ချမ်းသာပြီးရင် ဘာလုပ်မလဲ

ချမ်းသာပြီးရင် ဘာလုပ်မလဲ

အရမ်းချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သာယာလှပတဲ့ ပင်လယ်ကမ်းခြေ တစ်ခုကို အပန်းဖြေဖို့ ရောက်နေပါတယ်။ တစ်မနက်ခင်းမှာ သူတည်းခိုတဲ့ ဟိုတယ်ကနေ တစ်ယောက်တည်း ကမ်းခြေမှာ လမ်းလျှောက်အပန်းဖြေနေရင်း လှေတစ်စင်းနဲ့ ပင်လယ်ထဲက ငါးဖမ်းပြန်လာတဲ့ အသက်အစိတ်အရွယ် တံငါသည်လေးတစ်ယောက်ကို တွေ့မိလိုက်တယ်။ သူ့လှေထဲမှာ ငါးတွေဆယ်ကောင်လောက်ပဲ ပါလာတာတွေ့လို့ သူဌေးကြီးက စပ်စုပြီး မေးလိုက်ပါတယ်။

သူဌေးကြီး . . . “ကောင်လေး အဲဒီငါးတွေဖမ်းမိဖို့ ပင်လယ်ထဲမှာ မင်းအချိန် ဘယ်လောက်ယူရသလဲကွာ”

တံငါသည် . . . “သိပ်မကြာပါဘူးဗျာ။ မိုးလေဝသကောင်းရင် တစ်နာရီလောက်ပါပဲ ဆရာကြီး”

သူဌေးကြီး . . .“မင်း ဘာလို့ပင်လယ်ထဲမှာ ငါးတွေ ကြာကြာမဖမ်းတာလဲ။ ကြာကြာဖမ်းတော့ ငါးများများရတာပေါ့။ မဟုတ်လား”

တံငါသည် . . . “ဒီ ငါးလေးတွေက ကျွန်တော့်မိသားစုအတွက် ဟင်းတစ်နေ့စာ လုံလောက်ပြီမို့ ဆက်မဖမ်းတော့တာပါ”

သူဌေးကြီး . . . “ဒါဆို ငါးဖမ်းပြန်လာတာနဲ့ တစ်နေ့လုံး မင်း ဘယ်လိုအချိန်ဖြုန်းသလဲကွ။ စပ်စုတာမဟုတ်ဘူးနော်၊ ငါ တကယ်သိချင်လို့ မေးတာပါကွာ”

တံငါသည် . . . ” ဆရာကြီး သိချင်ရင်လည်း ပြောပြရတာပေါ့ဗျာ။ အခု အိမ်ပြန်ပြီးရင် အိမ်မှာရေချိုး နေ့လယ်စာစားပြီး တစ်ရေးတစ်မော အိပ်တယ်လေ။ အိပ်ရာထတော့ ကျွန်တော့်ကလေးတွေနဲ့ ကမ်းခြေသောင်စပ်မှာ ဘောလုံးကန်ကြတယ်။ ကစားပြီးတာနဲ့ ရေချိုးပြီး ရွာထဲက အပေါင်းအသင်းတွေဆီ လျှောက်လည်တယ်။ တစ်ခါတလေ ဂစ်တာတီးပြီး သူငယ်ချင်းတွေနဲ့ သီချင်းဆိုကြတာပေါ့။ မကြာမကြာ ရွာဦးက ဘုန်းကြီးဆီလည်း ရောက်ဖြစ်တယ်လေ။ ညရောက်တော့ အိမ်ပြန်ညစာစားပြီး တီဗွီက ဇာတ်လမ်းလေး ခဏကြည့်ပြီး ဘုရားရှိခိုးအိပ်ပေါ့ဗျာ”

သူဌေးကြီး . . . “ဟာကွာ။ မင်းဟာ တော်တော်နုံတာပဲနော်။ လူဆိုတာ ချမ်းသာအောင် လုပ်ရတယ်ကွ။ ဒီမှာ ငါအခုလို ချမ်းသာနေတာ ဘာကြောင့်လဲသိလား။ ငါက စီးပွားရေးပညာနဲ့ ပါရဂူဘွဲ့ရထားတော့ ချမ်းသာအောင်လုပ်တဲ့နည်းတွေ သိထားတာကိုး။ မင်းကို ငါသနားလို့ ချမ်းသာနည်းလေးပြောပြမယ်။ နားထောင်။ မနက်ဖြန်မနက်ကစလို့ နေ့တိုင်း ပင်လယ်ထဲမှာ အကြာကြီးနေပြီး ငါးတွေရသလောက်ဖမ်းစမ်းကွာ”

တံငါသည် . . . ” ငါးတွေ အများကြီးဖမ်းပြီးတော့ ဘာလုပ်ရမှာလဲဗျာ။ ကျွန်တော့် မိသားစုအတွက် လိုမှမလိုတာပဲဟာ”

သူဌေးကြီး . . . “ဟာကွာ မင်းဟာ တော်တော်နားဝေးပါလား။ ပိုနေတဲ့ ငါးတွေကို ဈေးမှာ ရောင်းလိုက်တော့ ပိုက်ဆံတွေ အများကြီးရလာမှာပေါ့။ ရလာတဲ့ပိုက်ဆံတွေနဲ့ အခုထက်ကြီးတဲ့ လှေတစ်စင်း ထပ်ဝယ်ကွာ။ လှေကြီးတော့ ငါးများများထည့်လို့ရတာပေါ့။ ငါးတွေများများရပြီး ရောင်းလိုက်ရင် ပိုက်ဆံတွေထပ်ရမယ်။ ဒီထက်ကြီးတဲ့လှေကြီးတွေ ထပ်ဝယ်ကွာ။ ငါးများများရတိုင်း ရောင်းရငွေနဲ့ နောက်ထပ်လှေကြီးတွေ ထပ်ထပ်ဝယ်ကွာ။ လှေတွေ အများကြီးဖြစ်လာလို့ မင်းတစ်ယောက်တည်းမနိုင်မှာ မပူနဲ့။ လက်ထောက်တွေ ပိုက်ဆံပေးခန့်ပြီး ငါးတွေထပ်ဖမ်းခိုင်းကွာ”

သူဌေးကြီးကဆက်ပြောပြန်တယ်။ “တဖြည်းဖြည်းနဲ့ ငါးတွေကို ပြိုင်ဘက်မရှိ မင်းတစ်ယောက်တည်း ဖမ်းလာနိုင်မယ်။ ဈေးမှာ ငါးသွင်းနိုင်တဲ့သူဆိုလည်း မင်းတစ်ယောက်တည်း ဖြစ်လာလိမ့်မယ်။ ဒီတော့ ငါးဈေးကွက်ကို မင်းချုပ်ကိုင်ပြီး ငါးဈေးကိုကစားလာနိုင်လိမ့်မယ်။ မင်းမတရားကြီးပွားချမ်းသာလာလိမ့်မယ်။ အဲဒီအခါကျရင် ငွေထုပ်ပိုက်လို့ ဒီရွာကထွက်သွားပြီး မြို့ပေါ်တက်တော့။ မြို့ပေါ်မှာ ကုမ္ပဏီကြီးတွေထောင်ပေါ့”

တံငါသည်လည်း အတော်လေးကြာအောင် စဉ်းစားလိုက်ပြီး “အခုဆရာကြီးပြောတဲ့ ဘဝရောက်ဖို့ ဘယ်လောက်ကြာမလဲဗျ”လို့ မေးလိုက်ပါတယ်။

သူဌေးကြီး . . . “၁၅ နှစ်နဲ့ အနှစ် ၂၀ အတွင်းပေါ့ကွာ။ မင်း အရမ်းကြိုးစားရင်တော့ ဒီလောက်အထိ မကြာပါဘူး”

တံငါသည် . . . “ပြီးတော့ရော ဆရာကြီး ဆက်ပြောပါဦး”

သူဌေးကြီး . . . “အခုမှ ကောင်းခန်းရောက်တာကွ။ ကုမ္ပဏီလုပ်ငန်းအောင်မြင်လာတဲ့အခါ ကုမ္ပဏီအမြတ်တင်ရောင်းပစ်လိုက်။ ပိုက်ဆံတွေအများကြီးရလာမယ် မဟုတ်လား။ ဒီတော့ မင်း သန်းကြွယ်သူဌေးကြီးတစ်ယောက် ဖြစ်သွားမယ်လေ”

တံငါသည် . . . “သန်းကြွယ်သူဌေးကြီး ဖြစ်ပြီးတော့ရော ဘာဆက်လုပ်ရမလဲဗျ”

သူဌေးကြီး . . . “ဟာကွာ မင်းက ကတ်သီးကတ်သတ်ကိုမေးတယ်။ သန်းကြွယ်သူဌေးကြီး ဖြစ်လာမှတော့ မင်း အလုပ်လုပ်စရာ မလိုတော့ဘူးလေ။ ငွေအတွက်လည်း ဘာမှ ပူစရာမလိုတော့ဘူး။ ဒီတော့ မင်းအခုလို သာယာအေးချမ်းတဲ့ ပင်လယ်ကမ်းခြေရွာလေးမှာ လာပြီး အနားယူနေနိုင်ပြီပေါ့။ မင်းရဲ့ကလေးတွေနဲ့ ပျော်ပျော်ပါးပါး ဘောလုံးဆော့လို့ရပြီ။ ပျင်းရင် ရွာထဲလျှောက်လည်လို့ရပြီ။ သူငယ်ချင်းတွေနဲ့ ဂစ်တာတီး သီချင်းဆို ပျော်လို့ရပြီး ဘုန်းကြီးကျောင်းလည်း မကြာမကြာသွားလို့ရပြီ။ ညဆိုရင် တီဗွီလေးကြည့် ဘုရားရှိခိုးပြီး စိတ်ချမ်းချမ်းသာနဲ့ အိပ်လို့ရပြီပေါ့ကွာ”။

ကြီးပွားချမ်းသာချင်လွန်းလို့ အရမ်းကြိုးစားနေကြတဲ့ မိတ်ဆွေတို့ရေ ချမ်းသာသွားပြီးရင် ဘာလုပ်မလဲဆိုတာလေးလည်း စဉ်းစားထားပါရဲ့လား။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts