ဆားအစားများသည့် အလေ့အကျင့်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများ

ဆားအစားများသည့် အလေ့အကျင့်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများ

” ဆားကတော့ ဟင်းချက်ရာမှာသာမက အစားအစာတွေ ပြုလုပ်ရာမှာပါ အပါမဖြစ်ပစ္စည်းတစ်ခုပါပဲ။ ဆေးပညာကျွမ်းကျင်သူတွေကတော့ နေ့စဉ် ဆား စားသုံးမှုကို ၁၅၀၀-၂၄၀၀ မီလီဂရမ်ထက် မများစေဖို့ အကြံပြုထားပါတယ်။ ဆား စားသုံးမှုများတဲ့အတွက် အောက်ပါ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့်ပါ။”


ကျောက်ကပ်ပြဿနာဖြစ်ခြင်း
ဆားဆိုတဲ့ ဆိုဒီယမ်ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက အရသာရှလှပေမယ့် သင့် ကျောက်ကပ်ကိုတော့ ဒုက္ခပေးနိုင်ပါတယ်။ ဆားစားသုံးသူများတာကြောင့် သင့်ဆီးထဲမှာ ကယ်လ်စီယမ်ပမာဏတွေ များစွာပါဝင်သွားနိုင်တဲ့အတွက် ကျောက်ကပ်အတွင်း ကျောက်တည်နိုင်ခြေမြင့်မားသွားပါတယ်။ ဒါ့အပြင် ဆားစားသုံးမှုများတာကြောင့် သင့်ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေ စစ်ထုတ်နိုင်စွမ်းလျော့နည်းသွားတဲ့အတွက် ခန္ဓာကိုယ်ထဲ ဆိုဒီယမ်ပမာဏတွေ များပြားလာတာကြောင့် သွေးတိုးရောဂါရရှိနိုင်ပါတယ်။

သွေးဖိအားမြင့်တက်နိုင်ခြင်း
သင့်ရဲ့ သွေးကြောထဲမှာ ဆိုဒီယမ်ပမာဏတွေ မြင့်မားနေတဲ့အတွက် ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေက ကျဆင်းသွားနိုင်ပြီး သွေးဖိအားမြင့်တက်နိုင်ပါတယ်။ သင်စားတဲ့အစားအစာထဲမှာ ဆားများလွန်းရင် ခန္ဓာကိုယ်အတွင်း ရေဓါတ်စုဆောင်းမှုများလာနိုင်ပါတယ်။ ဒီလိုဖြစ်တာကြောင့် သင့်နှလုံးက ယခင်ကထက်ပိုပြီး အလုပ်လုပ်ရတဲ့အတွက် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ နှလုံးသွေးကြောပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

လေပွနိုင်ခြင်း
သင် စားတဲ့အစားအစာထဲမှာ ဆိုဒီယမ်ပါဝင်မှုများတဲ့အတွက် ခန္ဓာကိုယ်မှာ ရေဓါတ်စုဆောင်းမှုများလာပြီး လေပွတဲ့ ဝေဒနာခံစားရနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်၊ လက်တွေမှာလည်း ဖောရောင်လာနိုင်ပါတယ်။

သတိမေ့လွယ်ခြင်း
ဦးနှောက်လုပ်ဆောင်ချက်ကျဆင်းစေတဲ့ အကြောင်းအရာတွေထဲမှာ ဆားစားသုံးမှုများတာလည်း တစ်ခုပါဝင်ပါတယ်။ အသက်အရွယ်ကြီးခြင်းဆိုင်ရာ အာရုံကြောဌါနက ထုတ်ဝေတဲ့ ဂျာနယ်ရဲ့ လေ့လာမှုအရ ဆားစားသုံးမှုများပြီး အထိုင်များတဲ့ဘဝနေထိုင်မှုပုံစံရှိတဲ့ အသက်ကြီးသူတွေဟာ အဲဒီလိုမျိုးဘဝနေထိုင်မှုပုံစံမရှိသူတွေထက် သတိမေ့လွယ်တဲ့ဝေဒနာ ပိုမိုခံစားရတယ်လို့ သိရပါတယ်။


အရိုးပါးရောဂါဖြစ်လွယ်ခြင်း
သင် ဆီးသွားလိုက်တိုင်း ဆီးထဲမှာ ခန္ဓာကိုယ်ထဲက ကယ်လ်စီယမ်တွေ ထွက်သွားပါတယ်။ ဆားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးသူတွေရဲ့ ဆီးထဲမှာ ကယ်လ်စီယမ်က ပုံမှန်ပမာဏာထက် ပိုပြီးပါဝင်သွားတတ်ပါတယ်။ အရိုးပါးရောဂါဟာ ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်လျော့နည်းနိုင်သောကြောင့် အရိုးပါးရောဂါ ဖြစ်နိုင်ခြေ မြင့်မားရတာဖြစ်ပါတယ်။

ဆားစားသုံးမှု လျော့နည်းစေရန် ပြုလုပ်နိုင်သည့် နည်းလမ်းများ

  • အဆင်သင့်စားလို့ရတဲ့အစာ၊ ပြုပြင်ထားတဲ့အစားအစာတွေမှာ ဆိုဒီယမ်ပါဝင်မှုများတဲ့အတွက် အဲဒီအစားအစာတွေကို ရှောင်ကြဉ်ပါ။
  • ပိုတက်စီယမ်ကို ပိုမိုစားသုံးတာက ဆားစားသုံးမှုများတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တန်ပြန်နိုင်တဲ့ အကျိုးကျေးဇူးရှိတဲ့အပြင်သွေးဖိအားကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ပိုတက်စိယမ်ပါဝင်မှုများတဲ့ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥနဲ့ ဟင်းနုနယ်လိုမျိုး အစားအစာတွေကို နေ့စဉ် စားသုံးပေးပါ။
  • စားပွဲပေါ်မှာ အိမ်သုံးဆားကို မထားထားပါနဲ့။ သင်စားတဲ့ အစားအစာအားလုံးကို သင်ကိုယ်တိုင်ချက်ပြုတ်ပါမှ ဆားအသုံးပြုမှုကို လျော့နည်းအောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
  • စည်သွတ်ဘူးအစားအစာတွေမှာလည်း ဆားအပြင် တာရှည်ခံဆေးတွေကို အသုံးပြုထားတဲ့အတွက် မစားသုံးသင့်ပါဘူး။ လတ်ဆတ်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကိုသာ စားသုံးပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts