ခေါင်းပေါ်က အမှိုက်ထုပ်

ခေါင်းပေါ်က အမှိုက်ထုပ်

သာသာယာယာရှိတဲ့ မနက်ခင်းတစ်ခုမှာ ခရီးသွားစရာရှိလို့ လေဆိပ်ကို တက္ကစီငှားစီးပြီး ဆင်းခဲ့ပါတယ်။ တက္ကစီဒရိုင်ဘာက လူပျော်နဲ့ တူပါရဲ့။ လမ်းတစ်လျှောက်လုံးမှာ သီချင်းကို အေးဆေးလေချွန်ရင်း ကားကိုမောင်းလာတယ်။

ဒီလိုမောင်းလာတဲ့ အချိန်မှာပါပဲ လမ်းဘေးမှာ parking ထိုးထားတဲ့ ကားတစ်စင်းက ကျွန်တော်တို့ တက္ကစီကားရှေ့ကို အရှိန်ပြင်းပြင်းဖြတ်ပြီး မောင်းထွက်တယ်။ ကျွန်ုပ်တို့ တက္ကစီဆရာ ဘရိတ်အုပ်တာမြန်လို့သာပေါ့။ ဂျိန်းခနဲ ဆော်လိုက်မိကြလို့ကတော့ ဆေးရုံရောက်ရင်ရောက်မယ်၊ မသာပေါ်ရင်ပေါ်မယ်။ နှစ်ခုထဲက ကြိုက်ရာရွေးပဲ။ အံမယ်ရှေ့က သူကောင်းသားက လည်ပြန်ပြန်လှည့်ကြည့်ပြီး ဆဲသွားသေးတယ်။

ငပြူးက ပြဲတယ်ဆိုတာမျိုးပေါ့။ သူကလည်း မှားသေး ဆဲလည်းဆဲသေးဆိုတော့  ကျွန်တော်ဒေါသတွေ အလိပ်လိုက်ထွက်တာပေါ့ တက္ကစီဒရိုင်ဘာကတော့ ဒေါသမထွက်တဲ့အပြင် ရှေ့ကဆဲသွားတဲ့ ကားဒရိုင်ဘာကို ပြုံးတောင်ပြလိုက်သေးတယ်။

ကျွန်တော့်ဒေါသက တက္ကစီဒရိုင်ဘာအပေါ် စုပြုံကျတယ်။ ‘အဲဒီငတိကားက ဝင်တိုက်ရင် ခင်ဗျားရောကျုပ်ပါ မသာပေါ်မှာ ဒါကို ဘာကြောင့် ပြန်ပြုံးပြရတာလဲ’လို့ လေသံမာမာနဲ့ မေးလိုက်တယ်။ တက္ကစီဆရာကတော့ အေးဆေးပါပဲ။

‘ဒီလိုလူမျိုးတွေက အမှိုက်ထုပ်တွေ အများကြီးတင်ထားတဲ့အမှိုက်ကားနဲ့တူတယ်။ သူတို့မှာ အမှိုက်နဲ့တူတဲ့ ဒေါသတွေ၊ စိတ်ရှုပ်စရာတွေ၊ စိတ်ပျက်မှုတွေနဲ့ ပြည့်နေတာ။ သူ့အမှိုက်တွေက များလာတဲ့အခါ အမှိုက်သွန်ချစရာ နေရာရှာတတ်တယ်’

ကျွန်တော် ငြိမ်ပြီးနားထောင်နေတယ်။ ကျွန်တော်လည်း ဒေါထွက်နေတာ။ ဆက်ပြောရင် ကျွန်တော်လည်း အမှိုက်ပုံကြီး ဖြစ်သွားလိမ့်မယ်။

‘တစ်ခါတလေ သူ့ဒေါသအမှိုက်တွေ ခင်ဗျားအပေါ် သွန်ချလိမ့်မယ်။ ခင်ဗျားမယူရင်တော့ ဘာမှမဖြစ်ပါဘူး။ ပြုံးပြသင့်ရင် ပြုံးပြလိုက်။  မသိသလို နေသင့်တဲ့အခါ မသိလိုသာ နေလိုက်ပါ။ သူတို့ကို စိတ်မဆိုးနဲ့။ သူတို့အမှိုက်ကို ကိုယ်ကယူပြီး အခြားသူကို လက်ဆင့်မကမ်းမိစေနဲ့’

တက္ကစီဒရိုင်ဘာရဲ့ စကားက ဟုတ်တုတ်တုတ်။

‘လူတော်တော်များများ မပျော်မရွှင်ဖြစ်နေကြတာ၊ စိတ်ညစ်နေကြရတာရဲ့ အဓိကအကြောင်းအရင်းက သူများတွေပစ်လိုက်တဲ့ အမှိုက်တွေကို လက်ခံထားမိလို့ပါ။ အချို့လူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝထဲက မကျေနပ်မှုတွေ အလိုမကျမှုတွေ ဒေါသတွေကို သူများခေါင်းပေါ် ပုံချချင်ကြတယ်။ လက်ခံလိုက်မိလို့ကတော့ ကိုယ်လည်း အမှိုက်တွေဖုံးလို့ နံစော်နေတော့မှာပေါ့’

တက္ကစီဒရိုင်ဘာ ကိုသန့်စင်က ဒါကြောင့် သီချင်းလေးတအေးအေးနဲ့ ပျော်ပျော်နေနိုင်တာကိုး။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts