်နှလုံး အမူအရာတို့တွင် ကောင်းသောသဘောရှိသင့်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဆေးလေးငြိမ်သက်သော အမူအရာက မြန်သောအမူအရာထက် သာသည်ကို မတွေ့မမြင်ရသောကြောင့်လည်း ဖြစ်သည်။ သို့တည်းမဟုတ် ဆေးလေးငြိမ်သက်သော အမူအရာက မြန်သောအမူအရာထက် သာသည်ကို စိုးစဉ်းမျှသော အမှုတို့တွင်သာ တွေ့ရမြင်ရသောကြောင့်လည်း ဖြစ်သည်။ မွန်မြတ်သော အပြုအမူများစွာရှိသည့်အနက် မြန်သော အပြုအမူ အမြောက်အမြား ရှိသလောက် နှေးသော အပြုအမူတို့လည်း အမြောက်အမြားပင် ရှိ၏ဟု ဆိုရစေကာမူ သံယမ သဘောကို ရှာလျှင် နှေးနှေးပြုသော အမူအရာတို့မှာထက် မြန်မြန်ပြုသော အမူအရာတို့တွင် ထူးထူးခြားခြား တွေ့ရမည်သာ ဖြစ်သည်။ မြန်မြန်ပြုသော အမူအရာတွင် နှေးနှေးပြုသော အမူအရာထက် ပို၍ သံယမရှိရာ ရောက်သည်ကို တွေ့ရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သံယမသည် လေးစားအပ်သော သဘောဖြစ်၏ဟု လည်းကောင်း။ မြန်သော အမူအရာတို့သည် နှေးသော အမူအရာတို့လောက်ပင် လေးစားအပ်၏ဟု လည်းကောင်း ကျွန်ုပ်တို့ လက်ခံခဲ့ကြသောကြောင့် ဖြစ်သည်။ ဤသို့လျှင် ကျွန်ုပ်က ဆင်ခြေပေးပါသည်။

ထိုအခါ လူကလေးခါမိဒိက အချင်းဆော့ခရတ္တိ၊ အသင်၏ ဆင်ခြေသည် သင့်နိုးအံ့ထင်၏ဟု ဆိုပါသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts