hapeye

ကွဲပြားသော ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ

(hA diiferent kind of body language)

ကျွန်မတို့လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ကျွန်မတို့ ဘယ်နေရာသွားသွား ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို ယူဆောင်သွားရ၍ဖြစ်သည်။ သင့်ဦးနှောက်က အပိုအိပ်ခန်း၏ အပြင်ဘက်တွင် အလုပ်လုပ်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း အဖွဲ့အစည်းအများစုက သင့်ကိုပါတွေ့လိုသည်။ ထိုကိစ္စသည် ဝတ်စားဆင်ယင်မှုစည်းမျဉ်း၊ အလုပ်စချိန်နှင့်ပြီးဆုံးချိန် စသည့် ကိစ္စရပ်အတော်များများကို ပေါ်ပေါက်စေသည်။ သို့သော် ထို့ထက်ပို၍သိမ်မွေ့သည့် အချက်များသည် သင်ဂရုမစိုက်ပါက သင့်လုပ်ဖော်ကိုင်ဖက်များကြား မအီမသာဖြစ်စေသည်။ သင် ရှေ့ဆက်ဖတ်ပါ…

(၁) ရေမွှေးလျှော့သုံးပါ (Cool the perfume or cologne)

ခေါင်းကိုက်ခြင်းများ၊ ဓာတ်မတည့်ခြင်းများ၊ လေထဲတွင် အမွှေးရနံ့များ နာရီပေါင်းများစွာ အုပ်ဆိုင်းနေခြင်း၊ ယင်းတို့သည် ကလုန်း၊ သို့မဟုတ် ရေမွှေးတို့၏ ဘေးထွက်ဆိုးကျိုးများဖြစ်သည်။ သင်ကိုယ့်ဘာသာ အနံ့မရနိုင်ဆိုသည်ကို သတိပြုပါ။ မိနစ်အနည်းငယ်ကြာလျှင် သင့်ရေမွှေးရနံ့ကို သင်မရတော့ပါ။ ကျန်လူအားလုံးမှရသည်။ (စာကြွင်း၊ ကျွန်မ တစ်ဦးတစ်ယောက်၏မွှေးရနံ့ကို ယဉ်ကျေးစွာဖြင့် ချီးမွမ်းစကားဆိုခဲ့သော်လည်း ထိုရနံ့က ပြင်းလွန်းသည်။ သင် မှတ်ချက်များကိုလည်းကောင်း၊ ချီးမွမ်းခြင်းကိုလည်းကောင်း ရသဖြင့် သင့်ရနံ့သည် ပြင်းထန်မှု မရှိဟု မထင်ပါနှင့်။ တကယ်တမ်းတွင်၊ သင်မှတ်ချက်များ ပုံမှန်ရနေပါက ယင်းသည် ထိုရေမွှေးရနံ့ပြင်းလွန်းသည်ဟု အဓိပ္ပာယ်ရသည်။)

(၂) နောက်မကျပါနှင့် (Don’t be late)

အလုပ်သို့နောက်ကျရောက်ခြင်းသည် ကိစ္စတစ်ရပ်ဖြစ်သည်။ ကျွန်မတို့ ထိုနောက်ကျခြင်းသည်မကောင်းဟု သိကြသည်။ သို့သော်အစည်းအဝေးများ၊ သို့မဟုတ် နေ့လယ်စာစားရန် ချိန်းဆိုထားခြင်းသို့ ပုံမှန်အားဖြင့် နောက်ကျရောက်ခြင်းသည် အမှန်တကယ်ပင် အယောင်အဆောင် အထက်စီးဆန်မှုဖြစ်သည် (ဟုတ်သည်၊ ကျွန်မပြော ပြီးပြီ)။ နောက်ကျခြင်းအားဖြင့် ‘ကျွန်တော့် အချိန်က ခင်ဗျားတို့ အချိန်ထက် ပိုပြီးတန်ဖိုးရှိတယ်’ ဟု ဆိုလိုသည်။ တစ်ခါတစ်ရံ မတော်တဆ အရေးပေါ်ဖြစ်ခြင်းကြောင့် နောက်ကျခြင်းအတွက် တောင်းပန်ပါက ယင်းသည် ကွဲပြားမှုရှိသည်။ ‘ဆောရီးပဲ။ ကျွန်တော် ဖုန်းတစ်ခု ပြောနေရလို့ နောက်ကျသွားတယ်’ အလေ့အထအရ နောက်ကျတတ်သူ တစ်ဦးအနေဖြင့်တော့ အခြားသူများထံ လေးစားမှုမရှိခြင်းဆိုသည့်အာဘော်ကို ပို့လွှတ်နေသည်။

(၃) သူများအတွက်အဆင်မပြေသည့်နေ့ကိုမနှောင့်ယှက်ပါနှင့် (Let people have a bad day)

တစ်ခါတစ်ရံ ကျွန်မတို့အဆင်မပြေသည့်နေ့၊ အေးဆေးသောနေ့၊ သို့မဟုတ် အာရုံများသောနေ့ဟူ၍ ရှိကြသည်။ ထိုနေ့တွင် ကျွန်မတို့သည် ပုံမှန်လှုပ်ရှားမနေပါ။ သင့်အနေဖြင့် လူတစ်ယောက်ကို လမ်းမှာရပ်ပြီး ‘အင်း… ခင်ဗျားကိုကြည့်ရတာ အဆင်မပြေဘူးထင်တယ်’၊ သို့မဟုတ် ‘ခင်ဗျားတစ်ခုခုဖြစ်နေလား’၊ သို့မဟုတ် ‘ခင်ဗျားမှာ ဘာပြဿနာရှိနေလဲ’ ဟု မေးမည့်အစား ထိုသူအား သူ၏ပုံမှန်ကွဲပြားသောနေ့ကို သီးသန့်ခံစားပါစေ။ ဖော်ပြပါမေးခွန်းများသည် ဂရုစိုက်သယောင်ရှိသော်လည်း လက်ခံနားထောင်ရသူအဖို့ စိတ်အနှောင့် အယှက်ဖြစ်သည်။ သင့်မေးခွန်းများမှ သက်ရောက်သွားသော အဓိပ္ပာယ်မှာ ‘ခင်ဗျား အမူအရာကို ကျွန်တော်သိပ်မကြိုက်ဘူး’၊ သို့မဟုတ် ‘ခင်ဗျားအပြုအမူက ကျွန်တော့်ကို ကသိကအောက် ဖြစ်စေတယ်’ ဟု သဘောရသည်။ သင် မည်သို့ ဆင်ခြေပေးပေး သင့်မေးခွန်းသည် ထိုသူ၏ အပြုအမူကြောင့် ကသိကအောက် ဖြစ်ခြင်းကို အရင်းခံသည်။ သူ့ကို နှစ်သိမ့်ရန် ရည်ရွယ်ချက် မရှိပါ။ သင့်မေးခွန်းများကြောင့် မူလကပင် ဖိစီးမှုဖြင့် ဗျာများနေသူအား ‘ရပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်။ ဂရုတစ်စိုက် မေးတာကို ကျေးဇူးပဲ’၊ သို့မဟုတ် အခြား ယဉ်ကျေးသည့်စကားရပ်တစ်ခုဖြင့် အတင်းအကျပ်တုံ့ပြန်ခိုင်းရာ ရောက်သည်။ ယင်းသည် သူ၏ ဖိစီးမှုကို ပိုများစေသည်။

(၄) ကျွန်တော်တို့သတိပြုမိလိုက်တယ် (We noticed)

သင် နှာပိတ်ခြင်းကို ရှင်းထုတ်ရန် ကျယ်လောင်စွာနှာမှုတ်ခြင်း၊ ကျယ်လောင်စွာသမ်းဝေခြင်း၊ မသိမသာလေတက်ခြင်းတို့ပြုလုပ်မိပါသလား။ မသိကျွံပြုမည့်အစား ‘စိတ်မရှိပါနဲ့’ ဟု ပြောလိုက်ခြင်းသည် အမြဲတမ်းအတွက် အဆင်ပြေပါသည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts