စိတ်နှင့် စကား

လူမှာ စကားနှင့်စိတ်ဟာ ဆက်စပ်နေပါတယ်။ ကင်းကွာနေတယ်ရယ်လို့ မရှိဘူး။ ဒေါသစိတ် ဝင်နေရင် ဒေါသစကားပြောတယ်။ နှုတ်ကို ထိန်းထားနိုင်ရင်တောင်မှ စိတ်က ဒေါသစကား ပြောနေတယ်။ လောဘစိတ် ဝင်နေရင်လည်း လောဘစကားကို သွယ်ဝိုက်စည်းရုံးပြီး ပြောတာပဲ။ မေတ္တာစိတ် ဝင်နေရင်တော့ မေတ္တာစကားကို ငြိမ်းချမ်းစွာ ပြောတတ်ကြပါတယ်။ စကားဟာ နှုတ်ကလာတာ ဖြစ်ပေမယ့် လာတာက စိတ်က လာတာဖြစ်တယ်။

ဦးနှောက်ကနေ စိတ်ကနေ စကားဖြစ်ပေါ်လာခဲ့တယ်။ သူ့အလိုလို စကားမဖြစ်ဘူး။ စိတ်ကနေတစ်ဆင့် စကားဖြစ်လာတယ်။ ထမင်းစားရေသောက် အလ္လာပသလ္လာပ စကားတွေကိုသာ လွယ်လွယ်ပြောဖြစ်ပေမယ့် ကျန်အရေးကြီးတဲ့ စကားမှန်သမျှ ဦးနှောက်က တွေးခေါ်စဉ်းစားပြီးမှ ပြောကြတာဖြစ်တယ်။ စိတ်ထားကောင်းသူရဲ့ နှုတ်က စကားကောင်းတွေ ထွက်လာတယ်။ ဉာဏ်ပညာ အသိတရားကောင်းသူတွေရဲ့ နှုတ်က အတွေးအခေါ် စကားတွေ ထွက်လာကြတယ်။

လူတစ်ယောက်ရဲ့ ပြောစကားတွေကို နားထောင်ပါများရင် ထိုသူရဲ့စိတ်ကိုပါ သိလာတတ်တယ်။ စိတ်ဆန္ဒက စကားမှာပေါ်လာတယ်။ ကြာကြာဖုံးကွယ်ထားလို့ မရဘူး။ စကားမှာ စိတ်ဆန္ဒဟာ တစ်နည်းမဟုတ် တစ်နည်းပေါ်လာတာပါ။ စိတ်ဟာ စကား၊ စကားဟာ တစ်နည်းအားဖြင့် စိတ်ဖြစ်တယ်။ ရာဂစိတ်ကြီးသူရဲ့ စကားမှာ ရာဂအကြောင်း ပေါ်လာတတ်တယ်။ လောဘကြီးသူရဲ့ စကားမှာလည်း သူ့လောဘတွေ ပေါ်နေတတ်တယ်။ တရားပျော်မွေ့သူမှာလည်း တရားစကားတွေ သိသာစွာ နားထောင်ရတတ်တယ်။ စိတ်ထားမကောင်းသူဟာ ဟန်လုပ်ပြီး စကားကောင်းပြောပေမယ့် ခဏသာ ပြောလို့ရတယ်။ ပြောရင်းပေါ်တာပဲ၊ များများပြောလေ များများသိသာလေရယ်ပါ။

သုတေသီဘုန်းမြင့်သွေး (စကားပြောတတ်ဖို့) စာအုပ်မှထုတ်နုတ်ထားပါသည်။

OpenYourBusinessOnline

Related Posts