hapeye

စိတ်နှိမ့်ချတဲ့ အရည်အချင်းမွေးပါ

လူတိုင်း လူတိုင်းဟာ စိတ်နှိမ့်ချ တဲ့ အရည်အချင်း ရှိရမယ်။ ကိုယ့်ကိုယ်ကို သိပ်ပြီးတော့ အထင်ကြီးလို့ရှိရင် နောင်တိုးတက်မှု မရှိနိုင်ဘူး။ တိုးတက်မှုရှိတဲ့လူဆိုတာ ကိုယ့်မှာ ချိုးယွင်းချက်တွေရှိတယ်။ ကိုယ့်မှာ ပြင်စရာတွေ အများကြီးရှိသေးတယ်။ ကိုယ့်မှာ အားနည်းချက်တွေ အများကြီး ရှိသေးတယ်လို့ နားလည်တဲ့သူများဟာ ကိုယ့်မှာ တိုးတက်ဖို့လမ်းတွေ အများကြီးရှိတယ်။

ငါကဖြင့် သိလှပြီ၊ တက်လှပြီလို့ ထင်လို့ရှိရင် တိုးတက်ရေးလမ်းကြောင်း ပိတ်သွားလိမ့်မယ်။

အဲ့ဒီတော့ လူကြီးတွေတင် မဟုတ်ဘူး။ လူငယ်တွေပင် ငယ်လျက်နဲ့ တိုးတက်ဖို့ လမ်းကြောင်း ပိတ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကိုယ် သူတို့ သိပ်တော်လှပြီ၊ သိလှပြီ၊ တက်လှပြီ လို့ ထင်သွားတယ်။ အဲ့ဒီလို ထင်သွားရင် ပြီးပြီ။ ဒီလူရဲ့ ဘဝခရီးဟာ နောက်ထပ်ပြီးတော့ တိုးတက်စရာ မရှိတော့ဘူးလို့ ကျမ ယုံကြည်တယ်။ တိုးတက်ဖို့ဆိုတာဟာ ကိုယ့်ကိုယ်ကို တစ်ချိန်လုံး သုံးသပ်နေရမယ်။ ကိုယ့်ကိုယ်ကို စိတ်နှိမ့်ချ ရမယ်။ ဘာပဲလုပ်လုပ်၊ ဘယ်လောက် အသက်ရှည်ရှည် ပညာရှာစရာတွေ အများကြီးရှိသေးတယ်။ ကိုယ့်ကိုယ်ကို ပြုပြင်စရာတွေ အများကြီးရှိသေးတယ်။

အသက်အရှည်ဆုံးနေသွားတဲ့သူ၊ ပညာအရှိဆုံးလူတောင်မှ ပညာအကုန်လည်း မရှိနိုင်ဘူး။ အတွေ့အကြုံအကုန်လည်း မရှိနိုင်ဘူး။ လူတိုင်း အပြစ်အနာအဆာ ကင်းတယ်လို့ မရှိနိုင်ဘူး။ အဲ့ဒီတော့ ကိုယ့်မှာ အပြစ်အနာအဆာတွေကို ပြုပြင်ဖို့ဆိုတာ တစ်သက်လုံးကြိုးပမ်းသွားရမယ်။ အသက်(၉၀)ကျရင်လည်း ကြိုးပမ်းရမှာပဲ။ အသက်၂၀၊ ၃၀ ဆိုရင်တော့ ပြောမနေနဲ့တော့။ တစ်ချို့က ၃၀ လောက်ဆိုလို့ရှိရင် တက်ပြီ၊ သိပြီ၊ ငါလည်းဘွဲ့ရပြီလို့ ထင်ကြတယ်။

အထူးသဖြင့် နိုင်ငံခြားမှာ အန်တီ ခဏခဏမြင်ခဲ့တယ်။ အသက်၇၀၊ ၈၀ ကျမှ၊ တစ်ခုခုထပ်ပြီးတော့ သင်တယ်။ ကျောင်းပြန်ပြီးတက်တယ်။ သူတို့ကိုယ် သူတို့ ပြုပြင်ချင်တဲ့စိတ်ဟာ တစ်သက်လုံးထားတယ်။ အားလုံးဟာ ဒီလိုပဲ ထားရမယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ကိုယ်ကို စိတ်နှိမ့်ချ ရမယ်။ ကိုယ်ဟာသိပ်ပြီးတော့ တော်တယ်၊ သိပ်ပြီးတော့ တက်တယ်လို့ ဘယ်တော့မှ စိတ်ထဲမှာ မထားပါနဲ့။

ဘယ်လောက် တော်တော် ပိုပြီးတော့ တော်နိုင်သေးတယ်။
ဘယ်လောက် တတ်တတ် ပိုပြီးတော့ တတ်နိုင်သေးတယ်။
ဘယ်လောက် ကောင်းကောင်း ပိုပြီးတော့ ကောင်းနိုင်သေးတယ်။

ကိုယ်ဟာ အသက်ရှင်နေသမျှတော့ ကိုယ့်ကိုယ်ကို ပြုပြင်နိုင်စရာ အကြောင်းတွေ အများကြီး ရှိပါသေးတယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts